ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးကို မကြာခဏဆိုသလို ပြန်လည်စဉ်းစားမိပါတယ်။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်မီ ပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့၊ ဖြစ်ချင်နေတာကိုး။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါလို့ ဦးလေးတစ်ယောက်က ပရော်ဖက်ဆာကြီးလို့ ခေါ်ရင်လည်း သဘောကျမိတာပါပဲ။
ဒါပေမယ့် ပညာရေးမှာ အချို့သော သူငယ်ချင်းများလို ကံသိပ်မကောင်းခဲ့ပါဘူး။ ခေတ်၊ စနစ်တွေကို အပြစ်တင်ပြီး မကြိုးစားရင် ကိုယ်ပဲနောက်ကျကျန်ခဲ့မှာမို့၊ ဒါတွေကို ချဲ့ထွင် မပြောချင်ပေမယ့်၊ အဆင့်အတန်းမီ ပညာရေးစနစ် နယ်ပယ်မှာ ကျင်လည်ချင်တာကတော့ အမှန်ပါပဲ။
ဒါပေမယ့်လည်း အမှန်တကယ် ပြောရရင် ဘ၀မှာ ကြိုးစားချင်စိတ် ပေါ်လာပြီး၊ အတိုင်းအတာ တစ်ခုအထိ ကြိုးစားခဲ့တာ (၁၀) တန်းအောင်ပြီး လောက်မှပါ။ (၁၀) တန်းအောင်ပြီးမှ ဘ၀ နဲ့ ပညာရေးကို ပိုတန်ဖိုးထားတတ်လာတယ် ဆိုပါတော့။
ကျွန်တော် ၁၉၉၆ မှာ (၁၀) တန်းအောင်တော့လည်း သာမန်အဆင့်လောက်နဲ့ပါပဲ။ ရှားရှားပါးပါး မြန်မာစာဂုဏ်ထူး ထွက်ပါတယ်။ သိပ္ပံဘာသာတွဲကို (၇၂) မှတ်နဲ့ ဂုဏ်ထူး ကပ်ပြုတ်ပါတယ်။ ကျန်တဲ့ဘာသာတွေကတော့ သာမန်အမှတ်လောက်ပါပဲ။
(၁၀) တန်းအောင်ပြီး ၁၉၉၇ ခုနှစ်ဝန်းကျင် သူငယ်ချင်းအများစု နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့ အသီးသီး မြန်မာပြည်က ထွက်သွားကြတော့၊ ကိုယ့်ဘ၀အတွက် စပြီးတော့ အလေးအနက် တွေးမိလာပါတယ်။ ဘ၀ရှေ့ရေးအတွက် ဘာလုပ်မလဲ၊ ဘာဖြစ်ချင်သလဲပေါ့။
ကျွန်တော့်သူငယ်ချင်း အများစုက ငွေကြေးချမ်းသာ ပြည့်စုံကြတယ်။ သူတို့ လုပ်ချင်တာ လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော့်မှာ သူတို့လောက် အခြေအနေ၊ အခွင့်အရေး မပေးပါဘူး။ မိဘများကို အတင်းအကျပ် ပြောရင်တော့ စင်ကာပူ၊ ပေါ်လီ လောက်တော့ ဖြစ်သွားနိုင်ပေမယ့် ကိုယ့်ကြောင့် မိဘ၊ မောင်နှစ်မများကိုလည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် အတင်းအကျပ် တောင်းဆိုမှုမျိုးတွေလည်း မလုပ်ခဲ့ပါဘူး။
