Friday, November 26, 2010

ဂျပန် လူငယ်ဘ၀၊ အချစ်၊ အလွမ်း၊ ဆန်းကြယ်မှုတွေကို ထင်ဟပ်တဲ့ Murakami ၀တ္ထုများ မိတ်ဆက်


(Haruki Murakami ရဲ့ Norwegian Wood ၀တ္ထုစာအုပ်)

ဂျပန်နိုင်ငံမှာ ရောက်နေပြီး၊ ဘယ်လောက်ပဲ သူတို့ဝန်းကျင်မှာ လှုပ်ရှားသွားလာ လုပ်ကိုင်နေပါစေ၊ ဂျပန်စကားကို လိပ်ပတ်လည် အောင် မပြောနိုင်၊ ဂျပန်စာလည်း ကောင်းကောင်း မဖတ်တတ်၊ နောက် ဂျပန်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပေါင်းသင်းမှု (socialize) မလုပ်ရင် ဂျပန်တွေရဲ့အကြောင်း ကောင်းကောင်း သိဖို့ မလွယ်ပါဘူး။ ဂျပန်မှာ လက်ရှိရောက်နေခိုက်မို့ ဂျပန် ဥပမာ ပေးလိုက်ပေမယ့် အခြားနိုင်ငံများမှာလည်း ယေဘုယျအားဖြင့် အတူတူပါပဲ။

ကျွန်တော်လည်း ဂျပန်စာကို အသက်ကယ် အဆင့် (survival Japanese) လောက်သာ လေ့လာထားတာမို့၊ သူတို့အကြောင်း သိအောင် အခြားနည်းလမ်းတွေ ရှာဖွေရပါတယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ အချိန်ရရင် ရသလို၊ ဂျပန်နဲ့ပတ်သက်တဲ့ စာအုပ်စာပေတွေ၊ ရုပ်ရှင်တွေ ရှာဖွေဖတ်ရှု၊ ကြည့်ရှုခြင်းပါပဲ။ ဒီလိုလေ့လာစူးစမ်းရင်းနဲ့ ကျွန်တော်သဘောကျ နှစ်သက်တဲ့ ဂျပန်စာရေးဆရာ တစ်ယောက် ရလာပါတယ်။ သူကတော့ Haruki Murakami ပါ။


(ကိုယ်ပိုင် Murakami စာအုပ်အချို့)

ဂျပန်မှာ ဘယ်စာအုပ်ဆိုင် ကိုသွားသွား အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ သူ့ရဲ့ စာအုပ်တွေကို တွေ့ရပါတယ်။ ကျောင်းစာကြည့်တိုက်က နိုင်ငံခြားသား ကျောင်းသားတွေ ဖတ်ဖို့ ညွှန်းထားတဲ့ စာအုပ်စင် (International Students' Corner) မှာလည်း သူ့စာအုပ်တွေ ရှိပါတယ်။ ဒါကြောင့် သူ့စာအုပ်အချို့ကို မြည်းစမ်းကြည့်ခွင့်ရခဲ့တယ်။ သူ့စာအုပ်အချို့ကို ဖတ်မိအပြီးမှာ သဘောကျတာကြောင့် မိတ်ဆက်ပေးချင်တာပါ။


(ကျောင်း စာကြည့်တိုက်က International Students' Corner)

ကျွန်တော်အနေနဲ့ တစ်ခါမှ မဖတ်ဖူးသေးတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာကို စဖတ်မယ်လို့ စိတ်ကူးရင် သူ့ရဲ့ နာမည်အကြီးဆုံး စာအုပ်ကို အရင် ဖတ်လေ့ရှိတယ်ဗျ။ ကိုယ်တွေ့အရ အချို့သော အင်္ဂလိပ်ဝတ္တု (fiction) စာရေးဆရာတွေက စာအုပ်တိုင်းမှာ မကောင်းဘူးဗျ။ မဆွဲဆောင်နိုင်ဘူး။ ကိုယ် ဘာသာစကား အားနည်းတာလဲ ပါတာပေါ့ဗျာ။

ဒါကြောင့် fiction တွေဖတ်မယ်ဆိုရင် အချိန်လည်း မကုန်ရအောင် သူတို့ရဲ့ နာမည်အကြီးဆုံး စာအုပ်ကို အရင်ရှာဖတ်ပါတယ်။ ဒီနည်းက နာမည်ကြီးစာအုပ်ကို မြည့်စမ်းဖူးသွားသလို၊ ဒီစာရေးဆရာက ဘယ်လိုအကြောင်းအရာမျိုးကို ရေးတတ်တဲ့ စာရေးဆရာလဲ ဆိုတာကိုပါ ယေဘုယျ ခွဲခြားနိုင်သွားတာပေါ့။ သူ့အရေးအသားနဲ့ ဇာတ်လမ်းကို ကြိုက်ရင် နောက်ပိုင်း ဆက်ဖတ်၊ မကြိုက်ရင် ရပ်လိုက်ရုံပါပဲ။

ကျွန်တော် ပထမဦးဆုံး ဖတ်ခဲ့တဲ့ Murakami ရဲ့ ၀တ္ထုက Kafka on the Shore ပါ။ ဂျပန် ရောက်ခါစက ဖတ်ခဲ့တာပါ။ သူ့ရဲ့ နာမည်အကြီးဆုံး ၀တ္ထုလို့လည်း ညွှန်းကြပါတယ်။ အိမ်ပြေးလူငယ်လေး တစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရေးထားတာပါ။ အတိအကျ မမှတ်မိတော့ပေမယ့် ဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ Murakami ရဲ့ အရေးအသားမှာ ဂျပန် လူငယ်တွေရဲ့ ဘ၀ကို ထင်ဟပ်ထားတာ၊ အချစ်၊ အလွမ်း ခံစားချက်တွေကို ပီပီပြင်ပြင် ရေးဖွဲ့ရုံတင်မက လိင်မှုဆိုင်ရာ ရေးသားချက်တွေကလည်း အတော်ပဲ ပွင့်လင်းတာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဆင်ဆာထိမှာ အသေအချာပါ။

ကျွန်တော်ဖတ်ရတဲ့ Murakami ရဲ့ ၀တ္ထုတွေ အားလုံးက ဘာသာပြန်တွေပါ။ ဟားဗတ်တက္ကသိုလ် (Harvard University) လို ကမ္ဘာကျော်တက္ကသိုလ်တွေမှာ ဂျပန်စာပေ၊ ဘာသာစကားကို အထူးပြုလေ့လာ၊ ကျွမ်းကျင်ကြတဲ့ ပါမောက္ခများက ဂျပန်ဘာသာကနေ ဘာသာပြန်ဆို ထားကြတာပါ။ ဒါကိုတောင်
ကျွန်တော့်ရဲ့ ဂျပန်လူမျိုး ပါမောက္ခတွေ၊ သူငယ်ချင်းတွေက "တချို့ဘာသာပြန်မှုတွေက ဆိုလိုရင်း မရောက်ဘူး၊ တချို့ဂျပန်စကားလုံးတွေဟာ အင်္ဂလိပ်လို ဘာသာပြန်ဆိုလို့ မရနိုင်ဘူး" လို့ စောဒဂတက် ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်လို ဂျပန်စာ မတတ်သူ (Japanese language illiterate) အတွက်ကတော့ ဒီလို ဘာသာပြန်ဆိုမှု တွေကြောင့် ဂျပန်ဝတ္ထုတွေနဲ့ ရင်းနှီးခဲ့ရလို့ ကျေးဇူးတင်ရမှာပါ။

Murakami ရဲ့ အချို့ဝတ္ထုတွေက အတော်ထူပေမယ့် အချို့ဝတ္ထုတွေကတော့ ခပ်ပါးပါး၊ ခပ်တိုတိုပါပဲ။ ကျွန်တော်ဖတ်ဖြစ်ခဲ့တဲ့ ၀တ္ထုတွေ ထဲက After the Quake နဲ့ After Dark ဆိုရင် ဇာတ်လမ်းက ခပ်တိုတိုပါပဲ။ ဒါပေမယ့် စာဖတ်သူကို အတော် ဆွဲဆောင်နိုင်ပါတယ်။

မှတ်မိသလောက် ပြန်ပြောရင် After the Quake က ၁၉၉၅ ခုနှစ်က ဂျပန်နိုင်ငံမှာ လှုပ်ခဲ့တဲ့ ကမ္ဘာကျော် ကိုဘေးငလျင် (Kobe Earthquake) ကို အခြေခံပြီး ရေးထားတာပါ။ ကိုဘေးငလျင် လှုပ်တုန်းက ကျွန်တော်က (၁၀) တန်းကျောင်းသား ဆိုတော့ မှတ်မှတ်ရရ ရှိနေပါတယ်။ ဒီဝတ္ထု ဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မြန်မာ့အသံက ငလျင်သတင်းကိုတောင် ပြန်မှတ်မိသွားတယ်။ ဒါကြောင့် ဒီဝတ္ထုဖတ်အပြီးမှာတော့ ကိုဘေးကို မကြာခဏ ရောက်ခဲ့ပေမယ့်လည်း၊ မသွားဖြစ်ခဲ့တဲ့ ကိုဘေးငလျင်ပြတိုက် (Kobe Earthquake Museum) ကို အရောက်သွားခဲ့တယ်။ အတော် ဗဟုသုတရပါတယ်။ ဂျပန်ရောက် မိတ်ဆွေများ မရောက်သေးရင် သွားဖို့ ကြုံတုန်း တိုက်တွန်းလိုက်ပါတယ်။


(ကိုဘေးငလျင်ပြတိုက် - Kobe Earthquake Museum)


(ငလျင်လှုပ်ခဲ့တဲ့ ၁၉၉၅ ခုနှစ် နဲ့ ကိုဘေးငလျင်ပြတိုက်)

After Dark ကတော့ တိုကျိုက တစ်ညတာ အဖြစ်အပျက်ကို ရေးထားတာပါ။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး အချစ်ဟိုတယ် (Love Hotel) အကြောင်းလည်း ထည့်သွင်းရေးထားလို့၊ ကိုယ်တိုင်မရောက်ဖူးသေးရင် စာအုပ်ထဲကနေ အရောက် သွားနိုင်ကြပါတယ်။

Murakami ရဲ့ မကြာသေးခင်ကမှ ဂျပန်ဘာသာနဲ့ ထုတ်ခဲ့တဲ့ 1Q84 ဆိုရင် ဂျပန်မှာ ကြိတ်ကြိတ်တိုး ၀ယ်ယူခဲ့ကြပြီး၊ နှစ်ပတ်အတွင်း မှာတင်ပဲ အုပ်ရေ တစ်သန်း ရောင်းရတယ်လို့ The Japan Times သတင်းစာက ဆိုပါတယ်။


(The Japan Times သတင်းစာပါ 1Q84 စာအုပ်အညွှန်း)

Kafka on the Shore လို နောက်ထပ် နာမည်ကြီးတဲ့ စာအုပ်ကတော့ ၁၉၈၇ မှာထုတ်ခဲ့တဲ့ Norwegian Wood ပါ။ ဒီစာအုပ်ကြောင့် Haruki Murakami ဆိုတဲ့ နာမည်တစ်လုံး ရပြီး၊ ထင်ရှားကျော်ကြား လာတာပါ။ ဂျပန်ပြည်တွင်းမှာတင် အုပ်ရေ (၁၀) သန်း နဲ့ နိုင်ငံရပ်ခြားမှာ ဘာသာပြန်ဆိုပြီး အုပ်ရေ (၂) သန်းကျော် ရောင်းပြီးပြီတဲ့ဗျ။

မြန်မာ့လူဦးရေရဲ့ နှစ်ဆကျော် ရှိတဲ့၊ ဂျပန်လူမျိုးတွေရဲ့ စာဖတ်အားကို ဒီနေရာမှာ အသိအမှတ်ပြု ရမယ်ဗျ။ မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှာ စာအုပ်တစ်အုပ် (၀တ္ထု ပဲဖြစ်ဖြစ်၊ ၀တ္ထုမဟုတ်သော စာပေပဲ ဖြစ်ဖြစ်) ကို အုပ်ရေ ထောင်ဂဏန်း၊ သောင်းဂဏန်း ကုန်ဖို့၊ ထုတ်ဝေနိုင်ဖို့ မနည်း ကြိုးစားရကြောင်း ကြားရတာဟာ ကျွန်တော်တို့တွေ စာဖတ်နည်းနေ သေးကြောင်း နဲ့ ဆုတ်ယုတ်မှုကို အထင်အရှား ပြတာပါပဲ။

Norwegian Wood ကတော့ ရုပ်ရှင်အဖြစ် မကြာခင် မှာကြည့်ရတော့မှာပါ။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာကတော့ ရိုက်ကူးခွင့်ရဖို့ Murakami နဲ့ လေးနှစ်ကြာ ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။


(မကြာခင် ကြည့်ရတောမယ့် Norwegian Wood ရုပ်ရှင်)

စာရေးဆရာနဲ့ မိတ်ဆက်ရရင်၊ Murakami ကို ၁၉၄၉ ခုနှစ်မှာ ကျိုတိုမှာ မွေးခဲ့ပြီး၊ အခုလက်ရှိ တိုကျိုနားမှာ နေတယ်လို့ ဘာသာပြန်စာအုပ်တွေရဲ့ အစမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့စာအုပ်တွေကို ဘာသာစကားပေါင်း (၄၀) ကျော်ဘာသာပြန်ဆို ပြီးပြီ်လို့လည်း ဆိုတယ်ဗျ။ (ဆင်ဆာလွတ်ရင်တော့ ကျွန်တော်လည်း သူ့စာအုပ်တွေကို ဘာသာပြန် ချင်ပါသေးတယ်။)

သူ့ကို စာပေဝေဖန်ရေး ပုဂ္ဂိုလ်များက စာပေ နိုဘယ်လ်ဆု (Noble Prize) ပေးဖို့အထိတောင် ထောက်ခံရေးသားပြီး၊ တချိန်မှာ ရဖို့ အလားအလာ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Murakami ဟာ ၀တ္ထုရေး စာရေးဆရာ သက်သက်တော့ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်စာအုပ် အပါအ၀င်Truman Capote, John Irving စတဲ့ ကမ္ဘာကျော် စာရေးဆရာ အချို့ရဲ့ စာအုပ်တွေကိုလည်း ဂျပန်ဘာသာကို ပြန်ဆိုခဲ့ပါသေးတယ်။


(Haruki Murakami)

Murakami ရဲ့ ၀တ္ထုတွေဟာ ဂျပန်လူငယ်တွေရဲ့ သဘော သဘာဝကို ထင်ဟပ်တယ်။ လျှို့ဝှက်ဆန်းကြယ်တယ်။ ၀တ္ထုဆိုပေမယ့် ဂျပန်နိုင်ငံကို နောက်ခံထား ရေးသားထားလို့ ဂျပန်အကြောင်းလည်း ပိုသိရပါတယ်။ နောက် ကိုယ်လှုပ်ရှားသွားလာနေတဲ့ ၀န်းကျင်နေရာတွေ (ဥပမာ၊ ဂျပန်က နာမည်ကျော် စားသောက်ဆိုင်တွေ၊ စုရပ်ဘူတာတွေက အစ) ကို နာမည်နဲ့တကွ ထည့်သွင်းရေးထားလို့ ဂျပန်ရောက် မိတ်ဆွေများ စိတ်ဝင်စားမယ် ထင်ပါတယ်။

နောက်ဆုံးအချက်ကတော့ အင်္ဂလိပ်လို ဘာသာပြန်ရာမှာ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ ပြန်ဆိုထားလို့ နားလည်လွယ်ပြီး၊ စာဖတ်သူတွေကို အင်္ဂလိပ်စာ တိုးတက်စေမှာ မလွဲပါဘူး။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်း မိတ်ဆွေများ အလုပ်ခွင်တာဝန်တွေ၊ ကျောင်းစာတွေ၊ ဒါမှမဟုတ် ၀တ္တုမဟုတ်တဲ့ (non-fiction) စာအုပ်တွေ ဖတ်ပြီး ခေါင်းရှုပ်နေခဲ့မယ် ဆိုရင်တော့ Murakami ရဲ့ ၀တ္ထုတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရင်း အပျင်းပြေ၊ ပညာရဖို့ ညွှန်းလိုက်ပါတယ်ဗျာ။

Lonetone
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

(ဒီပို့စ် ရေးအပြီးမှာပဲ (ဆရာ) မြတ်သစ် ဘာသာပြန်ထားတဲ့ Murakami ရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို စကားဝါမြေ (မြန်မာ ebooks ဆိုဒ်) မှာ တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့ပါတယ်။ စိတ်ဝင်စားသူများ ကိုယ်တိုင်ရှာဖွေ ဖတ်ရှုနိုင်ကြောင်းပါ။)

Saturday, September 25, 2010

သူငယ်ချင်းများ (၁)...ဂျပန်သူငယ်ချင်း တစ်ယောက် အကြောင်း

ဂျပန်မှာ ခင်မင်သွားတဲ့ နိုင်ငံတကာ နဲ့ ဂျပန် သူငယ်ချင်းတွေ အကြောင်းကို သူငယ်ချင်းများ ဆိုတဲ့ ပို့စ်ခေါင်းစဉ်အောက်မှာ ရေးသွားဖို့ စိတ်ကူးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးဟာ ကျွန်တော် ဂျပန်မှာ ရှိနေစဉ် ကျွန်တော်ကို တနည်းနည်းနဲ့ စေ့ဆော်မှု တွေပေး (motivate လုပ်) တယ်။ သူတို့တွေဟာ ကျွန်တော့်ရဲ့ တွေးခေါ်စဉ်းစားမှုတွေကို အတိုင်းအတာတစ်ခု အနေနဲ့ ပြောင်းလဲစေ တယ်။ ကျွန်တော့်ကို ပိုမို ရင့်ကျက်စေတယ်။ သူတို့တွေဟာ ကျွန်တော့်ကို တနည်းတဖုံ ပုံဖော်ပေးသူ (shape လုပ်ပေးသူ) တွေ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းတွေ အကြောင်းတွေကို ပေါ့ပေါ့ပါးပါးပဲ ရေးဖို့ ရည်ရွယ်ထားလို့ ပေါ့ပေါ့ပါးပါးသာ ဖတ်ကြပါဗျာ။

သူငယ်ချင်းများ...(၁)

ဒီနေ့ ညနေ ကွန်ပြူတာထဲက ဖိုင်တွေကို စနစ်တကျ စီစဉ် (arrange လုပ်) နေတုန်း ဂျပန်သူငယ်ချင်း တစ်ယောက်ဆီက ဖုန်းလာပါ တယ်။ သူက ကျွန်တော့်ကို...
(လုံးတုံး) ရေ၊ မင်း အားလား၊ အားရင် နောက် နာရီဝက်အတွင်း ငါ မင်းအိမ် ခဏ လာချင်တယ်
လို့ ဆိုလာပါတယ်။ ကျွန်တော်လည်း ဒီနေ့အထွေအထူး အစီအစဉ် မရှိလို့ လာခဲ့ဖို့ ပြောလိုက်ပါတယ်။ တဆက်တည်း ဒီသူငယ်ချင်း ရှန်ဟိုင်းမှာ internship ဆင်းနေတာ သိထားတော့ သြော်...ဒီကောင်တောင် တစ်လလောက် ကြာမယ်ပြောပြီး၊ ပြန်ရောက်တာ တယ်မြန်ပါလားလို့ တွေးလိုက်မိပါတယ်။

မကြာခင် ရောက်လာပြီးတော့ ကျွန်တော့်ကို ရှန်ဟိုင်းပြန် လက်ဆောင်တွေ ပေးပါလေရော။ ရှန်ဟိုင်းက မုန့်တစ်ဗူးနဲ့ မလုံတလုံ ကောင်မလေးပုံတွေပါတဲ့ ဖဲထုပ် တစ်ထုပ်ပါ။ ဒီကကောင်ကလည်း သိပ်မကြိုက်ရှာဘူး သွားကိုဖြီးလို့ပေါ့။ ဒီဖဲထုပ်နဲ့သာ ရန်ကုန်က သူငယ်ချင်းတွေနဲ့ ဆော့လိုက်ရင် ဒီကောင်တွေလည်း ကျွန်တော့်လို ဖြီးနေမှာ မြင်ယောင်မိလို့ပါ။ :P ဒီဂျပန်သူငယ်ချင်းက ပြီးခဲ့တဲ့ နှစ်က ဆွီဒင်ကို သွားလည်ပြီး အပြန်မှာလည်း ကျွန်တော့်ကို ဆွီဒင်က souvenir တွေ ပေးဖူးပါသေးတယ်။

ကျွန်တော်လေ့လာမိတဲ့ ဂျပန်တွေရဲ့ နှစ်သက်ဖွယ်ရာ ဓလေ့တစ်ခုက ပြည်တွင်း ပဲဖြစ်ဖြစ်၊ ပြည်ပ ပဲဖြစ်ဖြစ် ခရီးတစ်ခုခု သွားပြီဆိုရင်၊ အပြန်မှာ ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေအတွက်၊ ကျောင်းသူကျောင်းသား ဆိုရင်တော့ အတန်းဖော် သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ဆရာသမား အတွက် ဒေသထွက်လက်ဆောင် သို့ စားစရာ (ဂျပန်အခေါ် အိုမိယာဂဲ omeyage - souvenir) ကို ၀ယ်စမြဲပါပဲ။


(Kyoto က omeyage (souvenir) ဆိုင်တစ်ခု)


(Okinawa က omeyage (souvenir) ဆိုင်တစ်ခု)

သူတို့အတွက်တော့ အိုမိယာဂဲဖိုး ယန်း ၁၀၀၀၊ ယန်း ၂၀၀၀ ဟာ အချိန်ပိုင်းအလုပ် ( ဂျပန်လို အာရုဗိုက်တို arubaito - part-time job) တစ်နာရီ၊ နှစ်နာရီ လုပ်ခနဲ့ ညီမျှတာကြောင့် တတ်နိုင်၊ ၀ယ်နိုင်ကြပေမယ့်၊ နိုင်ငံခြားသားကျောင်းသားတွေကတော့ သိပ်မ၀ယ်ကြပါဘူး။ နိုင်ငံခြားသားကျောင်းသားတွေ ခရီးသွားပြီး အိုမိယာဂဲ မ၀ယ်ကြရင်လည်း ဂျပန်တွေက အံ့သြကြပါတယ်။

ဒီဂျပန်သူငယ်ချင်းနဲ့ သူငယ်ချင်း စဖြစ်ပုံကိုလည်း ပြောပြချင်ပါတယ်။ သူနဲ့ဘယ်လိုစသိသလဲ ပြောဖို့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေရဲ့ ကျူတာ (tutor) အစီအစဉ်ကို အရင်ပြောပြဖို့ လိုပါတယ်။

ဂျပန်မှာ မဟာတန်း၊ ပါရဂူတန်း လာတက်ကြတဲ့ နိုင်ငံခြားသား ကျောင်းသားများကို တက္ကသိုလ်ရဲ့ သက်ဆိုင်ရာဌာနအသီးသီးက ရောက်ခါစမှာ လိုအပ်တာများ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကျူတာ (tutor) တွေ ခန့်ပေးပါတယ်။ ကျူတာတွေဟာ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ ကျောင်းသားတွေပါပဲ။

ဖြစ်ချင်တော့ ကျွန်တော့် ရောက်စ သုတေသနကျောင်းသားဘ၀မှာ သူငယ်ချင်းတွေ အသီးသီး ကျူတာတွေ ရသွားပေးမယ့် ကျွန်တော့်မှာ တစ်ယောက်မှ မရပါဘူး။ ဒါနဲ့ ပါမောက္ခတူ စီနီယာ (senior) ကို မေးကြည့်တော့ ကျွန်တော့်ဆရာက သူ့ကိုလည်း မဟာတန်း စတက်မှသာ ကျူတာပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သြော်...ဒါဆို ဆရာက ငါ့ကိုလည်း နောက်ပေးမှာပေါ့ဆိုပြီး ဆရာပေးမယ့် ရက်ကိုသာ စောင့်နေခဲ့ပါတယ်။

ဆရာပေးမယ့် ကျူတာကို စောင့်နေရင်း အမှတ်မထင် ကျွန်တော်တို့ တက္ကသိုလ်ရဲ့ student partnership program ကို ကြော်ငြာသင်ပုန်း (notice board) မှာ သွားတွေ့ပါတယ်။ အဲဒါကတော့ cross cultural exchange ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ လျှောက်ထားဖို့ပါပဲ။ နိုင်ငံခြားသားကျောင်းသားတွေ နဲ့ ဂျပန်ကျောင်းသားတွေ အချင်းချင်း ခင်မင်စေဖို့၊ သက်ဆိုင်ရာနိုင်ငံ၊ ယဉ်ကျေးမှု အကြောင်းတွေ ပိုမိုသဘောပေါက်စေဖို့ တွေ့ဆုံမိတ်ဆက်ပေးတဲ့ အစီအစဉ်ပါ။

စိတ်ဝင်စားလို့ လျှောက်ထားရင်းနဲ့ ဒီပို့စ်အစက ရေးသားခဲ့တဲ့ ဂျပန်သူငယ်ချင်းနဲ့ စတွေ့တာပါပဲဗျာ။ နိုဝင်ဘာမှာ လျှောက်ပြီး နောက်နှစ် ဇွန်လကျမှ ရတာပါ။ တက္ကသိုလ်က အများအားဖြင့် နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ဂျပန်ကျောင်းသူကျောင်းသားတွေနဲ့သာ တွဲဖက်ပေးပါတယ်။ အဖြူကောင်တွေဆိုရင်တော့ ဂျပန်မတွေက ဘယ်နိုင်ငံကဆိုပြီး အသီးသီး တောင်းဆိုသွားလို့ အရမြန်တယ် ဆိုပါတယ်။

ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှနိုင်ငံသားများ တခါတလေ အဲဒီလို ကြံဖန် မျက်နှာငယ်ပါတယ်။ ကျွန်တော်လည်း ဘယ်ကောင်မလေးနဲ့များ တွဲရမလဲ မှတ်တယ်...။ အစက ကျွန်တော့်ကို ဘွဲ့ကြို (undergraduate) တစ်ယောက်နဲ့ တွဲပေးမယ်ဆိုပြီး၊ နောက်မှ ဘယ်ကဘယ်လို အခု ချာတိတ်ဖြစ်သွားမှန်း မသိပါဘူးဗျာ။ နှစ်ယောက်စလုံးက ကောင်မလေး မျှော်မှန်းထားကြတာဆိုတော့...နောက်မှ ပြန်ပြောပြီး ရယ်ရပါသေးတယ်။

သူကို့စတွေ့တော့ မင်းမြန်မာအကြောင်း ဘာတွေသိသလဲ မေးမိတယ်။ သူပြန်ပြောတာက...ငါသိပ်တော့ မသိပါဘူး သိတာတစ်ခုက မင်းတို့ဘုရားက ဂေးတဲ့ဗျာ။ သူ့စကားလည်း ကြားရော ကျွန်တော့်မှာ လန့်ဖြန့်ပြီး ငိုရအခက်၊ ရယ်ရအခက်နဲ့ ဘယ်လို ပြန်ပြောရမှန်း တောင် မသိပါဘူးဗျာ။

ဒါနဲ့ သူငယ်ချင်းရေ သေသေချာချာ ရှင်းပြပါဦး ဆိုတော့မှ၊ ဖြစ်ပုံက သူက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းမှတ်တမ်း (documentary) တစ်ခု ကြည့်ဖူးတယ်လို့ ဆိုပါတယ်။ သူကြည့်ဖူးတာ တောင်ပြုံးပွဲလို နတ်ပွဲအကြောင်း ဖြစ်ဟန်တူပါတယ်။ အဲဒီနတ်ပွဲတွေမှာ ပါဝင်ကပြကြသူတွေ နဲ့ သူတို့ကို ပူဇော်ပသကြတဲ့ မြန်မာတွေအကြောင်း ရိုက်ပြထားတာကို မှတ်မိနားလည်သလို ပြန်ပြောရာက ကျွန်တော်တို့ ဘုရားမှာ မဟုတ်ကဟုတ်က ဖြစ်ရပါရောဗျာ။ အဲဒီကစလို့ မြန်မာအကြောင်းကို တွေ့တိုင်းတွေ့တိုင်း တတ်နိုင်သလောက် ရှင်းပြရပါတော့တယ်။ ပထမဦးဆုံးနေ့မှာ ကျွန်တော်တို့ မြတ်စွာဘုရားဟာ သူပြောသလို မဟုတ်ကြောင်း စရှင်းနိုင်ခဲ့လို့ တော်သေးရဲ့လို့ တွေးမိပါတယ်။

(အခု ဂျပန်မှာ မြန်မာပြည်က နတ်ပွဲ ကျင်းပဖို့ စီစဉ်နေတယ် ကြားရ၊ ဖတ်ရတော့ စိတ်ထဲ မသက်မသာ ဖြစ်မိတယ်ဗျာ။ ကိုယ့်မြန်မာနိုင်ငံမှာ လူသိထင်ရှား ဖြစ်အောင် မြှင့်တင် (promote လုပ်) ဖို့ အကြောင်းချင်းရာတွေ များစွာရှိပါရက်နဲ့ ဘာကြောင့် ဒီလိုပွဲမျိုးကိုမှ ကမ္ဘာသိ၊ ဂျပန်သိ လုပ်ချင်ကြတယ် မသိပါဘူး။ ကျွန်တော့်သူငယ်ချင်း ချာတိတ် တွေ့စက ပြောသလိုများ ထင်မှတ်မှားကြရင်...)

တကယ်တော့ student partnership program အစီအစဉ်ကို လျှောက်ထားတဲ့ ကျောင်းသားတွေ အနေနဲ့ ဘာမှလုပ်ဖို့ တာဝန် (obligations) မရှိပါဘူး။ တက္ကသိုလ်က နိုင်ငံခြားသားကျောင်းသားနဲ့ အဲဒီနိုင်ငံကို စိတ်ဝင်စားတဲ့ ကျောင်းသားနဲ့ကို ချိတ်ဆက်ပေးရုံ သက်သက်ပါပဲ။ တစ်ခေါက်နှစ်ခေါက်ပဲ တွေ့လိုကတွေ့၊ ဒါမှမဟုတ် ဒီချိတ်ဆက်မှု ကတစ်ဆင့် ခင်မင်ရင်းနှီးမှု ရှိရင် ရှိသလို၊ လိုသလို ရှေ့ဆက်နိုင်တဲ့ အစီအစဉ်ပါ။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်တွေ့ရင် အများဆုံး သွားဖြစ်တာက ဂျပန်အခေါ် နိုမီဟိုးဒိုင် (nomihoudai - all you can drink) အ၀သောက် ဆိုင်တွေပါပဲ။ ဘီယာချည်းပဲ သီးသန့် သတ်မှတ်ထားတဲ့ ဆိုင်တွေ ရှိသလို၊ alchoholic drinks မျိုးစုံနဲ့ အစားအစာ တွဲဖက်ပါဝင်တဲ့ (course set) တွေလည်း ရှိပါတယ်။ ဂျပန်မှာက ယေဘုယျအနေနဲ့ မိနစ် (၉၀)၊ မိနစ် (၁၂၀) စတဲ့ နိုမီဟိုးဒိုင်ကို အမြည်းမျိုးစုံ (၆) မျိုး၊ (၇) မျိုး (course set) နဲ့ တွဲဖက်ထားပြီး ယန်း ၃၀၀၀၊ ၄၀၀၀ ၀န်းကျင် စသဖြင့် ကုန်ကျပါတယ်။ ဒီလို အစီအစဉ်မျိုးတွေ ခေတ်စားပါတယ်။ စားချင်သလောက်စား (အ၀စား) (all you can eat) ဆိုရင်တော့ ဂျပန်လို တာဘဲဟိုးဒိုင် (tabehoudai) လို့ ဆိုပါတယ်။
(အာရုဗိုက်တို၊ နိုမီဟိုးဒိုင်၊ တာဘဲဟိုးဒိုင် ကို မြန်မာလို အနီးစပ်ဆုံး အသံထွက် ပေါင်းထားတာပါ။ ပြင်ဆင်ပေးနိုင်ပါတယ်။)

ဒီသူငယ်ချင်းက အင်ဂျင်နီယာ ကျောင်းသားဖြစ်လို့ သူကတစ်ဆင့် သူ့ဌာနက ကျောင်းသားတွေနဲ့ပါ ကျွန်တော် နယ်ပယ်ချဲ့ထွင်ပြီး ခင်နိုင်ခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်း အသစ်တွေ အများကြီး ထပ်ရပါတယ်။ ကျွန်တော်တို့တွေ မကြာခဏ နိုမီဟိုးဒိုင် သွားဖြစ်ကြတယ်ပေါ့ဗျာ။ နောက် တခြား ကျွန်တော်လေ့လာလိုတဲ့ (explore လုပ်ချင်တဲ့) နေရာတွေ ဒီသူငယ်ချင်းနဲ့ အခါအားလျော်စွာ သွားဖြစ်တယ်ပေါ့။

သူ့အကြောင်း နည်းနည်းပြောပြရရင် ဒီသူငယ်ချင်းက ကျွန်တော့်ထက် (၇) နှစ်လောက် ငယ်ပါတယ်။ မဟာတန်း ကျောင်းသားပါပဲ။ မိဘက ချမ်းသာတယ်။ အဖေက ဆရာဝန်လို့ သိရပြီး၊ အိုဆာကာ ဇာတိပါ။ ဒီနေရာမှာ ဂျပန်နိုင်ငံက လူတွေရဲ့ ဖော်ရွှေမှုကို သုံးသပ်ချင်ပါတယ်။

ကျွန်တော့်အနေနဲ့ အားလပ်ရက်တိုင်း ဂျပန်ပြည်တွင်း ခရီးထွက်လေ့ရှိတော့ တွေ့ဆုံပြောဆို ဆက်ဆံဖူးတဲ့ ဂျပန်တိုင်းမှာ အိုဆာကာနေ ဂျပန်များကတော့ ယေဘုယျအားဖြင့် နိုင်ငံခြားသားတွေအပေါ် အတော်ဖော်ရွှေ သဘောကောင်း ကြကြောင်း သတိထားမိ ပါတယ်။ ဥပမာ - လမ်းပျောက် နေရင်တောင် လိုရာအရပ်အထိ တကူးတက လိုက်ပို့ပေးတာ မကြာခဏ ကြုံဖူးပါတယ်။ တိုကျိုလို နေရာမျိုးမှာ လမ်းမေးရင်တောင် ရှောင်ထွက်သွားတာ အများကြီးပါ။

သူငယ်ချင်းက ဂျပန်ထဲမှာ ရှာမှရှား၊ အချိန်ပိုင်းအလုပ် လုံးဝမလုပ်တဲ့ သူဌေးသားပါ။ အိမ်က သူ့ကို အပြည့်အ၀ ထောက်ပံ့ပါတယ်။ နောက် နှစ်စဉ်နှစ်တိုင်း ဒီချာတိတ်က အနည်းဆုံး နိုင်ငံခြား တစ်နိုင်ငံတော့ မိဘစရိတ်နဲ့ လည်စမြဲပါ။ သူ့ကိုယ် သူတော့ သူက
I am a poor boy from developed country
လို့ ဆိုပါတယ်။ သီချင်း တစ်ပုဒ်မှ ကောင်းကောင်း မဆိုတတ်ပေမယ့် electric ဂီတာကြီး တကားကားနဲ့၊ တီးခိုင်းလို့ကတော့ မမောတမ်း တီးပြတတ်ပါတယ်။

နောက်တိုက်ဆိုင်တာက သူနဲ့ကျွန်တော် မွေးလ တစ်လတည်းမှာ မွေးရက်က ရှေ့ဆင့်နောက်ဆင့်ပါ။ ခင်မင်စရာ ကောင်းတဲ့အချက်ကတော့ ဂျပန်လူငယ် အများစုမှာ တွေ့ရတဲ့ မလိမ်ညာတတ်တဲ့ အချက်ပါပဲ။

တစ်ခါက ကျွန်တော့်မွေးနေ့အထိမ်းအမှတ်နဲ့ အိမ်မှာ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြတော့ သူက လက်ဆောင်ယူလာပါတယ်။ လက်ဆောင်ဖွင့်ကြည့်အပြီး စကားစမြည် ပြောနေရင်းနဲ့ ကျွန်တော်က အမှတ်မထင် မင်း ဒီလက်ဆောင် ဘယ်က ၀ယ်သလဲလို့ မေးမိပါတယ်။ သူက ငါဝယ်လာတာ မဟုတ်ဘူး။ ငါကြိုက်လို့ ၀ယ်ထားတဲ့ ငါ့ဟာ၊ ငါ့ပစ္စည်း အဟောင်းပါ။ မင်းကို လာခါနီး ပေးချင်တာနဲ့ ယူလာတာလို့ ပွင့်ပွင့်လင်းလင်း လူတွေရှေ့မှာ ပြန်ဖြေပါ တယ်။ သူပေးတဲ့ လက်ဆောင်ထက် ဒီလိုရိုးသားမှုမျိုးက ပိုတန်ဖိုးထားစရာပါပဲ။

ကျွန်တော်နဲ့ ၀ါသနာတူတာကတော့ သူလည်းပဲ DVD ရုပ်ရှင်တွေ စွဲစွဲလမ်းလမ်း သဘောကျတာပါပဲ။ သူ့အခွေတွေကို ကျွန်တော့်ကို ငှားပြီးရင် ဘယ်တော့မဆို မမေ့မလျော့ လာပြန်ပြန် တောင်းတတ်ပြီး၊ ပျောက်သွားပြီလို့နောက်ရင် ဘယ်လောက်ခင်ခင် အခွေဖိုး တကယ် ပြန်လျော်ခိုင်းပါတယ်။ ဒါမျိုးမှာ လုံးဝ အားနာတာ မရှိပါဘူး။

သူ့ပါမောက္ခက မဟာဘွဲ့ကျမ်းနဲ့ပတ်သက်ပြီး ကြိမ်းမောင်းလိုက်တိုင်း နိုမီဟိုးဒိုင် သွားဖို့ စိတ်ညစ်ညစ်နဲ့ လာလာခေါ်လို့ တခါတလေ သူကြောင့်လဲ ပိုက်ဆံ အတော်ကုန်ရပါတယ်။ ဂျပန်မှာက အပြင်ဆိုင်မှာ စားသောက်ကြမယ်ဆိုရင် သူငယ်ချင်း မပြောနဲ့ ရည်းစားတောင် ကိုယ့်ပိုက်ဆံကိုယ်ရှင်း စားကြတာမို့ သူများအတွက် ၀န်မပိပေမယ့်၊ စားစရိတ်က အနည်းဆုံး တစ်ခါ အပြင်ထွက် ယန်း ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၀ ခန့်) မဟုတ်ပါလား...

သူ နဲ့ ကျွန်တော် အခါအခွင့် သင့်တိုင်း သတင်းအချက်အလက် ဖလှယ်ရင်း (information sharing လုပ်ရင်း) အကျိုးရှိမယ့် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ (academic symposium) တွေ သိဖြစ်၊ တက်ဖြစ် ကြပါတယ်။ အခုအချိန်အထိ ဆရာက ကျွန်တော့်ကို ကျူတာ မပေးပါ။ အခုမှ ပေးရင်လည်း မလိုအပ်တော့တာ အမှန်ပါ။ ကျူတာ မရခဲ့ပေမယ့် student partnership program ကြောင့် ကျွန်တော် အပေါ်ယံ မဟုတ်တဲ့ သူငယ်ချင်း တစ်ယောက် တိုးခဲ့ပါတယ်။

ဂျပန်မှာ (home stay) ကလွဲလို့ တော်ရုံတန်ရုံ မိတ်ဆွေအပေါင်းအသင်းကို အိမ်ခေါ်ပြီး ကျွေးမွေးတာ နည်းပါးကြတဲ့ အထဲမှာ ကျွန်တော့်ကို အိမ်အလည်ခေါ်ပြီး ဘီယာတိုက်၊ ဂျပန်စာတွေ ကျွေးဖို့ ၀န်မလေးတဲ့၊ နောက် အကူညီလိုရင် လိုလိုလားလား ပေးချင်တဲ့ ဂျပန်သူငယ်ချင်း တစ်ယောက် အကြောင်းပါ။

lonetone
၂၀၁၀ စက်တင်ဘာလ (၂၅) ရက်

Wednesday, September 15, 2010

ပညာသင်ဆု၊ ဘ၀င်မြင့်ခြင်း၊ ဗဟုသုတ နှင့် အသိဉာဏ်ပညာ


(ဂျပန်နိုင်ငံက Academic Symposium တစ်ခုအတွင်းဝယ်)

အချက်အလက် ခိုင်မာချင်တာရယ်၊ တွေးစရာ ပါစေချင်တာရယ်ကြောင့် ပို့စ်တစ်ခုကို တော်တော်နဲ့ မရေးဖြစ်၊ အဆုံးမသတ်ဖြစ်ပါဘူး။ အချက်အလက်စု၊ လိုအပ်တာတွေ လိုက်ရှာဖတ်နေရင်းတုန်း ဦးစားပေးလုပ်ရမယ့် ကိစ္စက ပေါ်လာ၊ ဒီတော့ ရေးမယ်ရေးမယ် တေးထားပြီး မရေးဖြစ်တာတွေ များလာပါတယ်။

ဒါကြောင့် ဒီစာစုကိုတော့ အချက်အလက် (facts & references) ကို ဦးစားမပေးတော့ဘဲ စိတ်ထဲရှိတဲ့ တွေးမိတာတွေ ချရေးလိုက်တယ် ဗျာ။

ပထမဆုံးအနေနဲ့ ကတော့ လက်ရှိ နိုင်ငံတကာမှာ ပညာသင်ဆုတွေရလို့ အဆင့်မြင့် ဘွဲ့လွန်၊ ပါရဂူ ပညာရပ်များ သင်ကြားနေကြားတဲ့ ပညာသင်များနဲ့ ပတ်သက်ပြီး စဉ်းစားမိတဲ့ အချက်ပါပဲ။
ပညာသင်များလို့ ဒီနေရာမှာ ညွှန်းဆိုရာမှာ မြန်မာပညာသင်တွေကိုပဲ မဆိုလို ပါဘူး။ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ပညာသင်တွေ အားလုံးကို ယေဘုယျ ဆိုလိုတာပါ။
ဒီလိုပညာသင်ဆုတွေကို ဘယ်လိုလူတွေ ရကြပါသလဲ။ အများသိကြတဲ့အတိုင်း ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေကပေးတဲ့ ပညာသင်ဆုတွေကို သက်ဆိုင်ရာ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများမှာ လက်ရှိ နေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက ပုဂ္ဂိုလ်တွေ နဲ့ နောက် ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတဲ့ နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ပညာသင်ဆုတွေ ရှာဖွေလျှောက်ကြရင်း ရကြတယ်လို့ ယေဘုယျ နားလည်ပါတယ်။

ဓနသဟာယ (Commonwealth) နိုင်ငံဝင် ဖြစ်ရင်လည်း၊ အဖွဲ့ဝင် ဖြစ်တဲ့အလျှောက် ရတဲ့ ပညာသင်ဆုတွေ၊ နောက် ဗြိတိသျှလက်အောက်ခံ ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့တဲ့အလျှောက် ရတဲ့ ကမ္ဘာကျော် ပညာသင်ဆုတွေ ရှိပါသေးတယ်။ ဥပမာ - Rhodes Scholarship လိုမျိုးပေါ့။ ကျွန်တော်တို့ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက ပညာတတ်တွေ အများကြီးပေါ်ထွက်နေတာ ဒီလိုပညာသင်ဆုတွေရဲ့ ကောင်းကျိုးပေါ့ဗျာ။

ဆိုလိုချင်တာက အခြေခံအားဖြင့် ပညာသင်ဆုတွေကို ဘာကြောင့် ပေးကြ၊ ရကြတာလဲ။ ဥပမာ - ဂျပန်နိုင်ငံ အနေနဲ့ ဆိုရင်တော့ စစ်လျော်ကြေးရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ စတင် ပေးခဲ့တာလို့ အကြမ်းဖျင်း သိပါတယ်။ စစ်လျော်ကြေးလို့ မသုံးဘဲ၊ ခေတ်ကာလအရ ODA (Official Development Assistance/ Aid) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်တယ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီ (Human Resources Development Aid) စသည်ဖြင့် သုံးနှုန်းတယ်လို့ ကျွန်တော် ယေဘုယျ သဘောပေါက်ပါတယ်။