ဒါကြောင့် အဲ့ဒီအချိန်က ကိုယ်ဝါသနာပါရာ လုပ်ငန်းခွင်ထဲကို ၀င်ရောက်ဖို့သာ သင့်တော်သော ဆုံးဖြစ်ချက်ဖြစ်လာပြီး၊ ထိုက်သင့်သော ကြိုးစားအားထုတ်မှုများနဲ့ အသက်(၁၉) နှစ် အရွယ်မှာ အချိန်ပြည့် လုပ်ငန်းခွင်ထဲ စတင်ရောက်ရှိခဲ့တယ် ဆိုပါတော့။ ဒီတော့ အကျိုးဆက်က ပညာရေးနဲ့ပတ်သက်ရင် ရွေးချယ်ပိုင်ခွင့်က အတိုင်းအတာ တစ်ခုအထိ limited ဖြစ်သွားပါတယ်။
ကိုယ်တက်ချင်တဲ့ ဘာသာက နိုင်ငံတကာဆက်ဆံရေးလိုမျိုး၊ ဒီဘာသာက အဝေးသင်မှာ မရှိ။ ဒီလိုနဲ့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆရပြီး၊ အဖေတိုက်တွန်းတဲ့ ဥပဒေကို ယူဖြစ်သွားပါတယ်။ ဒါကျွန်တော့်ဘ၀ နဲ့ ဥပဒေ စတင်ပတ်သက်မှုပေါ့။
(၅) နှစ်တာ သင်ယူရတဲ့ ဥပဒေ (အဝေးသင်) ကျောင်းသားဘ၀မှာလည်း အလုပ်တစ်ဖက်ကြောင့် ဘွဲ့သာရတယ် စာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ နှစ်စဉ်နှစ်တိုင်း အနီးကပ်တက်၊ စာမေးပွဲအောင်ဖို့ အနီးကပ်ကျူရှင်တက်၊ စာမှန်မှန်ကျက်ပြီး ဘွဲ့တော့ ရသွားပါတယ်။ တစ်ကယ်တတ်သလားမေးရင် ယခုအချိန်အထိ မတတ်ဘူးလို့သာ ၀န်ခံရမှာပါ။
အဲ အဝေးသင် ငါးနှစ်တက်တုန်း၊ သူများထက် အနည်းငယ် ပိုအားထုတ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တာကတော့ သူများတွေလို အလွယ်လမ်းမလိုက်ဘဲ စာကို တကယ့်ကို ကျက်မှတ်ခဲ့ပါတယ်။ (နောက်ဆုံးနှစ်နဲ့ ပတ်သက်လို့တော့ ပြောစရာတွေရှိလို့ နောက်မှ သီးခြားပြောပြာတာပေါ့။)
ဥပဒေ (အဝေးသင်) မှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့၊ ဂုဏ်ထူးရဖို့ အခြားသော ဘာသာရပ်များနဲ့စာရင် အတော့်ကို ခဲယဉ်းပါတယ်။ ကျွန်တော်မှတ်မိသလောက် နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးထွက်ကျောင်းသား (၁၀) ယောက်ထက် မပိုဘူးလို့ ထင်ပါတယ်။ ဂုဏ်ထူးလိုချင်ရင် အလွတ်ကျက်စာများသာမက မိမိရဲ့ထင်မြင်သုံးသပ်ချက်များ ကို အတိုင်းအတာတစ်ခုထိ ဆီလျော်အောင် ရေးသားပါမှ ရပါတယ်။
ဒီလိုနဲ့ ကျွန်တော်အမြဲတမ်း ပြောလေ့ရှိသလို ကျွန်တော့်ရဲ့ဘ၀မှာ အခြားသော သူငယ်ချင်းများနဲ့ယှဉ်ရင် တက္ကသိုလ်ကျောင်းသား ဘ၀ ပီပီပြင်ပြင် မခံစားခဲ့ရပါဘူး။ အမြဲတမ်း လိုချင်ခဲ့တဲ့ University Life မရှိခဲ့ဘူးလို့ ဆိုရမှာပေါ့။
လုပ်ငန်းခွင်ထဲမှာ အချိန်ပြည့် (၁၀) နှစ်ခန့် လှုပ်ရှားရုန်းကန်အပြီး၊ အသက် (၂၉) နှစ်အရွယ်ရောက်တော့ မှ ကျွန်တော်ပညာရေးဘက် ခြေဦးပြန်လှည့်ခဲ့မိပါတယ်။ ဂျပန်နိုင်ငံမှာ မဟာဘွဲ့ ဆက်တက်ဖြစ်တယ်၊ ဆက်တက်နေတယ် ဆိုပါတော့။