နောက်တစ်ခုက ပညာတတ်တွေ နည်းပါးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေက ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးမှာ အထောက်အကူဖြစ်စေဖို့၊ ပြန်လည်ဖြန့်ဖြူး ဝေမျှပေးစေလို့တဲ့ (contribute လုပ်စေချင်တဲ့) ဆန္ဒ အလှူရှင်နိုင်ငံတိုင်းမှာ ရှိမှာပါ။ (Harvard က Professor Joseph Nye ထွင်ခဲ့သလို soft power ကြောင့်၊ ဘာကြောင့်လို့တော့ ထည့်မပြောလိုတော့ပါဘူး။ ဒါကို ခဏ ဘေးဖယ်ထားလိုက်ပါတယ်။)

ပညာသင်ဆုတွေ ရထားတဲ့ လူအချို့ကို ယေဘုယျ လေ့လာကြည့်လိုက်တော့ ဒီလိုအခြေခံအချက်လေးတွေကို မေ့ထားပြီး၊ ငါသိငါတော်ငါတတ်လို့ ပညာသင်ဆုရတယ် ဆိုတဲ့ စိတ်တွေက ၀င်နေကြတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ ကိုယ်ကြိုးစားအားထုတ်ခဲ့ရတယ်၊ ကံ၊ ဉာဏ်၊ ၀ီရိယ ပေါင်းဆုံပြီး ရတယ် ဆိုတာကို နားလည်ပါတယ်၊

ဒါပေမယ့်ဗျာ...ငါသိငါတော်ငါတတ် ပေမယ့်လည်း
အဖေတို့၊ အဖွားတို့ လက်ထက်က ခံခဲ့ရတဲ့ စစ်ဒဏ်ကြောင့် (တနည်းအားဖြင့်) မွဲနေ ဒုက္ခရောက်နေတဲ့ လူတွေအများကြီး ဘ၀တိုးတက်စေဖို့အတွက် ပေးတဲ့၊ ကိုယ်ရလာတဲ့ ပညာသင်ဆုက စဉ်းစားတတ်မယ်ဆိုရင် ကိုယ့်ပခုံးပေါ်မှာ အတော့်ကို တာဝန်ကြီးပါတယ်။ တာဝန်ယူစိတ်ရှိမယ်ဆို ၀န်ပိပါတယ်။

အဲ...နောက်တစ်ခုကတော့ ပညာသင်တွေ ဘာကိုမှ သေသေချာချာ စေ့စေ့ပေါက်ပေါက် မလေ့လာ၊ မသင်ယူရသေးဘူး တတ်ပြီအထင်နဲ့ ဘ၀င်မြင့်ကြတာပါပဲ။

ဒီနေရာမှာ အာဆီယံနိုင်ငံက ကျောင်းသားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်အကြောင်း ရယ်စရာ ပြောပြချင်ပါသေးတယ်။ သူက မဟာဘွဲ့ အတန်းတိုင်းမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် (intro) လုပ်တိုင်း ဘာသာရပ်တစ်ခုရဲ့ expert ဆိုတဲ့ အသုံးအနှုန်းကို အမြဲသုံးပါတယ်။ ဘာသာရပ်ကြီးတစ်ခုရဲ့ ခေါင်းစဉ်ခွဲတစ်ခုကိုတောင် နှစ်ပေါင်းများစွာ အသေးစိတ် လေ့လာကြတဲ့၊ လေ့လာနေတဲ့ ပါမောက္ခကြီးတွေတောင် ဒီလိုအသုံးအနှုန်းကို သုံးဖို့ အင်မတန် သတိထားကြတော့၊ သူမကြာခဏ ကိုယ့်ကိုယ်ကို expert လို့ ပြောဆို သုံးနှုန်း တာဟာ လူရယ်စရာ ဖြစ်သွားတာပေါ့ဗျာ။

ကျွန်တော်တို့တွေ ကိုယ်မသိတာကို မသိကြောင်း သိရပါမယ်။ မသိတာကို မသိကြောင်းပြောလို့ အထင်မကြီးလည်း ဂရုထားစရာ မလိုပါ။ ဆရာဒေါက်တာအောင်ထွန်းသက် အပြောနဲ့ဆို အဆင့်(၄) ဆင့် ခွဲခြား သိရမှာပါ။ မသိတာကို မသိ၊ မသိတာကို သိ၊ သိတာကို သိနဲ့ နောက်တစ်ခုတော့ မေ့နေပါတယ်။ (ကြိုဝန်ခံထားပါတယ်ဗျ။ ဒီပိုစ့်ကို reference တွေ မရှာတော့ဘဲ စိတ်ထဲ မှတ်မိတဲ့အတိုင်း ရေးကြောင်းကိုပါ။)

အနီးအနားက မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းအချို့ကို လေ့လာကြည့်မိတော့၊
မသိတာကို သိတယ် ထင်နေကြတဲ့ ပြဿနာကို သွားတွေ့ပါတယ်။ အတော်ကြောက်ဖို့ ကောင်းပါတယ်။ မသိတာကို သိတယ်လို့ ရိုးရိုးထင်ရင် အကြောင်းမဟုတ်ပါဘူး။ လူ့သဘောအတိုင်း မသိတာကို သိတယ်ထင်ပြီးနောက်၊ နောက်က တွဲကပ်ပါလာတဲ့ ဘ၀င်မြင့်မှုပါ။

ဒီစာစုဟာ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းရေးတဲ့ စာစု မဟုတ်၊ မဖြစ်လို တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ လိုလာပါပြီ။ လူဆိုတာ ကျင်လည်ရာ အသိုင်းအ၀ိုင်းအလိုက် ပြောင်းလဲတတ်တယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ရှိတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံ ယုံကြည်ပါတယ်။

ကျွန်တော် အခုလို ဘွဲ့လွန်ပညာ သင်ကြားဖို့ အခွင့်အရေး မရှိခဲ့စဉ်က ပညာရေး၊ ဘာသာရပ်နယ်ပယ်တွေ အကြောင်းကို သေသေချာချာ၊ ရည်ရည်လည်လည် မတွေးဖြစ်ခဲ့ပါဘူး။ မလေ့လာ ဖြစ်ခဲ့ဘူး။ ဥပမာ - မဟုတ်ကဟုတ်က website ကိုသာ ပိုက်ဆံ ပေးပြီး ၀င်ကြည့်ချင် ကြည့်မယ်၊ ပညာရေး (academic) ဆိုင်ရာ ဘာသာရပ် စာအုပ်ကိုတော့ Amazon က ၀ယ်ဖတ်ဖို့ သတိမရပါဘူး။ ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင်မှာသာ လိုအပ်တာ ဖြည့်ဆည်း လုပ်ကိုင်နေခဲ့တာပါ။

နောက်တစ်ခုက ကျွန်တော် ကျင်လည်ခဲ့တဲ့ ပညာရေးက အဝေးသင်။ အဝေးသင်ဆိုတဲ့အတိုင်း ဆရာ-တပည့် ထိတွေ့ဆက်ဆံမှုဆိုတာ တစ်နှစ်မှာ (၁၀) ရက်သာ ရှိခဲ့တာပါပဲလား။ ဒီရက်တိုမှာလည်း ပညာရဖို့ထက် စာမေးပွဲအောင်ဖို့ကသာ အဓိကသာ မဟုတ်ပါလား။ အဲဒီတော့ ကျွန်တော့်ကို ဘွဲ့ရခဲ့တဲ့ ပညာရပ်မှာ ဘွဲ့ရခဲ့စဉ်အထိ ဘာတတ်သလဲ မေးရင်၊ ဘာမှမတတ်ဘူးလို့သာ မရှက်ဘဲ ရိုးရိုးသားသား ဖြေရမှာပါပဲ။ ဒါကို အပြစ်တင်ရင်လည်း ခံရမှာပါပဲဗျ။

ဂျပန်ရောက်လို့ ဘွဲ့လွန်ပညာ ဆက်သင်ရတော့ ကိုယ့်ကိုယ်ကို သုံးသပ်မိတာတွေ ရှိပါတယ်။ အရင်က အင်္ဂလိပ်စာ ၀ါသနာနဲ့ နိုင်ငံတကာ သတင်းတွေ၊ ရုပ်ရှင်တွေ ၀ါသနာပါတာကြောင့်ရယ်၊ ရောက်ရာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာကိုတော့ တတ်အားသရွေ့ မဖြစ်မနေ ပုံမှန်ဖတ်တာကြောင့် ကိုယ့်ဘာသာကို ဟိုဟာကို သိ၊ ဒီဟာကိုသိလို့တော့ ထင်ခဲ့မိပါရဲ့။

ဒါတွေဟာ ဒီလိုအသိတွေဟာ တကယ်တမ်း academic နယ်ပယ်မှာ အသေးစိတ် ပြောဆိုဆွေးနွေးကြတော့ တကယ်ရေရေလည်လည် မသိသေးဘူးဆိုတာ ပေါ်လာပါတယ်။ အဲဒီမှာ ဆရာအောင်ထွန်းသက် စကားနဲ့ ပြောရရင် မသိတာတွေကို သိတယ်ထင်တဲ့ အနေအထားကနေ မသိတာတွေကို မသိကြောင်း ကိုယ့်ကိုယ်ကို သိလာပါတယ်။ အတော်ဝမ်းမြောက်မိပါတယ်။ မသိတာကို သိတယ်ထင်တာဟာ ကိုယ့်တိုးတက်မှုကို ရပ်တန့်လိုက်ကြောင်း သဘောပေါက်မိလာလို့ပါ။

ပညာရေးနယ်ပယ်က သီအိုရီတွေ၊ ယေဘုယျ သိသင့် မှန်ကန်တဲ့ (general truth) တွေ၊ ပြဌာန်းတည်ရှိပြီး လက်ရှိလက်ခံနေတဲ့ အခြေခံ အချက်အလက်အချို့ကို အခြေခံပြီး ဥပမာ ပေးရရင်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခု ဆိုပါတော့ သေသေချာချာ လေ့လာဖတ်ရှုမထားဘဲ အမှားကို အမှန်ထင်နေတဲ့အချက်ကို၊ နောက်ပိုင်း သေချာလေ့လာကြည့်လိုက်တော့ ကိုယ်နှစ်ပေါင်းများစွာ လက်ခံ သိလာတဲ့အချက်အား အမှားကြီးပါလား ဆိုတာကို သိမြင်လာတာမျိုးကို ယေဘုယျ ဆိုလိုတာပါ။

စကားလုံးတွေ အနေနဲ့ပဲ စဉ်းစားကြည့်မယ်ဆိုရင် transparency, accountability, rule of law, rule by law, top-down, bottom-up, centralized, decentralized စတဲ့ စကားလုံးတွေကို နိုင်ငံတကာနယ်ပယ်မှာ မကြာခဏ ပြောဆိုသုံးနှုန်းကြတာ ကြားဖူးပါတယ်။ တစ်ခါတစ်လေ ကျတော့ အဲဒီလို သုံးနှုန်းနေတဲ့ အသုံးအနှုန်းတွေကို စကားလုံးအနေနဲ့ ရင်းနှီးပေမယ့် တကယ့်ကို သဘောပေါက်မှုမှာ တစ်ခါတစ်ခါ ခဲယဉ်းနေတတ်ပါတယ်။

ကလေးအတွေးနဲ့ ဥပမာတစ်ခုထပ်ပေးရရင် မြန်မာနိုင်ငံကူးလက်မှတ်ရုံးမှာ နိုင်ငံကူးလက်မှတ် (အနီ) ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လုပ်ဖူးစဉ်ကတော့ ဘာကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောပြတာလဲ၊ ဘာတွေက အခု လိုလိုက်-မလိုလိုက် ဖြစ်နေတာလည်း ဆိုတာကို ငယ်စဉ်က တကယ့်ကို မစဉ်းစားတတ်ပါဘူး။ အခုစာတွေ ပြန်လေ့လာခွင့် ရတော့မှ...ဒါဟာ လူတွေ ပြောပြောနေတဲ့ transparency ပါလားဆိုပြီး ခပ်ရေးရေး သဘောပေါက်မိလာသလိုပေါ့ဗျာ။

ဒီစာစုမှာ နောက်တစ်ခု ဆွေးနွေးချင်တာကတော့ ဗဟုသုတ (knowledge) နဲ့ အသိဉာဏ်ပညာ (wisdom) ပါပဲ။ (အင်္ဂလိပ်စကားကို နားလည်သလို ဘာသာပြန်ထားတာဖြစ်လို့ ပိုကောင်းမယ့် ဘာသာပြန်ချက်ကို ကြိုဆိုပါတယ်။)

ပါမောက္ခတစ်ယောက်နဲ့လည်း ဒီကိစ္စကို ဆွေးနွေးကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ပညာရေးမှာ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ၊ စာတမ်းတွေဖတ်၊ မသိတဲ့ အချက်အလက်တွေ မှတ်နဲ့ လုံးလည်ချာလည် လိုက်နေပြီး၊ တကယ်ကော ဘ၀မှာ လိုအပ်တဲ့ အသိဥာဏ်ပညာတွေရကြ၊ တတ်မြောက်သွားကြ ပါသလားလို့ပေါ့။ အများသိဖူးပြီးသား ဖြစ်နိုင်ပေမယ့်လည်း၊ ကိုယ့်ဆရာ ပြန်ဆွေးနွေးလို့ ခေါင်းထဲကျန်ခဲ့တဲ့ အချက်ကတော့
စာအုပ်စာတမ်းတွေ များများဖတ်တာ ဗဟုသုတ (knowledge) တွေ များများရကြောင်း၊ ဒါပေမယ့် တကယ့် အသိဉာဏ်ပညာ (wisdom) လိုချင်ရင်တော့ လူတွေနဲ့ များများ ပြောဆိုပေါင်းဖက်ဆက်ဆံရမယ် (socialize လုပ်ရမယ်) ဆိုတာကိုပါ။ ဒီနည်းနဲ့သာ (wisdom) ရမယ်လို့ သူက ဆိုတယ်ဗျ။

ဒီအဆိုကိုတော့ သဘောကျမိပါတယ်။ ဒီအဆိုနဲ့ ဆက်စပ်ပြီး စဉ်းစားစရာတွေလည်း အများကြီးရသွားပါတယ်။ knowledge vs. wisdom ကို နှိုင်းယဉ် (compare and contrast လုပ်) ကြည့်ရင်းနဲ့ အောက်က မေးခွန်းတွေကို တွေးမိတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်၊ မေးခွန်းထုတ်မိတယ်...

၁) နိုင်ငံတကာရောက် ပညာသင်တွေ ဘယ်သူတွေနဲ့ socialize လုပ်ကြပါသလဲ။
၂) ကိုယ့်နိုင်ငံသား အချင်းချင်းပဲလား။
၃) နိုင်ငံတကာ ကျောင်းသား အရေအတွက် ဘယ်လောက်များများ နဲ့ အချိန် ဘယ်လောက်များများ ပေးပြီး socialize လုပ်ကြပါသလဲ။
၎) လုပ်ဖြစ်ကြပါသလား။
၅) လုပ်ရန်ကော ကြိုးစားကြပါသလား။
၆) နိုင်ငံတူ၊ လူမျိုးတူ၊ ဘာသာတူချင်းနဲ့ပဲ ပြောဆိုပေါင်းဖက် ဆက်ဆံနေကြပါသလား။
၇) အတင်းအဖျင်း (gossiping) နဲ့သာ အချိန်ကုန်နေကြပါသလား။
၈) နိုင်ငံတကာပညာရေးရဲ့ အနှစ်အရသာကို သတိပြု၊ ခံစားမိကြပါရဲ့လား...။

ဗဟုသုတရမယ့် စာအုပ်စာပေတွေကော သတ်မှတ်အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အရေအတွက် ဘယ်လောက် ဖတ်ရှုပြီးပါပြီလဲ။ တချို့မိတ်ဆွေတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာတုန်းက စာဖတ်ဖို့ အချိန် မရ၊ အချိန် မရှိကြောင်းကိုပါ။
ပညာသင်အနေနဲ့ စာဖတ်ဖို့ အချိန်ရတော့ကော တကယ် စာဖတ်ဖြစ်ကြပါသလား။ ဘာသာရေး စကားနဲ့ ယေဘုယျပြောရရင် ပါပ (မကောင်းမှု၊ အပိုအလုပ်၊ အရှုပ်) တွေနဲ့ပဲ အချိန်ကုန်နေပြီလား။ (ဒီနေရာမှာ Facebook ကို ပါပ စာရင်းသွင်းသင့်- မသင့်)
ဖတ်ပြီးသမျှကိုကော ရေရေလည်လည် သဘောပေါက်ပါရဲ့လား။ မိမိသဘောပေါက် နားလည်တာဟာ တကယ်မှန်ကန်ကြောင်းကိုကော ကျွမ်းကျင်သူတွေနဲ့ ပြန်လည်ဆွေးနွေး ဖြစ်ခဲ့ပါလား။ (စာဖတ်တိုင်း အမှန် သဘောမပေါက်တာတွေ များလွန်းလှပါတယ်ဗျာ။)

အဆင့်မြင့်ပညာရေး နယ်ပယ်မှာ အမှန်တကယ် ပညာ တတ်မြောက်မှု-မတတ်မြောက်မှုကို ကနဦးအနေနဲ့ အလွယ်ကူဆုံး တိုင်းတာနိုင်တာ တစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ ထုတ်ဝေခြင်း (publication) ပါပဲ။ မိမိရဲ့ စာအုပ်၊ စာတမ်း (books & articles) တွေကို နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်ထုတ်ဝေရေးတွေ၊ ပညာရပ်နယ်ပယ်ဆိုင်ရာ ဂျာနယ်တွေက လက်ခံ ထုတ်ဝေတာပါပဲ။ ဒီလိုနည်းနဲ့တော့ မိမိ အမှန်တကယ် တတ်မြောက်ခြင်း ရှိ-မရှိ စိစစ်နိုင်ပါတယ်။

ဂျပန်နိုင်ငံ ပညာရေးနယ်ပယ်မှာ လေ့လာကြည့်ရသလောက် ယနေ့ခေတ် မြန်မာနိုင်ငံ အပါအ၀င် ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက မဟာဘွဲ့ကျောင်းသားများကတော့ publication လုပ်နိုင်တာ အတော့်ကို ရှားပါးတယ်။ ပါရဂူဘွဲ့ ကျောင်းသားတွေတောင် ပါရဂူဘွဲ့ကျမ်းအတွက် မဖြစ်မနေ ထုတ်ဝေကြရမှာ ဖြစ်လို့ အနိမ့်ဆုံး ကိုယ့်တက္ကသိုလ်၊ ဌာနမှာ ထုတ်ဝေခွင့် ရအောင် မနည်း ကြိုးစားနေရတာ မဟုတ်ပါလားဗျာ။

အရင့်အရင်ခေတ်များက မြန်မာပညာတော်သင်များ အတော်ထူးချွန်ကြပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ ဥပဒေနယ်ပယ်က ဥပမာတစ်ခု ထပ်ပြရရင်
ကျွန်တော်တို့တွေ အခုထုတ်ဝေခွင့် ရဖို့ ဝေးစွ၊ နားလည်သဘောက်ပေါက်အောင်တောင် မနည်းဖတ်နေရတဲ့ ကမ္ဘာ့ အဆင့်မီ International & Comparative Law Quarterly တို့လို ဂျာနယ်မှာ တစ်ခေတ်တစ်ခါက သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမောင်မောင်တို့လို့ မြန်မာပညာရှင်တွေ ကောင်းကောင်း ထုတ်ဝေနိုင်ခဲ့ပါတယ်။ လန်ဒန်၊ SOAS (School of Oriental and African Studies) က Bulletin တွေမှာ မြန်မာပညာရှင်တွေ ကောင်းကောင်း နေရာယူနိုင်ခဲ့ပါတယ်။

ယနေ့ခေတ် ပညာသင်ဆုရတဲ့ မြန်မာပညာသင်တွေကို လေ့လာကြည့်ရင် ဂျပန်ပြန်တွေ အပါအ၀င် အာရှပြန်၊ အရှေ့တောင်အာရှပြန် တွေ များလာပါတယ်။ ဒီနေရာမှာ ပီရူးနိုင်ငံက ကျွန်တော့်ရဲ့ အတန်းဖော်သူငယ်ချင်း ပြောပြတာကလည်း စဉ်းစားစရာပါ။ သူက သူ့ရဲ့အင်မတန်ကောင်းတယ်လို့ ယူဆရတဲ့ Term Paper တစ်ခုကို LSE (London School of Economics and Political Science) ကျောင်းတက် ညီမဖြစ်သူကို edit လုပ်ဖို့ ပေးပို့ရာမှာတော့ ညီမက မင်းရဲ့ စာတမ်းသာ LSE မှာဆိုရင် (C) Grade မပြောနဲ့ (F) Fail မဖြစ်ရင် ကံကောင်းကြောင်း မှတ်ချက်ပြုသဗျ။ (သူက ဂျပန်မှာတော့ straight A ကျောင်းသားပေါ့ဗျာ။)

ဒါကြောင့် public sector ကပဲ ဖြစ်ဖြစ်၊ private sector ကပဲဖြစ်ဖြစ် ပညာသင်ဆုများ ရရှိခဲ့ဖူးတယ်၊ ရရှိထားတယ် ဆိုရင်ဖြင့် မိမိတို့ တော်လို့တတ်လို့ ဆိုတာထက် ထမ်းထားရတဲ့ ၀န်ကို မြင်စေချင်ပါတယ်။ ကိုယ်တကယ် တတ်-မတတ် မှတ်ကျောက်တင် ခံနိုင်ပြီလား ဆိုတာကို ကိုယ့်ဘာသာ ကိုယ်သာ စိစစ်ကြဖို့ နဲ့ ကိုယ်စီကိုင စဉ်းစားထားတဲ့ လက်ဆင့်ကမ်း ပြန်လည်ဖြန့်ဖြူးပေးမယ့် အစီအစဉ် (contribution plans) လေးတွေကို ကြားချင်နေမိတယ်ဗျာ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင် မခံနိုင်ရင်၊ မဖြန့်ဖြူးပေးနိုင်ခဲ့ရင်တောင် ကိုယ့်လောက် ကံမကောင်း အကြောင်းမလှတဲ့ ကိုယ့်ပြည်က (less fortunate) တွေ အပေါ်မှာ public/ private sector က ပညာသင်တွေ အနေနဲ့ ဘ၀င်တော့ မမြင့်ထိုက်ကြောင်း တွေးဆနိုင်ပါစေဗျာ...။

Tuesday, July 27, 2010

အလုပ်မလုပ်သော မိန်းမများ...