တကယ်သွားချင်တာက ကမ္ဘာကျော် အမေရိကန် တက္ကသိုလ်များပေါ့။ နောက်ဆုံး အခြေအနေ အမျိုးမျိုးကြောင့် ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ကျွန်တော်လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို ရပြီပေါ့။ အရွယ်လွန်မှ ရတယ်လို့ ဆိုရင်လည်း မမှားဘူးလို့ ပြောရမှာပါပဲ။
အဲဒီတော့ ရွေးချယ်ခဲ့တဲ့ ဂျပန်နိုင်ငံက ဘွဲ့လွန်ပညာရေးနဲ့ပတ်သက်ပြီး ကောင်းတာ၊ ဆိုးတာတွေ ကိုယ့်အတွေ့အကြုံအရ ချိန်ဆတွေးနေမိတာတွေ အများကြီးပါပဲ။ နောက်ပို့စ်များမှာ ဆက်လက်ဆွေးနွေးကြတာပေါ့ဗျာ။
Saturday, September 12, 2009
Subscribe to:
Post Comments (Atom)
“ခေတ်၊ စနစ်တွေကို အပြစ်တင်ပြီး မကြိုးစားရင် ကိုယ်ပဲနောက်ကျကျန်ခဲ့မှာမို့၊ ဒါတွေကို ချဲ့ထွင် မပြောချင်ပေမယ့်၊ အဆင့်အတန်းမီ ပညာရေးစနစ် နယ်ပယ်မှာ ကျင်လည်ချင်တာကတော့ အမှန်ပါပဲ။” အမှန်ပဲ အကိုလုံး။ ငသော်လည်း ကျောင်း၅နှစ်တက်ခဲ့ပေမယ့် အဆင့်အတန်းမီ သင်ကြားခဲ့ရတယ်လို့ မခံစားရပါဘူး။ ကျက်အောင်ပဲများတယ်။
ReplyDeleteနောက်တခု တက္ကသိုလ်ကျောင်းသားဘဝရဲ့အခွင့်အရေးကို အပြည့်အဝရတယ်လို့ မခံစားရပါဘူး။
“အသက်(၁၉) နှစ် အရွယ်မှာ အချိန်ပြည့် လုပ်ငန်းခွင်ထဲ စတင်ရောက်ရှိခဲ့တယ် ဆိုပါတော့။“လေးစားတယ်အကို။ ငသော်က အဲအရွယ်မှာ ကျောင်းတက်ကောင်းတုန်း။
လုပ်သက်၁၀နှစ်လောက်ဆိုတော့ လုပ်ငန်းခွင်မှာ အတော်အခြေကျနေတဲ့ အနေအထားပဲ။ ဒီလိုအနေအထားမှာ
စိတ်ဖြတ်ပြီးပညာရေးဘက်ကို လှည့်လိုက်နိုင်တာ အကိုကစိတ်အတော် ပြတ်ပုံရတယ်။ ပြောမိတာ ကိုယ်ရေးကိုယ်တာဆန်သွားရင် ခွင့်လွှတ်ပါ။
“အရွယ်လွန်မှ ရတယ်လို့ ဆိုရင်လည်း မမှားဘူးလို့ ပြောရမှာပါပဲ။ ” အရွယ်လွန်တယ်ဆိုတာကိုတော့ လက်မခံပါဘူး။အကို့ထက်အသက်ကြီးတဲ့လူတွေ အများကြီးရှိပါတယ်။
ငသော်က ဒီကို အလုပ်နဲ့ ရောက်လာတာပါ။ ကျောင်းပြီးလို့ မကြာခင် ရောက်လာတာဆိုတော့ အလုပ်အတွေ့အကြုံလုံးဝမရှိပါ။ အခု၂နှစ်ကျော်လောက်ရှိပေမယ့် အခြေကျတယ်လို့ မခံစားရသေးပါဘူး။ အဆင်ပြေလိုက်။မပြေလိုက်နဲ့ ပါပဲ။ စကားမစပ် ငသော်မှာ အကိုတယောက်ပဲရှိပါတယ်။ ကိုကြီးနှင့် အကိုလုံးနဲ့က အသက်အတူတူပဲဗျ။ ပါဆင်နယ်ဆန်ရင်ခွင့်လွှတ်ပါ။
မြန်မာစာဂုဏ်ထူးရတာ လေးစား၏။
ReplyDelete