(ဇင်ဘာဘွေ အမျိုးသမီးများ၊ ဓါတ်ပုံ - google image)

ဇာတ်လမ်း။ မစ္စတာမိုယို ဆရာဝန်ဆီသွားတဲ့အခါ...

မစ္စတာမိုယို ဆရာဝန်ဆီသွားတဲ့အခါ ဆရာဝန်က မေးပါတယ်။

(ဆရာဝန်) ခင်ဗျား ဘာအလုပ် လုပ်သလဲဗျ။
(မိုယို) ကျွန်တော် လယ်လုပ်ပါတယ်။

(ဆရာဝန်) ခင်ဗျားမှာ ကလေးတွေ ဘာတွေရော ရှိသလားဗျ။
(မိုယို) ဘုရားသခင်က ကျွန်တော့်အပေါ်မှာ မကောင်းဘူးဗျ။ (၁၅) ယောက်မွေးတဲ့ အထဲမှာ (၉) ယောက်ပဲ ရှင်တယ်ဗျ။

(ဆရာဝန်) ခင်ဗျား မိန်းမရော အလုပ်လုပ်သလားဗျ။
(မိုယို) မလုပ်ပါဘူး။ သူအိမ်မှာပဲ နေတာပါ။

(ဆရာဝန်) သြော်၊ ဒါဆိုရင် ခင်ဗျားမိန်းမ တစ်နေ့တစ်နေ့ ဘာတွေလုပ်နေလဲဗျ။
(မိုယို) အင်း...သူ မနက်ဆို လေးနာရီ ကျရင် အိပ်ရာက ထတယ်ဗျ။ ရေခပ်၊ ထင်းရှာ၊ မီးမွှေးပြီး မနက်ခင်းစာ ချက်တယ်၊ အိမ်တွင်း အိမ်ပြင် ရှင်းတယ်။ နောက်ပြီး မြစ်နားသွား အ၀တ်လျှော်ပါတယ်။ တစ်ပတ်တစ်ခါတော့ ကောက်ကြိတ်စက် (grinding mill) ဆီကို လမ်းလျှောက်သွားတယ်ဗျ။ အဲဒီနောက်တော့ အငယ်ဆုံးကလေးနှစ်ယောက်ကို သူ မြို့ထဲခေါ်သွားပြီး၊ လမ်းဘေးမှာ ခရမ်းချည်သီး ရောင်းရင်းနဲ့ ဇာထိုးပန်းထိုး လုပ်တယ်။ ပြီးရင် သူဈေးလေးဘာလေး ၀ယ်တယ်ပေါ့ဗျာ။ နောက်တော့ သူ နေ့လယ်စာ ချက်တယ်လေ။


(ဇင်ဘာဘွေ အမျိုးသမီးများ၊ ဓါတ်ပုံ - google image)

(ဆရာဝန်) ခင်ဗျားရော နေ့လယ်ပိုင်းဆိုရင် အိမ်ကို ပြန်လာသလားဗျ။
(မိုယို) မပြန်ပါဘူးဗျ။ ကျွန်တော့်မိန်းမက ကျွန်တော့်ဆီ နေ့လယ်စာ လာပို့တယ်လေ။ သုံးကီလိုမီတာလောက်တော့ လာရတယ်ဗျ။

(ဆရာဝန်) အဲဒီ့နောက်ရော...
(မိုယို) သူလယ်ထဲမှာ ခဏကူလုပ်တယ်လေ။ မြက်နှုတ်ပေါင်းသင်ပေါ့။ နောက်...စိုက်ထားတဲ့ သစ်သီးခင်းကို ရေလောင်းပါတယ်။

(ဆရာဝန်) ခင်ဗျားရော ဘာလုပ်နေလဲ။
(မိုယို) ကျွန်တော်ကတော့ ရွာထဲသွားပြီး၊ မိတ်ဆွေတွေနဲ့ လက်ဘက်ရည်လေး ဘာလေး သောက်ရင်းနဲ့ အလုပ်အကြောင်း ပြောဆိုတိုင်ပင်ပါတယ်။

(ဆရာဝန်) ပြီးတော့...
(မိုယို) ကျွန်တော်အိမ်ပြန်ပြီး မိန်းမပြင်ထားတဲ့ ညစာစားတာပေါ့ဗျ။

(ဆရာဝန်) ဒါဆို ခင်ဗျားမိန်းမရော ညစာစားပြီးတာနဲ့ အိပ်တာပဲလား။
(မိုယို) ဟင့်အင်း။ သူ မအိပ်သေးပါဘူး။ ည (၉) နာရီ (၁၀) နာရီလောက်အထိ သူ့မှာ လုပ်စရာ အိမ်အလုပ်တွေ ရှိသေးတယ်လေ။

(ဆရာဝန်) ဒါနဲ့ ခင်ဗျားပြောတော့ ခင်ဗျားမိန်းမ အလုပ် မလုပ်ဘူးဆို...
(မိုယို) ဟုတ်လေတယ်ဗျာ။ သူအလုပ် မလုပ်ပါဘူး၊ အိမ်မှာပဲ နေပါတယ်လို့ ပြောပြီးပြီပဲ။

(ဇင်ဘာဘွေနိုင်ငံမှာ လုပ်ခဲ့တဲ့ သုတေသနပြု လေ့လာချက်လို့ သိရပါတယ်။ Oxfam ကလည်း သူတို့ရဲ့ Gender Training Manual (1994) ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ gender အကြောင်း လေ့လာရင်းနဲ့ သိရှိရတာလေးကို တစုံတရာ တွေးစရာလေးများ ရနိုင်ဖို့ မျှဝေတာပါ။)

မိန်းမတွေ အလုပ် မလုပ်ကြဘူးဗျ။ အိမ်မှာပဲနေ နေကြတာနော်ဗျ...။

ဒါနဲ့ gender ကို မြန်မာလို့ ဘယ်လို ဘာသာပြန်ပါလိမ့် ?? ဆရာတက်တိုးကတော့ လိင် တဲ့ဗျ။ သိရင်ပြောကြပါဦး...

lonetone
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

Thursday, July 15, 2010

မိသားစုဆွေးနွေးပွဲ

တလောက အမေရိကား ရောက်နေတဲ့ ကျွန်တော့်ရဲ့ အခင်ဆုံး ငယ်သူငယ်ချင်းတစ်ယောက်က လှမ်းမေးတယ်။ ဟေ့ကောင် မင်းတို့ အိမ်မှာ မိသားစုဆွေးနွေးပွဲတွေ လုပ်နေတုန်းပဲလားတဲ့။ သူ့စကားကြားတော့မှ ကျွန်တော်လည်း အတွေးထဲ ပြုံးမိတယ်။ ဒီကောင်တောင် ကွဲသွားတာ (၁၀) နှစ်လောက် ရှိပြီ၊ မမေ့သေးပါလားလို့ပေါ့။

သူငယ်ချင်းက မေးတော့မှ၊ တဆက်တည်း လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က ကျွန်တော်နဲ့ ကမ္ဘောဒီးယားမှာ တွေ့ဆုံခင်မင်သွားတဲ့၊ ကျွန်တော်လေးစားတဲ့၊ အစ်ကိုကြီးတစ်ယောက်က မေးဖူးတဲ့ မေးခွန်းကိုပါ ပြန်သတိရသွားတယ်။ သူက လုပ်ငန်းကြီးတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့၊ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက်ပါ။ သူက သူ့ရဲ့မိသားစုကို ပြုစုပျိုးထောင်ဖို့အတွက် အင်မတန်မှ လစာဝင်ငွေကောင်းတဲ့ လက်ရှိ အလုပ်ကို စွန့်လွှတ်ပြီး၊ မြန်မာနိုင်ငံ ပြန်ဖို့ ရည်ရွယ်ထားသူပါ။ သူ့မေးခွန်းက ညီရေ မင်းတို့ကို မင်းတို့ မိဘတွေက ဘယ်လိုပြုစုပျိုးထောင်သလဲ (brought up လုပ်သလဲ) ဆိုတာကိုပါ။ သူက ကျွန်တော်ရော၊ ကျွန်တော့်အစ်မနဲ့ပါ ရင်းနှီးတယ်လေ။

ကျွန်တော်ကြီးပြင်းလာတဲ့ ငယ်ဘ၀ကို ပြောရမယ်ဆိုရင် အဖေ့ရဲ့ မိသားစုဆွေးနွေးပွဲ စကားဝိုင်းက မပါမဖြစ် အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မိသားစုတွင်း ဆက်ဆံရေးကို ဦးဆုံး ပြောပြဖို့ လိုပါလိမ့်မယ်။ အဖေ၊ အမေ၊ အစ်မ နှစ်ယောက်နဲ့ ကျွန်တော်ပါဝင်တဲ့ အိမ်မှာ ကျွန်တော်တို့တွေ ဘယ်သူ့ကိုမှ ထူးထူးထွေထွေ ကြောက်ရတယ်လို့ မရှိပါဘူး။ မိဘနဲ့သားသမီး၊ မောင်နဲ့အစ်မ ဆက်ဆံရေးမှာ အားလုံး တပြေးညီပါပဲ။

ထူးခြားချက်ကတော့ အမေပါပဲ။ အမေကတော့ အဖေပြောသမျှကို အမြဲလိုလို လက်သင့်ခံလေ့ ရှိပါတယ်။ ဆန့်ကျင်တာမျိုး မရှိသလောက်ပါပဲ။ (ကိုယ့်ထူးကိုယ်ချွန် ကြိုးစားတဲ့ YIT ကျောင်းသား၊ ကျူရှင်ဆရာ အဖေ စာပြရင်းနဲ့ အမေနဲ့ အကြောင်းဆက် ပေါင်းဖက်မိတယ်လို့ သိရတယ်ဗျ။ အဖေကတော့...ငါ့ကို မင်းအမေက အမိဖမ်းတာတဲ့ဗျ :P) အဲဒီလို အဖေ့သဘောထားကို အမြဲလက်သင့်ခံလို့ အမေ့သြဇာ အရှိန်အ၀ါ ကျဆင်းတယ်လို့တော့လည်း မထင်လိုက်ပါနဲ့။ အမေ့ရဲ့ ပြည့်ဝတဲ့ မိခင်စိတ်ဓါတ်ကြောင့် ကျွန်တော်တို့ သားသမီးတွေရဲ့ ချစ်ခင်မှုကို အပြည့်ရရှိထားသူပါ။

မိဘတွေကို ကျွန်တော်တို့ မောင်နှမတွေ သူငယ်ချင်းလို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မိဘကို သူငယ်ချင်းလို ဆက်ဆံတယ်ဆိုပေမယ့်၊ မိသားစုတွင်း အပြောအဆိုတော့ မရိုင်းကြပါဘူး။ ပတ်ဝန်းကျင်က အချို့သော ဆွေမျိုး၊ သူငယ်ချင်း မိသားစုများလို အဖေ့ ကြောက်ရတယ်၊ အမေ့ ကြောက်ရတယ်၊ အစ်မ ကြောက်ရတယ်လည်း မရှိပါဘူး။ ကျွန်တော့်တို့အိမ်မှာ ကြောက် ဆိုတဲ့ စကားလုံး အတွက် နေရာမရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။

နောက်တစ်ခုက အိမ်မှာ မိသားစုအားလုံး ကိုယ်စီကိုယ်င ပြောရေးဆိုခွင့် (have a say) ရှိကြတာပါပဲ။ တနည်းအားဖြင့် ကျွန်တော်တို့ အားလုံး အာဏာ (authority) ရှိတယ်လို့ ခံစားရတာပါပဲ။ အဖေနဲ့ အမေ ဟာ ဘယ်ကိစ္စကိုမှ
ငါတို့မိဘတွေပဲ ငါကြိုက်တာ ငါလုပ်မယ်။ မင်းတို့တွေ ဘာမှဝင်ပြောစရာမလိုဘူး၊ မင်းတို့ ကလေးတွေ ဘာမှ နားမလည်ပါဘူး
စသဖြင့် ပြောဆို ဆုံးဖြတ်ပြုမူသွားတာ မတွေ့ရသလောက်ပါပဲ။ ငယ်စဉ်ကတည်းက ဒီလို နေရာထား၊ ပါဝင်ဆွေးနွေးခွင့် ပေးထားတာကြောင့် ကျွန်တော်တို့ မောင်နှမတွေ ကြီးလာတော့ ကိုယ့်ကို ကိုယ်ယုံကြည်မှု (self-confident) အပြည့်အ၀ ရှိလာတယ်လို့ ထင်ပါတယ်။ အရေးပါတဲ့ ကိစ္စရပ်တိုင်း လိုလိုမှာလည်း မိသားစုအားလုံး စုစည်းတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာချည်းပါပဲ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ မောင်နှမတွေရဲ့ ဘ၀လမ်းကြောင်းများကို တည့်မတ်ပေးတဲ့ ကိစ္စလို့ ပြောရမယ် ထင်ပါတယ်။ အိမ်မှာ ငယ်စဉ်ကတည်းက ကျွန်တော်တို့ကို မိဘတွေက ဘယ်ဟာကိုဖြင့် လုပ်ကို လုပ်ရမယ်၊ ဘယ်ဟာကိုဖြင့် မလုပ်ရဘူး စသဖြင့် အတင်းအကျပ် တိုက်တွန်း လိုက်နာခိုင်းတာမျိုး လုံးဝကို မရှိတာပါပဲ။

အဖေနဲ့အမေဟာ ကျွန်တော်တို့ကို ဘယ်ဟာဖြင့် ဖြစ်သင့်တယ်၊ ဘယ်ဟာဖြင့် မဖြစ်သင့်ဘူး ဆိုပြီး လမ်းညွှန် (guide) လုပ်ရုံသာ လုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ကျွန်တော်တို့ မောင်နှမတွေ ဘာမဆို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် လုပ်ရပါတယ်။ မိဘတွေက လိုအပ်တာကိုသာ တတ်နိုင်သလောက် ပံ့ပိုးပေးတာပါ။

အဲ...ကျွန်တော်တို့တွေ တကယ့်ကို တစ်ခုခုတော့ လွဲနေပြီ၊ လမ်းမှားနေပြီ ဆိုရင်တော့ ကျွန်တော် ပြောခဲ့တဲ့ အဖေ့ရဲ့ မိသားစုဆွေးနွေးပွဲ နဲ့တွေ့တော့တာပါပဲ။ မိသားစုထဲက တစ်ယောက်ယောက် အနေအထိုင် အပြုအမူ တစ်ခုခု လွဲနေပြီ၊ ဆိုဆုံးမဖို့ လိုလာပြီဆိုရင် အိမ်မှာ မိသားစုဆွေးနွေးပွဲ ခေါ်ပါတယ်။ အထူးသဖြင့် ညစာစားတဲ့ ထမင်းဝိုင်းမှာ အဖေက
ကဲ...အားလုံး ထမင်းစားပြီးရင်၊ မိသားစု စကားပြော ကြမယ်၊ လာခဲ့ကြ
ဆိုပြီး ကြေညာလေ့ရှိပါတယ်။ အဲဒီလို အဖေ့ပြောသံကြားရင် တစ်ခုခုလွဲနေတဲ့ မိသားစုထဲက တစ်ယောက်ယောက် ကတော့ စိတ်မသက်မသာပေါ့။ တစ်ခါတလေကျတော့လည်း အဖေဘာ့ကြောင့် ခေါ်သလဲ မသိဘဲ၊ စကားဝိုင်းကျမှ ကိုယ့်ကိစ္စလည်း ဖြစ်ရင်ဖြစ်တတ်ပါတယ်။

ကျွန်တော်တို့ရဲ့ မိသားစုဆွေးနွေးပွဲတိုင်းဟာ တစ်စုံတစ်ယောက်ကို ဆိုဆုံးမဖို့ချည်းပဲတော့ မဟုတ်ပါဘူး။ ကဗျာဆန်ဆန်ပြောရရင် မိသားစုရဲ့ ကောင်းသတင်းများကို အတူတူ ၀မ်းသာကြ၊ တစ်ခါတလေကျတော့လည်း စိတ်မချမ်းသာစရာကိစ္စတွေကို မျှဝေခံစားကြ၊ အတူတကွ အဖြေရှာကြတဲ့ နေရာလေး တစ်ခုပါ။

ဒီနေရာမှာ မိသားစုဆွေးနွေးပွဲကို ဘယ်လိုလုပ်သလဲ (how to conduct) ဆိုတာကို ပြောပြဖို့ လိုပါလိမ့်မယ်။ ဥပမာ - ကျွန်တော့် အစ်မကြီးရဲ့ အကြောင်းကိစ္စ တစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ် ဆိုပါတော့။ မိဘတွေသာမက အငယ်တွေ ဖြစ်တဲ့ ကျန်တဲ့မောင်နှမ တွေကပါ ၀င်ရောက်ဆွေးနွေးနိုင်ခွင့်၊ ဝေဖန်သုံးသပ်နိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ အဓိက ပြောရင်တာက မိသားစုဆွေးနွေးပွဲတိုင်းမှာ ကျွန်တော်တို့တွေဟာ ကြီးသည်ငယ်သည်မရှိ တစ်ယောက်ကိုတစ်ယောက် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပါတယ်။ အဖေ့ကိုလည်း ဝေဖန်လို့ ရတယ်။ အမေ့ကိုလည်း ဝေဖန်လို့ရပါတယ်။ ဒီနေရာမှာ ဘယ်သူကမှ ငါ့စကားနွားရ ဆိုတာမျိုး၊ ခါးခါးသီးသီး ငြင်းတာမျိုး မလုပ်ကြ၊ မလုပ်ရပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိသားစု ဆွေးနွေးပွဲဟာ ကျွန်တော့်ရဲ့ ခင်မင်တဲ့ သူငယ်ချင်း အပေါင်းအသင်းများ ကြားမှာလည်း ထင်ရှားကျော်ကြား ပါတယ်။ တစ်ဦးတည်းသောသား ဖြစ်တဲ့ ကျွန်တော်၊ ငယ်စဉ်ကတည်းက အကြောင်းရှိရင် သူငယ်ချင်းတွေ အိမ်မှာ ညအိပ်ညနေ သွားခွင့် ရှိသလို၊ ကျွန်တော့်အိမ်မှာလည်း လွတ်လွတ်လပ်လပ်ရှိတာကြောင့် ညအိပ်ညနေလာကြတဲ့ သူငယ်ချင်းတွေ မပြတ်ပါဘူး။ ဒီလို မိသားစု ဆွေးနွေးပွဲ ရှိတဲ့အခါမျိုးမှာ ကျွန်တော့်မှာ သူငယ်ချင်းတွေ ရောက်နေပေမယ့်လည်း၊ သူတို့တွေကို ခဏထားပြီး၊ မိသားစုဆွေးနွေးပွဲကို သွားရစမြဲပါ။ နောက်တစ်ချက်ကတော့ အချို့သော သူငယ်ချင်းတွေဟာ သူတို့ရဲ့ မိဘတွေနဲ့ အပြန်အလှန် ဝေဖန်ဆွေးနွေးပြောဆိုဖို့ အခွင့်အရေး မရကြပါဘူး။ ဒီလိုအကြောင်းတွေကြောင့် သူငယ်ချင်းတွေ မှတ်မိနေတာ ထင်ပါရဲ့။

ကျွန်တော် ငယ်ငယ် (၈) တန်း၊ (၉) တန်း၊ အထူးသဖြင့် (၁၀) တန်း အောင်ပြီး ကာလများမှာတော့ မိသားစုဆွေးနွေးပွဲများဟာ ကျွန်တော်နဲ့ပဲ အဓိက ပတ်သက်ပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အထက်ကျောင်းတစ်ခုမှာ ပညာသင်ကြားကြတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း အများစုဟာ ချမ်းသာကြပါတယ်။ မာစီဒီးကားနဲ့ ကျောင်းတက်သူ (+++ သယ်ရင်းရေ၊ ငါတော့ ဖွလိုက်ပြီ :P )၊ ကိုယ်ပိုင်ကားကို ဂျပန် အထိ သွားဝယ်သူ စသဖြင့် ငွေကြေးအားဖြင့် အတော်ပြည့်စုံကြပါတယ်။ ဆယ်တန်းအောင် အပြီးမှာတော့ ကိုယ်ပိုင်ကား ကိုယ်စီမောင်းနေကြတဲ့ သူငယ်ချင်းများနဲ့ ဟိုယောင်ဟောင်၊ ဒီယောင်ယောင်လုပ်၊ သူငယ်ချင်းတွေ ဟိုသွားလည်းလိုက်၊ ဒီသွားလည်းပါပေါ့။ အဲဒီတုန်းက (၁၉၉၅-၉၆ နှစ်များက) ရန်ကုန်မှာ စဖွင့်ပြီး ခေတ်စားတဲ့ night club များကိုလည်း အပတ်စဉ်လိုလို ရောက်ဖြစ်၊ ကခုန်ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီတုန်းက မိသားစုဆွေးနွေးပွဲ အတော်များများမှာ ကျွန်တော့်အကြောင်းက နေရာယူထားပြီး၊ အဖေ့ရဲ့
မင်း...သူများ စိန်နားကပ်အရောင်နဲ့ပါးမပြောင်နဲ့၊ ကိုယ့်အခြေအနေကိုယ်သိ
ဆိုပြီး မကြာခဏ ဆိုဆုံးမတာကိုလည်း ခံခဲ့ရပါတယ်။ သူငယ်ချင်းတွေ လောက် ငွေကြေးအားဖြင့် မပြည့်စုံတဲ့ ကျွန်တော်အနေနဲ့ သူငယ်ချင်းတွေ သွားသမျှ လိုက်နေပေမယ့်၊ သူတို့ သုံးသလို လိုက်သုံးဖို့ ဆိုတာမှာတော့ အခက်အခဲ ရှိပါတယ်။

ဒီမိသားစု ဆွေးနွေးပွဲတွေကြောင့် ကျွန်တော့်ဘ၀မှာ အမှန်အမှားကို ခွဲခြားမြင်လာတယ်။ ကိုယ့်အခြေအနေကို ကိုယ် ပကတိအတိုင်း သဘောပေါက်လာတယ်။ ကျွန်တော့် ဘ၀လမ်းကြောင်းတွေကို တည့်မတ်စေခဲ့တယ် ဆိုပါတော့။ ကျွန်တော် လုပ်ငန်းခွင်ဘ၀ထဲ ရောက်ခဲ့ ပြန်တော့လည်း အောက်သက်ကျေအောင်၊ လုပ်ငန်းခွင်နဲ့ အံ့ဝင်ခွင်ကျအောင် ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက အုပ်ချုပ်မှု အပိုင်းမှာ နေလာခဲ့ပြီး၊ ၀န်ထမ်း ထောင်ချီ အုပ်ချုပ်ခဲ့တဲ့ အဖေနဲ့ ဒီမိသားစုဆွေးနွေးပွဲတွေကပဲ ထိန်းကျောင်း ပဲ့ပြင်ပေးခဲ့တာလို့ သုံးသပ်မိပါတယ်။

တကယ်တော့ အိမ်မှာ ငယ်ငယ်ကတည်းက အဖေက မိသားစုတွေအားလုံးကို အခွင့်အရေး၊ လွတ်လပ်ခွင့် အပြည့်ပေးထားပြီး၊ ကိစ္စတော်တော်များများမှာ မိသားစုဆွေးနွေးပွဲတွေလုပ်ပြီး၊ အများသဘောတူဆန္ဒ (consensus) နဲ့ ပဲ့ပြင် ဦးဆောင်သွားပါလားဆိုတာ ကြီးမှ မြင်လာ၊ သဘောပေါက်လာပါတယ်။ ဒါကြောင့် မိသားစုနဲ့ ဝေးကွာနေပြီး အကြံကောင်းတွေ လိုတဲ့အခါ ဒါမှမဟုတ် အခက်အခဲ ပြဿနာတွေနဲ့ ကြုံရတိုင်းမှာတော့ အိမ်က မိသားစုဆွေးနွေးပွဲတွေကို သတိရမိတယ်ဗျာ...

မှတ်ချက်။ ဒီစာစုကို အဖေနဲ့အမေရဲ့ ဒီနေ့ (၂၀၁၀၊ ဇူလိုင်လ ၁၅ ရက်) မှာ ကျရောက်တဲ့ နှစ် (၄၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို အမှတ်တရ ဖြစ်စေဖို့ ရေးပါတယ်။ (တချို့သော အဖေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့များမှာ ကျွန်တော်တို့ မောင်နှမတွေ အားလုံး တိုက်တိုက်ဆိုင်ဆိုင် ရေမြေခြားမှာ ရောက်နေတတ်ကြပါတယ်။ သတင်းစာများမှာ ခေတ္တ (+++ နိုင်ငံ) တွေ ဖော်ပြပြီး ဆုတောင်းတွေ ထည့်ကြတာ ခေတ်စားလို့ ထည့်ဖို့ နောက်ပြောင်ပြောတိုင်း ခါးခါးသီးသီး ငြင်းတဲ့၊ သတင်းစာမှာ ဆုတောင်းထည့်မှာ ကြောက်တဲ့ အဖေ့အတွက် သတင်းစာ ကြော်ငြာမထည့်ဘဲ Facebook မှာ ရေးပါကြောင်း။)

lonetone
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

Monday, June 21, 2010

Presentation လုပ်ရာဝယ် (၁)


(ဂျပန်နိုင်ငံ တက္ကသိုလ် စာသင်ခန်းတစ်ခုအတွင်းက ဂျပန် နဲ့ နိုင်ငံတကာ ကျောင်းသားများ)

မှတ်မိပါသေးတယ် ဂျပန်နိုင်ငံရောက်စ ကျောင်းမှာ ပါမောက္ခ နဲ့ နိုင်ငံတကာကျောင်းသားတွေ ရှေ့မှာ ပထမဦးဆုံး ဘာသာရပ်ဆိုင်ရာ တင်ပြဆွေးနွေးမှု (Presentation) တစ်ခု စလုပ်ရတော့ အသံတွေတုန်၊ စိတ်လှုပ်ရှားလို့ပေါ့။ မနည်းထိန်းပြီး ဟန်မပျက်သာ လုပ်ရတယ် ရင်ခုန်သံတွေလည်း မြန်မှ မြန်ပါပဲ။

ကျွန်တော့်အနေနဲ့တော့ လူအများရှေ့မှာ Presentation လုပ်ရတိုင်း ဒီလို ခံစားမှုမျိုး အနည်းနဲ့ အများ ဆိုသလို ဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီနေရာမှာ အတွေ့အကြုံက အတော် စကားပြောမယ်လို့ ယုံပါတယ်။ အတွေ့အကြုံ များလာရင်တော့ ပိုပြီးတည်ငြိမ်လာမှာပါပဲ။

ကျွန်တော်ကတော့ စင် မကြောက်အောင် (stage fright မဖြစ်အောင်) ငယ်ငယ်ကတည်းက အမြဲအားတင်းပြီး ကိုယ့်ကိုယ်ကို လေ့ကျင့်ယူပါတယ်။ ပထမဆုံး အလေ့အကျင့်အနေနဲ့ ဆယ်တန်းအောင်အပြီး၊ ၁၉၉၈ ခုနှစ်လောက်တုန်းက UFL မှာ အင်္ဂလိပ်စာ ညနေပိုင်း သင်တန်းတက်တုန်းက ဆရာခေါ်တိုင်း လူအများရှေ့ (လူ ၇၀၊ ၈၀ လောက် ရှေ့) ထွက်ပြီး အင်္ဂလိပ်စကား မှားမှားမှန်မှန် ထပြောဖြစ်ခဲ့ပါတယ်။ ဒီလိုလေ့ကျင့်ခဲ့မှုတွေဟာ ကျွန်တော့်ကို နောင်မှာ အများကြီး အကျိုးပြုပါတယ်။

ကျွန်တော့် အနေနဲ့တော့ Public Speaking and Presentation ဟာ လုပ်ပုံလုပ်နည်း စာအုပ်တွေ ဖတ်နေရုံနဲ့ အကျိုးမထူးဘဲ၊ လေ့ကျင့်ခြင်းဖြင့်သာ အောင်မြင်မယ်လို့ ယုံကြည်လို့၊ နောက်ပိုင်း အင်္ဂလိပ်စာ သင်တန်းများ နဲ့ လုပ်ငန်းခွင်မှာ အကြောင်းတိုက်ဆိုင် တိုင်း Public Speaking ကို လေ့ကျင့်မှုတစ်ခု အနေနဲ့ လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။

ဆိုချင်တာက ဒီလိုအတွေ့အကြုံမျိုး အနည်းအများရှိရက်နဲ့ ဘာကြောင့် ဂျပန်မှာ Presentation တွေ စလုပ်ရတော့ စိတ်လှုပ်ရှားတဲ့ ခံစားမှု မပျောက်သလဲ ဆိုတာကိုပါ။ ဆန်းစစ်ကြည့်တော့ ပတ်ဝန်းကျင်ကြောင့်လို့ပဲ ဆိုရမှာပါ။

(တစ်)...မြန်မာနိုင်ငံမှာ Public Speaking and Presentation လုပ်တုန်းက ကိုယ့် ပရိသတ် (audience) က မြန်မာကျောင်းသားတွေ ပဲလေ။

(နှစ်)...လုပ်ငန်းခွင်ဆိုင်ရာ တင်ပြဆွေးနွေးမှု အတွေ့အကြုံကိုလည်း ထည့် စဉ်းစားပါတယ်။ လုပ်ငန်းခွင် နယ်ပယ်ကိုတော့ နှစ်ပိုင်း ထပ်ခွဲ ရပါမယ်။ ပုဂ္ဂလိက (Private) နဲ့ အစိုးရ (Public) ဆိုပြီးတော့ ။ Private အပိုင်းမှာတော့ Public နဲ့ယှဉ်ရင် Public Speaking and Presentation အတွေ့အကြုံ ပိုများပါတယ်။

(သုံး)...ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘွဲ့ကြို အဝေးသင် ပညာရေးစနစ်မှာ Presentation လုပ်ဖို့ အကြောင်းအခွင့် မသင့်ပါ။

(လေး)...ဂျပန်မှာက ကိုယ့်ကို အတိုင်းအတာ တစ်ခုအထိ မညှာတမ်း ဝေဖန်မယ့် ပါမောက္ခနဲ့ အားမနာတတ်တဲ့ နိုင်ငံတကာ ကျောင်းသားများ ရှေ့မှာ လုပ်ရတာကိုး။ (နောက်...ဖြီးလို့ မရပါ။)

ဒါကြောင့် နိုင်ငံရပ်ခြား အဆင့်မြင့်ပညာရေးမှာ Presentation လုပ်ရာတာ ထင်သလောက် မလွယ်ကူကြောင်း နဲ့ လုပ်တိုင်းလုပ်တိုင်းမှာ အတိုင်းအတာတစ်ခု အထိတော့ စိတ်လှုပ်ရှားမှု (excitement) ရှိနေမှာကို ကိုယ့်ကိုယ်ကို လက်ခံရပါတယ်။

နောက်ပြီး Public Speaking and Presentation ဟာ နိုင်ငံရပ်ခြားမှာ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ကြမယ့် သူတွေသာမကဘဲ၊ လုပ်ငန်းခွင် နယ်ပယ်မှာ ရောက်နေသူတွေအတွက်လည်း အနည်းနဲ့အများဆိုသလို မလွဲမသွေ ကြုံရမှာ ဖြစ်လို့ တစုံတရာ တွေးဆနိုင်စေဖို့ ကျွန်တော့်ရဲ့ ဂျပန်မှာရတဲ့ တက္ကသိုလ်က အတွေ့အကြုံအချို့ကို မျှဝေလိုက်ပါတယ်။

ကနဦးအနေနဲ့ ဒီပို့စ်မှာ Presentation ကောင်း တစ်ခု ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာမပြောခင် Presentation နဲ့ ပတ်သက်ပြီး ဆင်ခြင်သင့်တာတွေကို အရင် ပြောပြချင်ပါတယ်။

အခု ပြောပြချင်တဲ့ အဖြစ်အပျက်ကတော့ မကြာသေးခင်က ကျောင်းမှာ အတန်းတက်ရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ပါမောက္ခ (၃) ဦး နဲ့ ကျောင်းသား (၂၀) ကျော်လောက် တက်ခဲ့တဲ့ မဟာဘွဲ့တန်းရဲ့ ဆွေးနွေးပွဲ (Seminar) အတန်း တစ်ခုမှာ ကြုံတွေ့ခဲ့ရတာပါ။

ဒီအကြောင်းမပြောခင် တဆက်စပ်တည်း ဂျပန်နိုင်ငံက ဘွဲ့ကြို၊ ဘွဲ့လွန်တန်းတွေမှာ သင်ကြားပို့ချတဲ့ သင်ပုံသင်နည်းအချို့ကို အခြားသောနိုင်ငံများမှာ သင်ကြားနေကြပုံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့ အကြမ်းဖျင်း ရှင်းပြချင်ပါသေးတယ်။

ဂျပန်နိုင်ငံရဲ့ ယခုလက်ရှိ ပညာရေးစနစ်အရ ဘွဲ့ကြို၊ ဘွဲလွန်တန်းတွေမှာ ဘာသာရပ်တွေကို ပို့ချတဲ့အခါ ဆရာကပဲ အဓိက ဟောပြောပို့ချတဲ့ (Lecture) တန်းနဲ့ ဆရာက ဦးဆောင်လမ်းပြပေးရုံ (guide လုပ်ရုံ) သာ လုပ်ပြီး ကျောင်းသားတွေကသာ အဓိက ပါဝင်ဆွေးနွေးရတဲ့၊ ဂျပန်လို ဇယ်မိ လို့ အကြမ်းဖျင်း အသံထွက်ခေါ်ကြတဲ့ (Seminar) တန်းဆိုပြီး ယေဘုယျအားဖြင့် သင်ပုံသင်နည်း နှစ်နည်းနဲ့ သင်ပါတယ်။

Lecture တန်း ဆိုရင် ဆရာက ပင်ပန်းပြီး ကျောင်းသားက သက်သာပါတယ်။ ကျောင်းသားတွေက ဆရာဟောပြောပို့ချတဲ့ စာကို နားထောင်၊ မှတ်သားရုံသာ လုပ်ရတာဖြစ်လို့ ကျောင်းသားဘက်က အားစိုက်ရတာနည်းလို့ သက်သာတယ်လို့ အကြမ်းဖျင်း ပြောတာပါ။ ဆရာပေါ်မူတည်ပြီးတော့ ကွဲပြားမှု အနည်းငယ်တော့ ရှိပါတယ်။

အဲ...Seminar မှာဆိုရင်တော့ ကျောင်းသားရဲ့ participation က အဓိကပေါ့။ ဘာသာရပ်ဆိုင်ရာကို ကိုယ်တိုင် ချက်နဲ့လက်နဲ့ သေသေချာချာ ၀င်ရောက် မပြောဆိုနိုင်၊ မဆွေးနွေးနိုင်ရင် ပါဝင်ဆွေးနွေးမှု (participation) ဆိုင်ရာ အမှတ် မရနိုင်သလို၊ ဆရာနဲ့ အတန်းဖော်များကလည်း မလေးစားကြပါဘူး။

ဒီမှာ အကြမ်းအားဖြင့် Lecture တန်းတွေမှာ လူများပြီး၊ Seminar တန်းမှာက လူနည်းစုသာ ရှိကြပါတယ်။ (ပုံမှန် Seminar တန်း တစ်တန်းမှာ လူ ၆ ယောက်၊ ၇ ယောက် လောက်သာ ရှိပြီး၊ ကျောင်းသားအများဆုံး ရှိတဲ့ အတန်းမှ လူ ၂၀ လောက်သာ ရှိတာပါ။) နောက်ပြီး အချို့သော Seminar တန်းတွေက တစ်နှစ်ပတ်လုံး၊ semester နှစ်ခုစလုံး တက်ပါမှ credit (၂) ခု ပဲရပါတယ်။

ဒါကြောင့် အချို့ကျောင်းသားတွေက Seminar တန်းတွေက အချိန်ပေးရတာများ၊ ပင်ပန်းပြီး၊ credit ရတာ မတန်လို့ မယူမဖြစ် (compulsory) ကလွဲရင် ရှောင်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ် စာလိုချင်တယ်ဆိုရင်တော့ ဒီလို Seminar တန်းတွေမှာသာ ပါမောက္ခတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးဖို့ အခွင့်အရေး ပိုရပြီး၊ ဆရာတွေကလည်း တစ်ဦးချင်းစီကို အချိန်ပေး ဂရုထားနိုင်တာ (individual attention ပေးနိုင်တာ) ကြောင့် တကယ့်ကို အကျိုးရှိတယ်လို့ ဆိုချင်ပါတယ်။

အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရရင် ကျွန်တော်က အဝေးသင်ကျောင်းသား တစ်ယောက် ဖြစ်တာမို့၊ မြန်မာနိုင်ငံမှာတုန်းက စာမေးပွဲအတွက် ဖွင့်တဲ့ အနီးကပ်သင်တန်း (၁၀) ရက်လောက်က လွဲရင် တစ်ခါမှ ဘာသာရပ်ဆိုင်ရာ စာကို စနစ်တကျ မသင်ဖူးပါ။ အခုဘွဲ့လွန်သင်ယူမှုဟာ ဘ၀မှာ ပထမဦးဆုံးသော ဆရာနဲ့ စနစ်တကျ ထိတွေ့သင်ကြားဖူးတဲ့ အဆင့်မြင့်ပညာရပ်ပါပဲ။

ကျွန်တော်ရောက်စ သုတေသနကျောင်းသားဘ၀ နဲ့ မဟာတန်း ပထမနှစ်၊ ပထမနှစ်ဝက် (first semester) မှာတုန်းကတော့ မတတ်တခေါက် အင်္ဂလိပ်စာလေးနဲ့ သိတယ်လို့ထင်ပြီး၊ တကယ်တမ်းကျတော့လည်း ရေရေလည်လည် မသိတဲ့ အကြောင်းအရာ တွေကို participation အနေနဲ့ ၀င်ရောက်ဆွေးနွေးပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ခဲ့တယ်ပေါ့။ ဆရာတွေကလည်း ကျောင်းသားသစ်လေးတွေ ကြိုးစားပြီး ၀င်ရောက်ဆွေးနွေးရှာတယ်ဆိုပြီး မှားရင်တောင် အပြစ်မမြင်ဘဲ အားပေး (encourage လုပ်) ကြပါတယ်။

နောက်ပိုင်းကျတော့မှ ဘာသာရပ်တွေ လေ့လာသင်ယူရာမှာ အင်္ဂလိပ်စကား တတ်ရုံလောက်နဲ့ မပြီးဘဲ၊ သက်ဆိုင်ရာဘာသာရပ်ကို နှံစပ်အောင်လေ့လာဖို့၊ တကယ်နားလည်ပြီး ပါဝင်ဆွေးနွေးနိုင်ဖို့ဟာ ပိုအရေးကြီးပါလား...ဆိုတာ သဘောပေါက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးမိပြီး ရှက်မိသလို၊ ပြောရဲဆိုရဲဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ ဆရာတွေရဲ့ စေတနာကို လည်း အထူးကျေးဇူးတင်မိပါတယ်။

ဆိုလိုချင်တာကတော့ ဘွဲ့လွန်တန်းတွေမှာ အင်္ဂလိပ်စာ တတ်ကျွမ်းဖို့ (အနိမ့်ဆုံး communicable ဖြစ်ဖို့) ဟာ ထည့်ပြောစရာကို မလိုတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပြီး၊ ဘာသာရပ်ဆိုင်ရာ သိနားလည်မှုကတော့ တကယ့်ကို လိုအပ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုချင်တာပါ။

Presentation ဆိုင်ရာကို ဆက်ပါတော့မယ်...

အဲဒီနေ့က Seminar မှာ တင်ပြဆွေးနွေးသူ (Presenter) က ကျွန်တော်တို့ တက္ကသိုလ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပါရဂူဘွဲ့ ရရှိသွား တဲ့ အသက် ၄၀ ၀န်းကျင်၊ အင်ဒိုနီးရှားနိုင်ငံ Public Sector က ၀န်ထမ်းတစ်ဦးပါ။ လက်ရှိ လက်အောက်ခံ ၀န်ထမ်း ၅၀၊ ၁၀၀ ၀န်းကျင် လောက်ကို စီမံခန့်ခွဲရတဲ့ မြို့နယ်ဦးစီးမှူး အဆင့်ရှိသူ တစ်ယောက်လို့ သိရပါတယ်။ Governance နဲ့ပတ်သက်ပြီး Guest Speaker အနေနဲ့ ပြန်လည်လာရောက် ဆွေးနွေးတာပါ။

လက်တွေ့လုပ်ငန်းခွင် နယ်ပယ်ကနေ လာပြီး ပို့ချတာကတကြောင်း၊ ပညာအဆင့်အနေနဲ့လည်း ပါရဂူဘွဲ့ကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပြီး၊ ဒီလိုဆွေးနွေးပွဲမျိုးတွေနဲ့ အကျွမ်းဝင်တာကြောင့် သတ်မှတ်ချိန် တစ်နာရီအတွင်း သူ့ရဲ့ဆွေးနွေးတင်ပြမှုကို ဝေေ၀ဆာဆာ စိတ်ဝင်စားစရာကောင်းအောင် တင်ပြဆွေးနွေးသွားနိုင်ပါတယ်။

အဲ ပြဿနာက...တင်ပြသူပုဂ္ဂိုလ်က PowerPoint Presentation လုပ်ရာမှာ lap top ကို ကိုယ်တိုင် ကိုင်မသုံးဘဲ၊ ပါရဂူဘွဲ့ လာတက်နေသူ ကျွန်တော်တို့တွေရဲ့ အတန်းဖော်သူငယ်ချင်း အင်ဒီုနီးရှားနိုင်ငံသား ကျောင်းသားတစ်ဦးကို သူ့ကိုယ်စား ကိုယ်တွယ်ခိုင်းပါတယ်။ သူ တင်ပြဆွေးနွေးစဉ် တလျှောက်လုံး ထိုကူညီဆောင်ရွက်ပေးသူ ကျောင်းသားရဲ့ အမည်ကို အကြိမ်(၃၀) ကျော်လောက် ခေါ်ဝေါ်ပြီး၊ အထက်စီးကနေ အမိန့်ပေးတဲ့ လေသံနဲ့ ပြောဆိုဆက်ဆံသွားပါတယ်။

Presenter က အစပိုင်းမှာ ဆလိုက်များ၊ ဗီဒီယိုများကို ရှေ့နောက် ပြသစေဖို့ စသဖြင့် ကူညီပေးသူ ကျောင်းသားကို နာမည်တပ် ခေါ်ဝေါ်ပြီး၊ သုံးလေးငါးကြိမ်လောက် ပြောစဉ်က နားထောင်သူပရိသတ် (audience) များ အနေနဲ့ အထူးအထွေ ဝေဖန်ဖို့ မရှိပါဘူး။ ဒါပေမယ့် တင်ပြသူက သူ့ရဲ့ တစ်နာရီကြာ ဆွေးနွေးမှုမှာ ကျွန်တော်တို့ရဲ့ အတန်းဖော်သူငယ်ချင်း နာမည်ကို အကြိမ် (၃၀) လောက် ခေါ်ပြီး၊ အများရှေ့မှာ အထက်စီးသဘောမျိုးနဲ့ ခိုင်းစေလာတော့ နားထောင်သူတွေ အနေနဲ့ အတော်ကို နားမခံသာ ဖြစ်လာပါတယ်။

အချို့ကျောင်းသားများဆိုရင် ကူညီသူ (assist လုပ်ပေးသူ) ကျောင်းသားရဲ့ နာမည်ကို Presenter က တစ်ကြိမ် ထပ်ခေါ်တာ ကြားရတိုင်း ရယ်ကြသလို၊ အချို့ကလည်း နှာခေါင်းရှုံ့ကြ၊ မနှစ်သက်တဲ့ အမူအရာကို ပြနေကြပါပြီ။ ဒါကို ထိုပုဂ္ဂိုလ်က သတိမမူ မိတာလား၊ ကူညီသူ ကျောင်းသားအပေါ် သူ့ရဲ့ superior role ကို ပြချင်တာကြောင့်လား မသိ၊ မဆင်ခြင်ပါ။

ဆွေးနွေးတင်ပြချက်တွေဟာ စိတ်ဝင်စားစရာကောင်းပေမယ့်၊ ကူညီသူကျောင်းသားအပေါ် သူ့ရဲ့ပြုမူပုံနဲ့ ပတ်သက်ပြီး၊ တင်ပြမှုအဆုံး အမေးအဖြေ (Q & A) အပိုင်းမှာ ပါမောက္ခတစ်ဦးရဲ့ ထိထိရောက်ရောက် ဝေဖန်မှုကို ခံလိုက်ရပါတယ်။ တုံပြန်မှုကတော့ ကူညီဆောင်ရွက်ပေးသူ ကျောင်းသားဟာ တကယ်တော့ သူ့ဌာနက လက်အောက်ခံ ၀န်ထမ်းဖြစ်ကြောင်း၊ အများသိအောင် ပြောရင်း သူ့ရဲ့ role ကို မြှင့်သွားပါသေးတယ်။

အဲဒီနေ့ ဆွေးနွေးပွဲအပြီးမှာ တင်ပြသူပုဂ္ဂိုလ်ရဲ့ ဆက်ဆံပြုမူပုံ (treatment) နဲ့ပတ်သက်ပြီး ပရိသတ်များ အကြားမှာ အတော် ဂယက်ရိုက် သွားပါတယ်။ ကျွန်တော်ကတော့ ပါရဂူတန်းတက် ကျောင်းသားရဲ့ obedience ဖြစ်မှုကို ချီးကျူးပါတယ်။ ဒီနေရာမှာ အဓိက ဆင်ခြင်စရာတစ်ခုက တင်ပြသူက နိုင်ငံတကာ ကျောင်းသားများအလယ်မှာ သူလိုချင်တာ၊ သူပေါ်လွင်စေချင်တာက သူ့ဘယ်လောက် တတ်သိကြောင်း၊ လုပ်ပိုင်ခွင့်ရှိကြောင်း နဲ့ ပရိသတ်ရဲ့ အထင်ကြီးမှု ကိုပါ။ သူတကယ်ရလိုက်တာက သူလိုချင်တာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သူသိပါလေစ...။

Sunday, May 9, 2010

စာဖတ်ခန်း၊ စာဖတ်ဝါသနာ နဲ့ စာအုပ်ဆိုင်များ




(ကမ္ဘောဒီးယားနိုင်ငံက တပိုင်တနိုင် Book Cafe အိမ်ဆိုင်များ)

ကျွန်တော့်ဘ၀မှာ လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေ အတော်များများ ရှိပါတယ်။ အဲဒီအထဲက ဆန္ဒတစ်ခုကတော့...တပိုင်တနိုင် စာဖတ်ခန်းလေး တစ်ခု တည်ထောင်ချင်တာပါပဲ။

ကျွန်တော်တို့တွေ၊ လူငယ်တွေ စာတွေဖတ်ဖို့ လိုသေးတယ်ဗျာ။ စာတွေ မဖတ်တော့ မသိ၊ မသိတော့... ပိုဆိုးတော့တာပေါ့ဗျာ။ အဲဒီလိုပြောလို့ မင်းကကော စာတွေ ဘယ်လောက်ဖတ်နေလို့လဲ၊ ဘယ်လောက်များ သိနေလို့လဲလို့ မေးရင်တော့...ကျွန်တော်လည်း ကြိုးစားပြီးသာ ဖတ်နေတာ၊ ချပြလောက်အောင် များပြားတဲ့ အရေအတွက်တစ်ခု အထိ မဖတ်ဖြစ်သေးဘူး၊ ဘာမှ ပြောပလောက်အောင် မသိသေးဘူးလို့ပဲ ဆိုရမှာပါ။

စာဖတ်ခန်းတစ်ခု လုပ်ချင်တဲ့ စိတ်ကူးရဲ့အစ ကတော့ ကျွန်တော့်ရဲ့စာဖတ်ဝါသနာပါမှုက စတာပဲလို့ ဆိုရမှာပဲ။

ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတော့ စာတွေ အစုံဖတ်တယ်။ အစုံဖတ်တော့ အတွေးစုံတာပေါ့။ စာဖတ်တာကို အားပေးတဲ့၊ အမြင်ကျယ်တဲ့၊ အင်ဂျင်နီယာ အဖေက ကျွန်တော်တို့မောင်နှစ်မတွေကို ဘယ်စာကို ဖတ်ရမယ်၊ ဘယ်စာကို မဖတ်ရဘူးလို့ တားမြစ်ခဲ့တာ မရှိခဲ့ပါဘူး။

ဒါပေမယ့် မှတ်မှတ်ရရ ၆ တန်း၊ ၇ တန်းလောက်တုန်းကတော့ နီလေးမောင်ရဲ့ မှုခင်းစာအုပ်၊ ဦးနုရဲ့ ကာမတဏ္ဍာ စာအုပ်တွေကို ဖတ်နေတာတွေ့တော့၊ ငယ်သေးလို့ သိပ်မဖတ်စေချင်ကြောင်း အရိက်အမြွက်လောက် ပြောဖူးပါတယ်။ ဒါပေမယ့်လည်း အဖေက ဘာကြောင့် မဖတ်စေချင်တာလည်းဆိုပြီး သိချင်လို့၊ စူးစမ်းပြီး ပိုလို့တောင် ဖတ်ဖြစ်သွားပါသေးတယ်။

လိုရင်းကို ဆက်ရရင် ဒီလိုစာဖတ်ဝါသနာပါတော့ အရွယ်ရောက်လာတော့ စာအုပ်တွေ ၀ယ်တော့တာပေါ့။ ရသမျှ မုန့်ဖိုး၊ ရှိတဲ့ပိုက်ဆံ ကုန်အောင် စာအုပ်ဝယ်ပစ်တယ်။ စာအုပ်တွေ မြင်နေရရင် ပျော်တယ်။ စာအုပ်တွေကို ဖုန်သုတ်ပြီး၊ တသသ လုပ်နေရရင် ပျော်တယ်။ အဲဒီလောက်ကို စာအုပ်တွေကို ကြိုက်တာပါ။ ဒါ့ကြောင့် ဆရာတစ်ယောက်က ပြောဖူးတယ် မင်းက bibliophile တဲ့။ အဓိပ္ပာယ်က bibliophile = a person who loves or collects books ၊ စာဂျပိုးလို့ ဆိုကြတဲ့ bookworm နဲ့တော့ အဓိပ္ပာယ် အနည်းငယ် ကွာပါတယ်။ (bookworm = a person who reads a lot)

ဒါ့ကြောင့် အိမ်မှာလည်း စာအုပ်တွေ များသထက် များလာပါတယ်။ ဒီလိုများလာတော့ သိပ်မဖတ်ဖြစ်တဲ့ တစ်ချို့စာအုပ်တွေ၊ အဖေတို့လက်ထက်က စာအုပ်ဟောင်းတွေကို အိမ်အပြင်ဘက် အခန်းတစ်ခန်းမှာ ခွဲထားဖြစ်တော့ တဗီဒီုလုံး ချစားခံရတယ်။ အောင်သန်းရဲ့ အောင်ဆန်း စာအုပ်အပါအ၀င် စာအုပ်ဟောင်း၊ စာအုပ်ကောင်းတွေ ပါသွားတယ်။ အတော့်ကို စိတ်မကောင်း ဖြစ်ခဲ့တာပဲ။

ကိုယ့်စာအုပ်တွေ ပျက်စီးမှ စိတ်မကောင်းဖြစ်တယ် မထင်ပါနဲ့။ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်တစ်အုပ်ထဲမှာ (သူလိုလူ လို့ ထင်တာပဲ) ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ စာအုပ် သေတ္တာ (၄) သေတ္တာလောက် ချစားခံရတယ်ဆိုတဲ့ ဖြစ်ရပ်မှန် ဖတ်ရတော့ ရင်ထဲနင့်ပြီး၊ အဲ့ဒီရက်ပိုင်း ထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။ အဲဒီစာအုပ် ပြန်ဖတ်ဖြစ်တိုင်းလည်း စာအုပ်တွေ ပျက်စီးတဲ့ အကြောင်းဖတ်ရရင် စိတ်မကောင်း ဖြစ်နေတုန်းပါပဲ။

ဆိုလိုချင်တာက စာအုပ်တွေကို ချစ်ရတာ တန်ဖိုးကြီးပါတယ်။ အမြဲထိန်းသိမ်းစောင့်ရှောက်နေဖို့လဲ လိုတာပါပဲ။ မထိန်းသိမ်းနိုင်တာနဲ့ ကိုယ်တန်ဖိုးကြီးပေးပြီး ၀ယ်ထား၊ စုထားရတဲ့ စာအုပ်တွေဟာ တခဏအတွင်း အနိစ္စသဘောနဲ့ ကိစ္စချော ကုန်တာကိုး။

နောက်ဖြစ်ချင်တော့ လွန်ခဲ့တဲ့ (၇) နှစ်လောက်ကစလို့ ကျွန်တော် မြန်မာပြည်မှာ မနေရတော့ပါဘူး။ ပထမ ကမ္ဘောဒီးယားကို အလုပ်ကိစ္စနဲ့ သွားရတော့ ကျွန်တော့်စာအုပ်တွေကို ကျွန်တော့် ထိန်းသိမ်းမှုအောက်က စခွဲရတော့တာပဲ။ ဒါတောင် မဖြစ်မနေဖတ်ချင်တဲ့ စာအုပ်တွေကို ဒေါ်လာဈေးကြီး ပေါင်ပို ပေးပြီး၊ ကမ္ဘောဒီးယားအထိ သယ်ခဲ့သေးတယ်။ ဥပမာ - ဆရာကြီးတက်တိုးရဲ့ ဟိုးအရင်က ထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (၂) အုပ်တွဲ ဆိုရင် ကျွန်တော်ဘယ်သွားသွား အမြဲပါအောင် ခေါ်စမြဲပါပဲ။ (အခုတော့ ဂျပန်က ကျွန်တော့်ရဲ့ကျောင်းက Study Room မှာ မိန့်မိန့်ကြီးပေါ့။)


(ကမ္ဘောဒီးယားက ကျွန်တော့်စာအုပ်များ)

ကမ္ဘောဒီးယားမှာ ရောက်နေတုန်းက ရန်ကုန်အိမ်ကို ဖုန်းဆက်တိုင်း ကျွန်တော့်စာအုပ်တွေကို အမေတို့တွေ ကောင်းကောင်းထိန်းသိမ်းရဲ့လား ဆိုတာ ခဏခဏ မေးလို့ အမေကတောင် စိတ်တိုပါတယ်။ ဒါတောင် ကမ္ဘောဒီးယား မထွက်ခင် ကျွန်တော်တို့ မောင်နှစ်မတွေ အဖေ့ကျေးဇူးနဲ့ စုထားတဲ့၊ စနစ်တကျ တွဲထားတဲ့ မြန်မာတိုင်းမ် (စထွက်ကတည်းက စုထားတဲ့ အင်္ဂလိပ်-မြန်မာ) စာစောင်တွေ၊ မဂ္ဂဇင်းအစုံတွေ (အုပ်ရေ၊ စောင်ရေ ၅၀၀ နီးပါးလို့ မှတ်မိပါတယ်) ကို ပြန်ကြားရေးအောက်က မရမ်းကုန်း ပြန်၊ဆက် စာဖတ်ခန်းကို လှူဖြစ်ခဲ့သေးတယ်။

နောက်ပြီး ရန်ကုန်ကအိမ်က ဆောက်ထားတာ နှစ် သုံး၊ လေးဆယ်လောက် ရှိတဲ့အပြင်၊ ဆောက်ထားတာ ပုံစံမကျတော့ အမိုးဘယ်လောက်ပြင်ပြင် ခဏခဏ မိုးယိုတတ်လို့ မိုးရာသီရောက်တိုင်း၊ မိုးသည်းတိုင်း ငါ့စာအုပ်တွေတော့ အကောင်းအတိုင်း ရှိသေးရဲ့လား လို့လည်း မကြာခဏ ပူပန်မိသေးတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်လောက် ကမ္ဘောဒီးယားက ပြန်ရောက်တော့ စာအုပ်တွေ စစ်ကြည့်တော့ အတော်များများ အခြေအနေ ကောင်းပါသေးတယ်။ ဒါပေမယ့် ကျွန်တော်မရှိတုန်းမှာ အမေတို့ အစ်မအလတ်တို့က အသုံးမလိုတဲ့ အချို့ စာအုပ်တွေ ရှင်းတယ်၊ လွှင့်ပစ်တယ်လို့တော့ သိရပါတယ်။

ပြန်လာတော့ စာအုပ်တွေစစ်တော့ ကျွန်တော့်ထားခဲ့တဲ့ ပစ္စည်းတွေထဲမှာ အဖိုးလေးတစ်ယောက်ရဲ့ ဒိုင်ယာရီ စာအုပ် (၃) အုပ် ပျောက်နေတယ်လို့ မှတ်မိပါတယ်။ အဖိုးလေးက အရင်တုန်းက အခေါ်အဝေါ်နဲ့ ပြောရင် ချင်းဝိသေသတိုင်းမှာ ရာထူးကြီး ထမ်းဆောင် တာဝန်ယူခဲ့သူပါ။ (အရင်တုန်းက ချင်းကို ပြည်နယ်လို့ မခေါ်ဘဲ တိုင်းလို့ခေါ်တာ သမိုင်း စိတ်ဝင်စားသူတွေ မှတ်မိကြမှာပါ။ အခုခေတ်ဆိုရင်တော့ သူတာဝန်ယူခဲ့တဲ့ဌာနက ပြည်ထဲရေးအောက်က အထွေထွေအုပ်ချုပ်ရေးဌာနလို့ နားလည်ပါတယ်။) စစ်ကြီးအတွင်းက သူ့ဖြစ်ရပ်တွေ၊ သူတာဝန်ယူရတဲ့ အဖြစ်အပျက်တွေကို ဒိုင်ယာရီရေးထားတာ ဆိုတော့ ကျွန်တော့်အတွက်တော့ အတော့်ကို အဖိုးတန်တဲ့ စာအုပ်ပါပဲ။ စစ်လေယာဉ်တွေလာပြီး၊ ဗုံးတွေကျဲလို့ ဗုံးခိုကျင်းထဲ ၀င်ရတာ အစ ရေးထားလို့ သူ့လက်ရေးက ဖတ်ရခက်ပေမယ့်၊ တစ်ချိန် အင်မတန် တန်ဖိုးရှိမယ့် စာအုပ်ဆိုပြီး ကျွန်တော် သေသေချာချာ သိမ်းထားခဲ့တာပါ။ ပြန်လာတော့ ဘယ်သူ့မှ လွှတ်မပစ်ဘူး၊ သတိတောင်မထားမိဘူး ဆိုပေမယ့် ဘယ်လိုမှ ရှာလို့ မရတော့လို့ အတော့်ကို စိတ်ထိခိုက်မိတယ်။ ဒိုင်ယာရီစာအုပ်က အမှတ်တမဲ့ကြည့်ရင် သာမန်မှတ်စုစာအုပ်ကြမ်းနဲ့ ဘာမှမကွာဘဲကိုး။ မှားပြီး ပစ်တဲ့အထဲမှာ ပါသွားတယ်လို့ ထင်မိတယ်။ ထပ်တော့ ရှာကြည့်နေမိဦးမှာပါပဲ...

ဒီလိုနဲ့ ကမ္ဘောဒီးယားမှာလည်း ကျွန်တော် စာအုပ်တွေ ၀ယ်မြဲ၊ ၀ယ်နေဆဲ၊ စုမြဲ၊ စုနေဆဲ ပါပဲ။


(ကမ္ဘောဒီးယားက ကျွန်တော့်စာအုပ်များ)

ကမ္ဘောဒီးယားရောက်ပြီး နောက်ပိုင်း အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ ပိုများလာပါတယ်။ ၂၀၀၃ ၀န်းကျင်လောက် ကျွန်တော် ကမ္ဘောဒီးယား မသွားခင်က အင်္ဂလိပ်စာအုပ်ဆိုရင် အင်္ဂလိပ်စာ တိုးတက်ဖို့အတွက် ရေးတဲ့ English Learning စာအုပ်တွေသာ အဖတ်များပါတယ်။ မိဘဆွေမျိုးတွေက ကျွန်တော်တို့ကို အင်္ဂလိပ်စာ သိပ်တော်စေချင်တာကိုး။

အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် ကျွန်တော့်ရဲ့ အဖွားရင်းက အင်မတန် တော်တယ်လို့ သိရပါတယ်။ သူ့အချိန်အခါတုန်းက နိုင်ငံခြားသွား ပညာသင်ကြတာရှားလို့ အင်္ဂလန်မှာ ကျောင်းသွားတက်ခဲ့တဲ့ အဖွားကို ဘိလပ်ပြန်လို့တောင် တခမ်းတနား ခေါ်ရကြောင်း ပုံပြင်ဆန်ဆန် ကြားခဲ့ဖူးပါတယ်။၊ ဒါပေမယ့် သူ့ရဲ့ အင်္ဂလိပ်စာ အမွေတွေ ကျွန်တော်တို့မြေးတွေ ကောင်းကောင်း မရခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်မှာ အသက် ၇၅ နှစ်အရွယ်နဲ့ သူဆုံးခဲ့တော့ ကျွန်တော်ဆိုရင် ၁၀ နှစ်သားပဲ ရှိသေးတာကိုး။ အစ်ကိုဝမ်းကွဲက Journey ကို ဂျုံးနီး လို့အသံထွက်ရင်၊ ကျွန်တော် ကိုးတန်းကျောင်းသားဘ၀က tetanus (မေးခိုင်ရောဂါ) ကို တီတေးနပ် လို့ အသံထွက်ရင်၊ အမေက မင်းအဖွားသာရှိရင် အူတက်အောင်ရီမယ် ဒါမှမဟုတ် လဲသေလိမ့်မယ်လို့ ပြောဖူးတာတော့ မှတ်မိပါသေးတယ်။

အမေပြောဖူးလို့ အဖွား မကြာခဏ စာအုပ်ငှားဖတ်ဖူးတယ်ဆိုတဲ့ FMI နဲ့ မျက်နှာချင်းဆိုင်လောက်က သိင်္ဂီမော် စာအုပ်ဆိုင် (လမ်းနံပါတ်တော့ မမှတ်မိတော့ပါဘူး၊ ဆိုင်ပိုင်ရှင်ကတော့ ကုလားစပ်လို့ မှတ်မိပါတယ်) ကိုလည်း သွားခဲ့ဖူးပါတယ်။ ထင်သလောက်တော့ မကောင်းတော့ပါဘူး။ ကျွန်တော်တို့ခေတ်က USIS နဲ့ BC (British Council) ခေတ်ကိုး။ သိင်္ဂီမော်ကို သွားတော့၊ အမေတို့ ပြောလို့ ကြားဖူးနေတဲ့ Sidney Sheldon တို့၊ Jeffrey Archer တို့၊ Denielle Steel တို့ကို တော့ စဖတ်မိပြီး Sidney Sheldon ရဲ့ ၀တ္ထုအချို့ကိုတော့ ကြိုက်တတ်ခဲ့ပါပြီ။

နောက် နိုင်ငံတကာ သတင်းတွေ၊ (Documentary) သတင်းမှတ်တမ်းကားတွေ၊ ရုပ်ရှင်တွေကို သိပ်ကြိုက်တဲ့ ကျွန်တော်၊ အကြောင်းတိုက်ဆိုင်လို့ သတင်းတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ ကမ္ဘာ့နိုင်ငံကြီးတွေက စာအုပ်ဆိုင်ကြီးတွေ အကြောင်း သိရမြင်ရကြားရ တဲ့အခါတိုင်းလည်း သိပ်ကို အားကျမိပါတယ်။

ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချို့စာအုပ်အရောင်းဆိုင်တွေမှာ စာဖတ်သူတွေကို စိတ်ကြိုက်နားနေပြီး၊ ရွေးချယ်ဖတ်ရှုဖို့ လုပ်ပေးထားတာ၊ ၀ယ်ချင်လည်းဝယ်၊ မ၀ယ်ချင်လည်း ပြန်နိုင်တဲ့ ကောင်းမွန်တဲ့စနစ်တွေ၊ နောက် Book Cafe လေးတွေ လုပ်ပေးပြီး စာဖတ်သူတွေကို ဆွဲဆောင်တဲ့ အစီအစဉ်တွေကို သိပ်သဘောကျပေါ့။ အခုနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အချို့စာအုပ်ဆိုင်တွေက ကိုယ်လိုချင်တဲ့ စာအုပ်တွေ (ရှေးဟောင်းစာအုပ်တွေ အပါအ၀င်) ကို e-book ကနေ ဈေးသက်သက်သာသာနဲ့ မိနစ်ပိုင်းအတွင်း print out လုပ်ပေးနိုင်တဲ့အထိ တီထွင်ပြီး၊ အရောင်းမြှင့်တင်နေတဲ့ သတင်းကြားရတာ အားတက်စရာပါပဲ။ အစပိုင်းက amazon လောက်သာ ကြားဖူးတဲ့ ကျွန်တော်၊ နောက်ပိုင်းမှာတော့ အမေရိကားက အကြီးဆုံး စာအုပ်အရောင်းဆိုင်ဖြစ်တဲ့ Barnes & Noble စာအုပ်ဆိုင်တွေ အကြောင်း စသိလာပါတယ်။


(Wiki က ယူထားတဲ့ Barnes & Noble စာအုပ်ဆိုင် ဓါတ်ပုံ)

နောက်ပိုင်း မြန်မာပြည်၊ ပြင်ပ ဘယ်ကိုပဲရောက်ရောက် ကျွန်တော်မဖြစ်မနေ စူးစမ်းသွားလာတဲ့ နေရာတွေထဲမှာ စာအုပ်ဆိုင်တွေ ပါလာပါတော့တယ်။ ဥပမာ - ဘန်ကောက်ကို ရောက်တိုင်းလည်း အချိန်လုပြီး Kinokuniya နဲ့ Asia Books စာအုပ်ဆိုင်တွေကို အပြေး သွားစမြဲပါပဲ။ ဗီယက်နမ်၊ ဟိုချီမင်းစီးတီးမှာ ၂၀၀၅ လောက်က တွေ့ခဲ့ရတဲ့ စာအုပ်ဆိုင် အချို့ကလည်း မြန်မာနိုင်ငံထက်တော့ သာနေပါပြီ။ အိန္ဒိယ၊ နယူးဒေလီ ရောက်တုန်းက မွှေခဲ့တဲ့ စာအုပ်ဆိုင်တွေကတော့ ထင်သလောက်၊ ကြားရသလောက် ဈေးမသက်သာပါဘူး။ (အချိန် အကန့်အသတ်ကြောင့် ကျွန်တော်စုံအောင် မသွားနိုင်တာလည်း ပါပါလိမ့်မယ်။)

ကမ္ဘောဒီးယားအကြောင်း ပြန်ပြောရရင်၊ ဖနွမ်ပင်မှာတော့ အကောင်းဆုံးစာအုပ်ဆိုင်က Norodom လမ်းမကြီးပေါ်က Monument Books စာအုပ်ဆိုင်ပါပဲ။ သူကတော့ စာအုပ်အသစ်ဆိုင်ပါ။ ဈေးလည်း ကြီးပါတယ်။ ဘန်ကောက်က Kinokuniya စာအုပ်ဆိုင်လိုပါပဲ။ ဒါပေမယ့် ကမ္ဘောဒီးယားနဲ့ပတ်သက်တဲ့ စာအုပ်တွေစုံပြီး၊ အခြားစာအုပ်ကောင်းများစွာလည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတော့ မ၀ယ်နိုင်ဘဲ သွားသွားငေးရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။

ကမ္ဘောဒီးယားမှာ ကျွန်တော့်အတွက် အဆင်ပြေတဲ့၊ ကျွန်တော် ဗဟုသုတတွေ တိုးအောင် အထောက်အကူပြုခဲ့တဲ့ စာအုပ်ဆိုင် နှစ်ဆိုင်ရှိပါတယ်။ နှစ်ဆိုင်စလုံးက အဟောင်းဆိုင် (Used Books Shop) တွေပါ။

ပထမဆိုင်က ဖနွမ်ပင်၊ St. 240 က D’s Books ဖြစ်ပြီး၊ ဒုတိယဆိုင်က Riverside ဘုရင့်နန်းတော် (Royal Palace) နားက Bohr’s Books ပါပဲ။ ၀တ္ထုတွေ အများကြီးရှိသလို၊ အခြား ဘာသာရပ်ဆိုင်ရာ စာအုပ်ကောင်းတွေလည်း ရနိုင်ပါတယ်။ Bohr’s Books က ဆိုင်ရှင်ကိုယ်တိုင် ထိုင်တတ်တယ်၊ ဒီဗီဒီအခွေ အချို့ပါ တွဲရောင်းပြီး ဈေးပိုသက်သာပါတယ်။ ဈေးလျော့ခိုင်းလို့ ရပါတယ်။ D’s Books ကတော့ အရောင်းဝန်ထမ်းတွေသာ ရှိလို့ ဈေးသိပ်မလျော့တတ်ဘူး၊ အများကြီးဝယ်မှသာ စစ်လို့ရတယ်။ ဆိုင်ပိုင်ရှင်က ဘန်ကောက်မှာ အရင်ကနေခဲ့ဖူးတဲ့ အသက်ခပ်ငယ်ငယ် အဖြူကောင် (westerner တစ်ယောက်မို့ ကျွန်တော် အကြမ်းဖျင်း ခေါ်တာပါ) လို့ မှတ်မိပါတယ်။ နောက် နာမည် အတိအကျ မမှတ်မိတော့တဲ့ တပိုင်တနိုင် အင်္ဂလိပ်စာအုပ်တွေ ရောင်းတဲ့ အိမ်ဆိုင်လေးတွေ၊ Book Cafe တွေ ကမ္ဘောဒီးယား တစ်နိုင်ငံလုံးမှာ ကြိုကြားကြိုကြား ရှိတတ်ပါသေးတယ်။








(ကမ္ဘောဒီးယားနိုင်ငံက တပိုင်တနိုင် Book Cafe အိမ်ဆိုင်များ)

ကမ္ဘောဒီးယားက အဲဒီလို စာအုပ်ဆိုင်လေးတွေ အားလုံးမှာ စာအုပ်တွေကို စိမ်ပြေနပြေ ထိုင်ပြီး မြည်းစမ်းနိုင်အောင် သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံလေးတွေ ထားပေးထားတာ၊ ကြိုက်သလောက် အချိန်ယူနေနိုင်တာ၊ တစ်ချို့ဆိုင်တွေဆို အင်တာနက်ပါ တွဲထားပေးပြီး လိုသလိုသုံးနိုင်တာ စတဲ့ ကောင်းတဲ့အချက်တွေ သွားတွေ့ရပါတယ်။ ကိုယ့်မြန်မာနိုင်ငံထက် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေဆိုးတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာတောင် ဒီလို အခြေအနေကောင်းတွေ ဖန်တီး၊ တည်ရှိနေတာကို မြင်တော့ ကိုယ့်နိုင်ငံမှာလည်း ဒီလိုထွန်းကားစေချင်တာပေါ့ဗျာ။

အခု ဂျပန်နိုင်ငံမှာတော့ စိတ်ကြိုက်စာအုပ်ဆိုင်ရယ်လို့ ကောင်းကောင်း မတွေ့ပါဘူး။ ဈေးတွေက သိပ်ကြီးတာကိုး။ အကြမ်းအားဖြင့် အင်္ဂလိပ်စာအုပ် ၀ယ်ရတာ ခက်တယ်လို့လည်း ဆိုနိုင်ပါတယ်။ နာဂိုယာမှာတော့ Sakae က Maruzen ကို မကြာခဏ သွားဖြစ်ပါတယ်။ (၃) ထပ်မှာ အင်္ဂလိပ်စာအုပ် တွေကို ရောင်းပါတယ်။ ထိုင်ဖတ်လို့လည်းမရ၊ ၀ယ်ဖို့ကလည်း ဈေးတွေက amazon.com / amazon.co.jp တို့ထက်ကြီးတာမို့ ဘာစာအုပ်တွေ တင်ထားတယ်၊ ဘာစာအုပ်တွေ ထွက်နေတယ်ဆိုတာလောက်ပဲ အကြမ်းဖျင်း သွားကြည့်ဖြစ်ပြီး၊ လိုချင်တာကို online ကပဲ ၀ယ်တာ များပါတယ်။ ပိုလည်း တန်ပါတယ်။




(ဂျပန်က ကျွန်တော့် စာအုပ်များ)

တိုကျို Shinjuku နားက Kinokuniya စာအုပ်ဆိုင်တွေကိုတော့ မရောက်ဖြစ်သေးပါဘူး။ တိုကျိုရောက်တိုင်း ကျွန်တော် မဖြစ်မနေ သွားမွှေဖြစ်တဲ့ စာအုပ်ဆိုင်ကတော့ မြန်မာတွေ အနေများတယ်လို့ သိရတဲ့၊ မြန်မာဆိုင်တွေရှိတဲ့ Takadanobaba က Blue Parrot စာအုပ် အဟောင်းဆိုင်ပါပဲ။ ကံကောင်းရင် စာအုပ်ကောင်းတွေကို ဈေးအသင့်အတင့်နဲ့ ရနိုင်ပါတယ်။ ဆိုင်ရှင် ဂျပန်မကြီးက အင်္ဂလိပ်လို ပြောရတာ သဘောကျပြီး၊ ဈေးဆစ်လို့ရပါတယ်။ တစ်ခါတစ်လေ သူခန့်ထားတဲ့ အနောက်နိုင်ငံသူ ၀န်ထမ်းကောင်မလေးများကလည်း သူ့ကွယ်ရာမှာ သူ့ထက်ကို ဈေးပိုလျော့ ပေးတတ်ပါသေးတယ်။


(Blue Parrot စာအုပ်ဆိုင် အ၀င်ဝ)

တိုကျိုက နောက်တစ်ဆိုင်ကတော့ Ebisu က Good Day Books ဆိုင်ပါပဲ။ ဆိုင်က Blue Parrot ထက်ပိုကြီးပြီး၊ တစ်ချို့စာအုပ်တွေမှာ Blue Parrot ထက် ဈေးပိုသက်သာပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက် စာအုပ်တွေကတော့ Good Day Books မှာ သိပ်မရှိလို့ တစ်ခါတစ်လေ၊ အချိန်ပိုမှပဲ သွားဖြစ်ပါတယ်။


(Good Day Books စာအုပ်ဆိုင် အ၀င်ဝ)

မြန်မာနိုင်ငံမှာ ဆိုရင် ကျွန်တော့်တို့ ခေတ်မှာ မှတ်မှတ်ရရ၊ ၂၀၀၃ မတိုင်ခင်က USIS, BC ကလွဲရင် အင်းဝ စာအုပ်တိုက် တစ်ခုလောက်ပဲ အင်္ဂလိပ်စာအုပ်နဲ့ ပတ်သက်ရင် ရှိတာကိုး။ ၂၀၀၁-၂၀၀၂ ၀န်းကျင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ iCafe ဆိုပြီး အင်းဝက အင်္ဂလိပ်စာအုပ်၊ အင်တာနက်နဲ့ ကော်ဖီဆိုင် တွဲဖွင့်ခဲ့ဖူးလို့၊ ကျွန်တော်တောင် member လုပ်ခဲ့ပါသေးတယ်။ နောက်တော့လည်း ဘာကြောင့်မှန်းမသိ ပိတ်လိုက်တာ membership fees တောင် ပြန်မရပါဘူး။

အခုနောက်ပိုင်းတော့ ဆရာကြီးဦးသော်ကောင်းရဲ့သား ဒေါက်တာသန့်သော်ကောင်း ရဲ့ စာအုပ်ဆိုင်ပေါ်လာတာ၊ နောက် ကမ္ဘောဒီးယားမှာရှိတဲ့ Monument Books ကလည်း မြန်မာနိုင်ငံမှာ ဆိုင်ခွဲတွေ ဖွင့်လာပြီလို့သိရတာ အင်မတန် ၀မ်းမြောက်စရာပါပဲ။ နောက်မြို့ထဲမှာ member ၀င်ပြီး အင်္ဂလိပ်စာအုပ်တွေ ငှားလို့ရတဲ့ စာကြည့်တိုက်ငယ်တစ်ခု ဖွင့်ထားပြီလို့လဲ ကြားပါတယ်။ အဲဒီအကြောင်းတော့ သေသေချာချာ မသိသေးပါဘူး။ ဒါပေမယ့် ပြဿနာက ငွေကြေးမတတ်နိုင်တဲ့၊ USIS, BC တို့ကိုလည်း သွားဖို့ အလှမ်းမမီတဲ့ လူငယ်တွေ အတွက် စာဖတ်စရာ၊ ဗဟုသုတ ယူစရာ နေစရာတွေ ကောင်းကောင်း၊ ပေါပေါများများ မရှိသေးတာပါပဲ။

မကြာသေးခင်က ဦးကျော်သူ နဲ့ နာရေးကူညီမှုအသင်းက စာကြည့်တိုက်ထောင်တာ၊ နာရေးကူညီမှု အသင်းဝင် လူငယ်တွေကို စာအုပ်ဖတ်နိုင်အောင် စီစဉ်ပေးတာ ကြားသိရတော့ အတော်ကို သာဓုခေါ်မိပါတယ်ဗျာ။ ကျွန်တော့်တို့ နိုင်ငံမှာ ဒါမျိုးတွေ တကယ်လိုအပ်နေတာပါ။ မလိုအပ်တဲ့ ပကာသန အလှူတွေအစား လိုအပ်တဲ့ အလှူတွေ၊ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေဘက် ကျွန်တော်တို့တွေ လှည့်သင့်နေပါပြီ။

ဒီပို့စ်ကို အဆုံးသတ်ဖို့ အစက ပြန်ကောက်ရရင်...ကမ္ဘာပေါ်က လုပ်ငန်းကိစ္စတွေ ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်သေးသေး အောင်မြင်ဖို့ရာ စိတ်ကူစိတ်သန်းက စရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။

နိဒါန်းမှာ ဆိုခဲ့သလို ကျွန်တော့်ရဲ့ စိတ်ကူးကတော့ တပိုင်တနိုင် စာဖတ်ခန်းလေး ဒါမှမဟုတ် ကိုယ်ပိုင် စာကြည့်တိုက်လေးတစ်ခု တချိန်မှာ ဖြစ်မြောက်အောင် တည်ထောင်ချင်တာပါပဲ။

ကိုယ်ပိုင်ဆိုင်တဲ့၊ စုထားတဲ့ စာအုပ်တွေကို ကိုယ်တစ်ယောက်တည်း သိမ်းပြီး၊ ဖတ်နေမယ့်အစား share လုပ်နိုင်မယ်ဆိုရင်...

နောက်ပြီး ကျွန်တော် ငွေကြေး မတတ်နိုင်သေးလို့၊ တစ်နေရာရာမှာ ကြီးကြီးမားမား မလုပ်နိုင်သေးရင်တောင်၊ အိမ်မှာပဲဖြစ်ဖြစ် စလုပ် ဖြစ်နိုင်မယ်ဆိုရင်...

ကျွန်တော် စုဆောင်းထားတဲ့ အင်္ဂလိပ်၊ မြန်မာ စာအုပ်တွေ၊ အကျိုးရှိ ဗဟုသုတရမယ့် documentary တွေ၊ ရုပ်ရှင် ဒီဗီဒီ တွေကို အစီအရီထားလို့၊ Air-con၊ အင်တာနက်၊ Audio/ Video facilities တွေအပါအ၀င် သက်တောင့်သက်သာ ထိုင်နိုင်၊ အိပ်ဖတ်နိုင်မယ့် နေရာလေးတွေနဲ့ လူငယ်တွေ၊ စိတ်ဝင်စားသူတွေ အတွက် တပိုင်တနိုင် စာဖတ်ခန်းလေးတစ်ခု မကြာတော့မယ့် တချိန်မှာ လုပ်နိုင်ခဲ့မယ်ဆိုရင်...

Thursday, April 29, 2010

လွမ်းစေတီ ရှိရာ Koya San သို့ (၁)

မြန်မာနိုင်ငံမှာကတည်းက ခင်မင်ခဲ့ပြီး၊ ဂျပန်မှာ အမှတ်မထင် ပြန်လည်ဆုံတွေ့ရတဲ့ Ritsumeikan University, Shiga မှာ မဟာဘွဲ့တက်နေသူ မနွယ်ရဲ့ Facebook မှာ တင်တဲ့ ဓါတ်ပုံတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က Koya San (Mt. Koya) ကို စကြားဖူးခဲ့ပါတယ်။


(မြန်မာလွမ်းစေတီ အပါအ၀င် အထိမ်းအမှတ် စေတီ၊ အုတ်ဂူ၊ ကျောက်တိုင်များ ရှိရာ Koya San အ၀င်လမ်း)

Koya San မှာ ရိုက်ထားတဲ့ မနွယ်ရဲ့ ဓါတ်ပုံတွေကြောင့် Koya San မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါက်တာဘမော်တို့ရဲ့ ဓါတ်ပုံတွေ အပါအ၀င် ရှေးဟောင်း မြန်မာ့ဓါတ်ပုံ၊ ပန်းချီကားတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ နောက် ငြိမ်းချမ်းကြပါစေ စာတမ်းပါတဲ့ အထိမ်းအမှတ် ကျောက်စာတိုင် ရှိနေတာကို မှတ်မှတ်ရရ သတိထားမိခဲ့ပါတယ်။


(Koya San မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ)


(ဒေါက်တာဘမော် ဓါတ်ပုံ)

ဒါ့ကြောင့် Koya San နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ မနွယ်ကို အကြမ်းဖျင်း မေးကြည့်တော့ Koya San ဟာ အိုဆာကာနားမှာ ရှိကြောင်း၊ Koya San မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဓါတ်ပုံ၊ ပစ္စည်းတွေ ပြသထားကြောင်း သိရပါတယ်။ အဲ့ဒါနဲ့ မနွယ်ကို နောက်အကြောင်းတိုက်ဆိုင်လို့ သွားဖြစ်ခဲ့ရင် ခေါ်ဖို့ပါ ပြောဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ကြုံတုန်း ကျွန်တော့် ခရီးသွားဖို့ စဉ်းစားတဲ့အခါ ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ခရီးသွားသွား၊ ရွေးချယ်ရတော့မယ်ဆိုရင် သမိုင်းကြောင်း အထောက်အထားရှိတဲ့၊ အထိမ်းအမှတ်နေရာတွေကို ပိုဦးစားပေး ရွေးလေ့ ရှိပါတယ်။ ကိုယ့်မြန်မာနိုင်ငံနဲ့သမိုင်းကြောင်း ပတ်သက်ဆက်စပ်မှုရှိတဲ့နေရာတွေ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

ဂျပန်ကို ရောက်လာခဲ့တော့လည်း ဂျပန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ဆက်စပ်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ သိချင်နေပြီး၊ အဲဒီနေရာတွေကိုလည်း သွားလေ့လာ နေချင်မိပါတယ်။

ဂျပန်ပြည်မှ မြန်မာ့ အမှတ်တရအချို့

သမိုင်းကြောင်းအရ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့လို့ ဂျပန်မှာ မြန်မာ့အမှတ်တရတွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ကျွန်တော် သိသလောက် ပြောပြရရင်...

(၁) တက္ကသိုလ်များ သမိုင်းသုတေသနဌာနက ၁၉၉၈ ခုနှစ်က ထုတ်ဝေတဲ့ (သုတေသနအရာရှိ) ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ၁၉၄၁ ခုနှစ်ဝန်းကျင်တုန်းက ဂျပန်နိုင်ငံ၊ ဟာကိုနီ မှာ နေခဲ့ဖူးတာကို စာအုပ်ပါ ဓါတ်ပုံမှတ်တမ်းအရ မှတ်သားမိပါတယ်။


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)

ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဂျပန်နဲ့သက်ဆိုင်တဲ့ သမိုင်းဝင်ဓါတ်ပုံများ ဖြစ်လို့ ရဲဘော်သုံးကျိပ်စာအုပ်ကို မဖတ်ဖူးသေးသူများ၊ ဂျပန်-မြန်မာ အကြောင်း သုတေသနပြု လေ့လာနေသူများ ဗသုသုတရ၊ အထောက်အကူဖြစ်စေဖို့ အဆိုပါစာအုပ်ပါ ဓါတ်ပုံအချို့ကို ဒီနေရာမှာ ဖော်ပြလိုက်ပါတယ်။ (ရဲဘော်သုံးကျိပ် စာအုပ်ကို e-book အနေနဲ့ မြန်မာ e-book ဆိုဒ်များမှာ ရှာလို့ရတာက တကြောင်း၊ ဒီနေရာမှာလည်း သုတေသနသဘောနဲ့ ဖော်ပြတာဖြစ်လို့ မူလစာရေးသူထံ ထပ်ဆင့် ခွင့်မတောင်းနိုင်ပေမယ့်လည်း copyright law ရဲ့ fair use အနေနဲ့ ခွင့်ပြုမယ်လို့ ယူဆပါတယ်။)

ဗိုလ်ချုပ်တို့ နေခဲ့တဲ့ ဟာကိုနီအကြောင်း ဆက်ရရင် ဟာကိုနီ (Hakone) က တိုကျိုမြို့ရဲ့ ကီလိုမီတာ (၁၀၀) အကွာ၊ ဖူဂျီတောင်နားမှာ ရှိပြီး၊ သဘာဝ ရေပူစမ်း (hot springs) တွေကြောင့် ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး (hot springs) တွေထဲက တစ်နေရာပါပဲ။

Hakone နဲ့ ပတ်သက်ပြီး Hakone ပြန် မြန်မာသူငယ်ချင်းတစ်ယောက်က ဘ၀မှာ ဂျပန်နိုင်ငံ၊ ဖူဂျီတောင်အောက်မှာ ကိုယ်တုံးလုံး ရေပူစိမ်ဖို့ တစ်ခါမှ တွေးတောင် မတွေးမိဖူးလို့ သူ့အတွေ့အကြုံကို ပြောပြခဲ့တာကိုလည်း ဒီပိုစ့်ရေးနေရင်း ပြန်သတိရမိပါတယ်။ Hakone ကိုသွားရင်တော့ ဖူဂျီတောင်အလှကို ခံစားရင် ကိုယ်တုံးလုံး ရေပူစမ်း စိမ်နိုင်ပါတယ်။

(၂) နောက် YouTube မှာ တင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတိုလေး တစ်ခုကြောင့် ဂျပန်နိုင်ငံ၊ Shizuoka Prefecture ရဲ့ Hamamatsu မြို့ နဲ့ Hamana ko အနီးတ၀ိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အထိမ်းအမှတ်နေရာ ရှိကြောင်း သိရပါတယ်။ ko ဆိုတာ ဂျပန်စကား ဖြစ်ပြီး၊ Lake ရေကန်ကို ဆိုလိုတာပါ။ အင်းလေးကန် ဆိုရင် ဂျပန်လို Inle ko လို့ ဆိုရမှာပါ။ (အခု အဲ့ဒီဗီဒီယို YouTube ပေါ်မှာ မရှိတော့လို့ လင့်ခ် မပေးနိုင်တော့ပါဘူး။)

(၃) မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး Oxford တက္ကသိုလ်က ယခု ၂၀၁၀ ခုနှစ် ထုတ်၊ Professor Steinberg ရဲ့ Burma/Myanmar - What Everyone Needs To Know စာအုပ်ထဲမှာတော့

ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တုန်းက စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက မြန်မာနဲ့ အရင်းနှီးဆုံးနိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်ကြောင်း၊ ဒီရင်းနှီးမှုဟာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်ခင် ရဲဘော်သုံးကျိပ် (Thirty Comrades) အဖြစ် ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ ဂျပန်မှာ သင်တန်းတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုက စခဲ့ကြောင်း၊ ဦးနေ၀င်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဇနီးမောင်နှံနဲ့ အတော်ရင်းနှီးပြီး၊ ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်မီအထိ ဂျပန်သံအမတ်ကြီးဟာ နိုင်ငံခြား သံအမတ်ကြီးများထဲမှာ ဦးနေ၀င်းနဲ့ အလွယ်တကူ တွေ့ဆုံခွင့်ရတဲ့ တစ်ဦးတည်းသော သံအမတ်ကြီး ဖြစ်ကြောင်း...ဦးနေ၀င်းဟာ ဂျပန်တွေအပေါ် လေးစားမှုရှိကြောင်း နဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းက ဂျပန်လယ်သမားတွေကို မြန်မာနိုင်ငံ ဖိတ်ခေါ်ပြီး၊ မြန်မာနိုင်ငံမှာ အထွက်ကောင်းစေရေး မြန်မာတွေကို သင်ပြပေးဖို့အထိ စဉ်းစားခဲ့သော်လည်း ဒီအကြံအစည် အထမမြောက်ခဲ့ကြောင်း...

စသဖြင့် ရေးသားထားတာကိုလည်း ကျွန်တော် နားလည်သလောက် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ (Burma/Myanmar - What Everyone Needs To Know by David I. Steinberg စာမျက်နှာ-၁၂၄)

Koya San ခရီးအစ

ဒီလိုနဲ့ အတိုချုပ်ပြောရရင် မနွယ်ရဲ့ ကျေးဇူးကြောင့် Koya San ကို သွားချင်နေတဲ့ ဆန္ဒ ဒီနှစ် ၂၀၁၀၊ ဧပြီလမှာ ပြည့်မြောက်ခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် ဧပြီလမှာ အတန်းသစ်တွေ စပြီဖို့ အလုပ်ကတော့ ခပ်ရှုပ်ရှုပ်ပါပဲ။ Koya San ကိုသွားဖို့ Ritsumeikan University (BKC - Biwako Kusatsu Campus) ကို ဧပြီလ ၁၆ ရက် (သောကြာနေ့) ညနေပိုင်းက ချီတက်ခဲ့ပါတယ်။



Ritsumeikan University (BKC) က အကြမ်းဖျင်းအားဖြင့် နာဂိုယာ နဲ့ ကျိုတိုကြားမှာ ရှိပါတယ်။ ကျိုတိုမြို့နဲ့ နာရီဝက်လောက်ဝေးပြီး၊ ထုံးစံအတိုင်း ကျည်ဆန်ရထား (Shinkensen) နဲ့သွားရင် ဈေးကြီးမှာမို့ ဈေးအသက်သာဆုံးနည်းကို ရှာဖွေရပါတယ်။ (နာဂိုယာ-ကျိုတို ခရီးကို ကျည်ဆန်ရထားနဲ့သွားရင် (၃၅) မိနစ်သာ ကြာပြီး၊ one way ကို ယန်း ၅၀၀၀ ကုန်ပါမယ်။)

ဒီနေရာမှာ ဂျပန်ပြည်တွင်း ခရီးသွားများကို ညွှန်းချင်တာကတော့၊ ဂျပန်မှာ လေယာဉ်၊ ရထား စတာတို့နဲ့ ဘယ်ကို သွားချင်ချင် ဈေးနှုန်း၊ အချိန် နဲ့ခရီးစဉ် အသေးစိတ်ကို http://www.hyperdia.com မှာ အင်္ဂလိပ်လို အလွယ်တကူ ရှာလို့ရပါတယ်။ အလွန်ကို အသုံးဝင်တာမို့ မသိသေးရင် စသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။



ဥပမာ ကျည်ဆန်ရထား မဟုတ်ဘဲ Limited Express တို့၊ ရိုးရိုး Local ရထားတို့ စီးမယ်ဆိုရင်တော့ အချိန်ပေါ်မှာ မူတည်ပြီး ခရီးစဉ်တူကိုပဲ တစ်ချို့ ရထားက တိုက်ရိုက်၊ တစ်ချို့ ရထားက ၂ ကြိမ်၊ ၃ ကြိမ် စသဖြင့် ပြောင်းရတာမျိုးတွေ ရှိတတ်တာကြောင့် သေသေချာချာ ရွေးဖို့၊ browse လုပ်ဖို့တော့ လိုပါတယ်။ ဂျပန်မှာ (ယေဘုယျအားဖြင့်) ဘယ်အချိန်ချိန် ထသွားသွား၊ ကိုယ်သွားချင်တဲ့ ခရီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ရောက်နိုင်ပေမယ့်၊ ကြိုတင်ရှာထားနိုင်ရင်တော့ အနည်းဆုံး အချိန်ကုန် သက်သာမှာပါ။

(BKC) Biwako Kusatsu Campus ရှိတဲ့ Minami Kusatsu ကိုသွားဖို့ ကျွန်တော် ကျိုတိုအထိ မစီးတော့ဘဲ၊ လမ်းတ၀က်လို့ ပြောလို့ရတဲ့ Maibara အထိသာ စီးပြီး၊ Maibara ကနေ Minami Kusatsu ကို Local ရထား ပြောင်းစီးပါတယ်။ (Maibara ကို တိုက်ရိုက်ရထားနဲ့ သွားတာက တစ်နာရီ ရှစ်မိနစ်၊ နောက်ပြောင်းစီးမယ့် ရထားစောင့်ဘာစောင့်နဲ့ (နာဂိုယာကနေ) Minami Kusatsu အထိ ခန့်မှန်းချေ နှစ်နာရီဝန်းကျင် ကြာပါတယ်။ ပြောင်းတဲ့အကြိမ်များရင်တော့ သုံးနာရီဝန်းကျင်လောက် အချိန်ကုန်ကောင်း ကုန်နိုင်ပါတယ်။ (ကျည်ဆန်ရထားနဲ့မသွားဘဲ ရိုးရိုးရထားနဲ့သာ သွားတာမို့ အချိန်ပိုပေးရပေမယ့်၊ ယန်း ၂၀၀၀ ၀န်းကျင်သာ ကုန်ပါတယ်။)


(Maibara မှ Minami Kusatsu အထိ သွားတဲ့ ရထားမြေပုံ)

Minami Kusatsu ရောက်တော့ ဒေသခံ သူငယ်ချင်းတစ်ဦးက မိုးထဲလေထဲမှာ လာကြိုပြီး၊ ဦးဆုံး ညစာကျွေးပါတယ်။ သူကျွေးတဲ့ ဟင်းတွေထဲက ငါးဖယ်သုပ် ကိုတော့ အခုထိ တွေးတိုင်း စားချင်နေတုန်းပါပဲ။ စားပြီးတာနဲ့ တစ်ညတာတည်းမယ့် သူငယ်ချင်းရဲ့အိမ်ကို ထပ်ပြီး ခရီးဆက်ခဲ့ပါတယ်။ သူငယ်ချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီည သူ့အိမ်မှာ စားပွဲသောက်ပွဲလေး လုပ်တဲ့အစီအစဉ် ရှိနေတာကြောင့် ကျွန်တော်လည်း ၀င်နွဲဖြစ်ခဲ့ပါတယ်။ စပိန်၊ အင်ဒိုနီးရှား၊ ဥစ္စဘက်ကစ္စတန်၊ အီသီယိုပီးယား နိုင်ငံများက သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ အချင်းချင်း ရောက်တက်ရာရာ အတွေ့အကြုံများကို နှီးနှောဖလှယ်ရင်း၊ အင်ဒိုနီးရှား သူငယ်ချင်းမလေးရဲ့ ရှားမှရှား ပြောဆိုဆွေးနွေးချက်များကြားမှာ ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာနှစ်သစ်ကို ကူးဖြစ်ခဲ့ပါတယ်။ ပွဲပြီးချိန် နောက်ကျတာကြောင့်၊ နောက်တစ်နေ့ မနက် (၁၁) နာရီ ဘူတာစုရပ် မီဖို့ မနည်း ထခဲ့ရပါတယ်။

(ဆက်ပါဦးမည်...)

Sunday, April 4, 2010

ဘွဲ့ရဂျပန်လူငယ်များရဲ့ လုပ်ငန်းခွင်ဘ၀ အစ

ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ်တစ်ယောက် အမြဲတမ်း လုပ်ငန်းခွင် (Permanent Job) စ၀င်ရင် တစ်လ လခ ဘယ်လောက်ရသလဲ၊ ဂျပန်နိုင်ငံရဲ့ ပုံမှန် ၀န်ထမ်းတစ်ယောက်ရဲ့ တစ်လ ၀င်ငွေဟာ ဘယ်လောက်လဲ ဆိုတာ ဂျပန်ကို ရောက်ခါစကတည်းက သိချင်ပေမယ့် ယဉ်ကျေးမှုအရ မမေးခဲ့ပါဘူး။ နောက်ပိုင်း ဒီမှာ နေတာလဲ တစ်နှစ်ကျော်ကြာ၊ အားနာစရာ မလိုတော့တဲ့ ခင်မင်တဲ့ ဂျပန် သူငယ်ချင်းတွေလည်း ရလာတာရယ်၊ သူတို့တွေကလည်း လိုလိုချင်ချင် ပြောပြချင်တာရယ်တို့ကြောင့် အကြမ်းဖျင်း မေးမြန်း သိခဲ့ရတာလေးတွေကို မျှဝေချင်ပါတယ်။

လခ အကြောင်း မပြောခင် ဂျပန်မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေ အလုပ်ဘယ်လိုရှာသလဲဆိုတာ ရှင်းပြဖို့လိုပါတယ်။ ဘွဲ့ကြို တန်း (undergraduate) နဲ့ ဘွဲ့လွန် (graduate) တန်း ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့မရခင် တစ်နှစ်အလိုမှာ အမြဲတမ်း အလုပ်အကိုင် (Permanent Job) တစ်ခုခု ရအောင် ရှာကြရပါတယ်။ ဘွဲ့တစ်ခုခု ရပြီးမှ အေးအေးဆေးဆေး စိတ်ကြိုက် အလုပ်ရှာမယ်ဆိုတဲ့ ပုံစံ၊ စနစ်မျိုး ဂျပန်ရဲ့ လက်ရှိ လူမှုစီးပွားရေးနယ်ပယ်မှာ မရှိတော့ပါဘူး။




(၂၀၁၀၊ မတ်လက နာဂိုယာမှာကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများ)

ဒါကြောင့် ပုံမှန် လေးနှစ်တက်ရတဲ့ (Bachelor's Degree) ဘွဲ့တန်းမှာ တတိယနှစ် ကျောင်းသူကျောင်းသားတွေ၊ (Master's Degree) ဘွဲ့လွန်တန်း မှာ မဟာတန်း ပထမနှစ် ကျောင်းသူကျောင်းသားတွေဟာ ကျောင်းစာထက် အလုပ်အကိုင် ရှာဖွေဖို့အတွက် ပြုလုပ်ပေးတဲ့ အလုပ်ရှာ ဆွေးနွေးပွဲ (ဂျပန်ကျောင်းသားများ အခေါ် Shukatsu / Job-Hunting Seminar) များ၊ အလုပ်ခွင် အင်တာဗျူးများ နဲ့သာ အလွန်အမင်း အလုပ်ရှုပ်ကြတာကို တွေ့ရပါတယ်။

ဒီလို အလုပ်ရှာဆွေးနွေးပွဲများတက်ဖို့၊ အင်တာဗျူးများဖြေဖို့ ကျောင်းသားကျောင်းသူတွေဟာ ဂျပန်တစ်နိုင်ငံလုံးကို အိမ်ဦးနဲ့ကြမ်းပြင်လို ဥဒဟို သွားလာကြရပါတယ်။ ဥပမာ - မနက်မှာ တိုကျို၊ ညနေမှာ အိုဆာကာ၊ နောက်တစ်ရက်မှာ နာဂိုယာ နဲ့ ဖူကူအိုကာ ကို ရောက်ချင် ရောက်နေတတ်ကြပါတယ်။

Shinkensen လို့ ခေါ်တဲ့ ကျည်ဆန်ရထားရဲ့ ကောင်းမှုကြောင့် ဂျပန်တစ်နိုင်ငံလုံးကို အချိန်သက်သက်သာသာနဲ့ သွားနိုင်တာလည်း ပါတာပေါ့ဗျာ။ ဒါပေမယ့် ကျည်ဆန်ရထားကလည်း ဈေးအလွန်ကြီးတာကြောင့် သူတို့လည်း ချင့်ချိန် စီးကြရတာပါပဲ။ (ဥပမာ - ကီလိုမီတာ ၅၅၀ ခန့်ကွာဝေးတဲ့ အိုဆာကာ-တိုကျို ခရီးကို ကျည်ဆန်ရထားနဲ့ တိုက်ရိုက်သွားရင် အချိန် (၃) နာရီခန့်သာ ကြာပါမယ်။ ဒါပေမယ့် ယန်းတစ်သောင်းငါးထောင် (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) တော့ ကုန်ပါမယ်။)

ဒီလို ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင် အလုပ်ရှာရတာဟာ ဂျပန်လူငယ်တွေကြားမှာ ယဉ်ကျေးမှု ထုံးစံတစ်ခုလို ဖြစ်နေပြီး၊ အလုပ်ကောင်းကောင်း မရမှာ စိုးရိမ်ပူပန်ရတဲ့ pressure လည်း အတော်များတာကို တွေ့မြင်နေရပါတယ်။

သူတို့ကြားမှာ ဘွဲ့ရပြီးပြီးချင်း ငါက ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့ အလုပ်ဝင်မှာ ဆိုတဲ့အရာဟာလည်း အပြိုင်အဆိုင် တစ်ခုလိုလဲ ဖြစ်နေတာကို ရိပ်စားမိပါတယ်။ ဘွဲ့ရပြီးပြီးချင်း စတင်ဝင်ရောက်မယ့် အလုပ်ခွင် နဲ့ မိမိရဲ့ visiting card ကို သူငယ်ချင်း အချင်းချင်းကြားမှာ မပြောနိုင်၊ မပြနိုင်ရင် အင်မတန်မှ ဂုဏ်ငယ်၊ သိမ်ငယ်ဖွယ်ရာ၊ ရှက်စရာလို့ သူတို့ အချင်းချင်းကြားမှာ ယူဆထားကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် ခန့်တုန်းက၊ ကမ္ဘာ့စီးပွားရေး၊ ဂျပန်စီးပွားရေးကောင်းတုန်းက ဆိုရင် အလုပ်ရှာရတာ အခုလို သိပ်မခက်ခဲ (competitive) မဖြစ်ကြောင်း၊ ဘွဲ့ရတစ်ယောက် အတွက် အလုပ်ကောင်း ၃၊ ၄ ခု စောင့်နေကြောင်း၊ ကြိုက်ရာရွေး လုပ်လို့ရကြောင်း နဲ့ အလုပ်ရှာဆွေးနွေးပွဲ၊ အင်တာဗျူးများကို သွားလာရတဲ့ ကုန်ကျစရိတ်များကို သက်ဆိုင်ရာကုမ္ပဏီမှ ကျခံပေးလို့ အလုပ်ရှာရင် အမြတ်တောင်ထွက်ကြောင်း ပါမောက္ခတစ်ဦး ပြောပြတာကိုလည်း အမှတ်ရမိပါတယ်။ (ဥပမာ - နာဂိုယာက ကျောင်းသားတစ်ဦး တိုကျိုမှာ အလုပ်ခွင် အင်တာဗျူး (၃) ခု သွားဖြေတယ်ဆိုပါတော့၊ တိုကျိုမှာ ရှိတဲ့ ကုမ္ပဏီ (၃) ခု စလုံးက ခရီးစရိတ်ပေးလို့ အရင်းထက် အမြတ်တောင် ထွက်တယ်လို့ ဆိုပါတယ်။)

ဒါပေမယ့် အခု လက်ရှိကာလမှာတော့ ဂျပန်ကျောင်းသားတစ်ယောက်ဟာ အလုပ်ရရှိဖို့ အလုပ်ရှာ ဆွေးနွေးပွဲများ၊ အင်တာဗျူးများအတွက် နေထိုင်သွားလာ စားသောက်စရိတ် အကြမ်းဖျင်း အမေရိကန်ဒေါ်လာ (၁၀၀၀) ကနေ (၃၀၀၀) ၀န်းကျင်အထိ ရင်းနှီးရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီများကလည်း ခရီးစရိတ် မပေးတော့ဘူးလို့ သိရပါတယ်။

သူတို့တွေ လခ ဘယ်လောက်ရသလဲ မပြောပြခင် သူတို့ဘယ်လိုအလုပ်မျိုးကို စိတ်ဝင်စားတယ် ဆိုတာ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ လူငယ်အများစုက ကုမ္ပဏီဝန်ထမ်း (သူတို့အခေါ် kaishain) သာ ဖြစ်ရင်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် ၀န်ကြီးဌာနများက အစိုးရ၀န်ထမ်း အလုပ်ကို အထင်ကြီး၊ ဂုဏ်ယူကြပေမယ့် အစိုးရအရာရှိ ၀င်ခွင့်စာမေးပွဲရဲ့ ခက်ခဲမှုကြောင့် တကြောင်း၊ ကုမ္ပဏီများမှာ အလုပ်လုပ်ရင် ငွေးကြေးအပါအ၀င် ဘ၀မှာ ပိုမိုအောင်မြင်နိုင်တယ်လို့ ယေဘုယျ ယူဆကြတာက တကြောင်း၊ ကုမ္ပဏီဝန်ထမ်းအလုပ်က ဘွဲ့ရလူငယ်များအကြားမှာ ပိုခေတ်စားတာကို သတိထားမိပါတယ်။

နောက်သူတို့တွေလည်း ယေဘုယျအားဖြင့် မြန်မာနိုင်ငံ နဲ့ အခြားနိုင်ငံအချို့တွေမှာလိုပဲ ရတဲ့ဘွဲ့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အလုပ်မှာ လုပ်ကြတဲ့သူ ရှားပါတယ်။ ဘွဲ့ဟာ လိုအပ်ချက်၊ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပြီး၊ ဘွဲ့နဲ့ လားလားမျှ မသက်ဆိုင်တဲ့ အလုပ်တွေကို ၀င်ရောက်လုပ်ကိုင်ကြသူတွေ အများအပြားပါပဲ။


နောက်ဆုံးအနေနဲ့ ဒီပို့စ်ရဲ့အစမှာ ဆိုခဲ့တဲ့အတိုင်း ဘွဲ့ရဂျပန်လူငယ်တွေ လခ ဘယ်လောက်ရသလဲဆိုတာ ပြောပြချင်ပါတယ်။ ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင်အလုပ်ရှာထားတဲ့၊ အသက်(၂၀) (၂၁) အရွယ် သာမန်ဘွဲ့ရ ဂျပန်လူငယ်တစ်ယောက်ဟာ ဘွဲ့ရပြီးပြီးချင်း အမြဲတမ်း အလုပ် (Permanent Job) အတွက် အရည်အချင်း နဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လစဉ် တစ်လကို ယန်း သောင်း ၂၀ (အမေရိကန်ဒေါ်လာ ၂၀၀၀) နဲ့ယန်း ၃၅ သောင်း (အမေရိကန်ဒေါ်လာ ၃၅၀၀) ကြား ရပါတယ်။

ဘွဲ့ရလူငယ်တစ်ယောက် အနေနဲ့ နာမည်ကြီး ကုမ္ပဏီမှာ ယန်း ၃၅ သောင်းနဲ့ ခန့်အပ် ခံရပြီဆိုရင်တော့ မိမိရဲ့အတန်းတူ သူငယ်ချင်းတွေကြားမှာ အတော်ကို မျက်နှာပွင့်ပြီး၊ အလျှံအပယ် ပါတီပေးလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ယခု ၂၀၁၀၊ မတ်လမှာ ဘွဲ့ရတဲ့ ဂျပန်သူငယ်ချင်းတစ်ယောက်ကတော့ တိုကျိုမှာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ တစ်လ ယန်း ၃၅ သောင်းနဲ့ အလုပ်ရထားတာမို့ သူ့ပါတီမှာ အရက်ပုလင်းမျိုးစုံ ပုလင်း (၂၀) ကျော်နဲ့ သူငယ်ချင်းတွေကို ဒါနပြုသွားပါသေးတယ်။

ကြုံကြိုက်တုန်း တဆက်တည်းပြောပြရရင် အစိုးရတက္ကသိုလ် (Public University) များက ပါမောက္ခတစ်ယောက်ရဲ့ လစာကတော့ တစ်လကို ယန်း သောင်း (၃၀) (အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်) ရကြောင်း ပါမောက္ခတစ်ဦး ပြောဘူးတာ မှတ်မိပါတယ်။

နောက်ပြီး၊ ဂျပန်တွေ စီးပွားရေး မကောင်းဘူး၊ လုပ်ခ၊ အပိုဆုကြေး (Bonus) တွေ ဖြတ်တယ် ဆိုပေမယ့်လည်း Bonus က တစ်ကြိမ်ကို ယန်း သောင်း ၂၀-၃၀ နဲ့ တစ်နှစ်မှာ နှစ်ခါ ပေးနေမြဲ၊ ရနေဆဲဆိုတာကို Bonus ရလို့ ဘီယာအတူတူ သောက်ဖြစ်တဲ့ ကျွန်တော့် ဂျပန်သူငယ်များ ကျေးဇူးကြောင့် သိရပါတယ်။

ဒါကြောင့် အကြမ်းဖျင်း ဂျပန်မှာ အသက် (၂၀) (၂၁) အရွယ်၊ ဘွဲ့ရဂျပန်လူငယ် တစ်ယောက်အနေနဲ့ တစ်လကို ယန်း ၂၅ သောင်း ၀န်းကျင်နဲ့ အနာဂတ်အတွက် အတိုင်းအတာ တစ်ခု အထိ စိတ်အေးရပါတယ်။

ဒီပို့စ်ကို ရေးနေရင်း မဟာဘွဲ့ရ ဂျပန်သူငယ်ချင်းတစ်ယောက် သူ့ရဲ့ ဘွဲ့ရနှုတ်ဆက်ပွဲမှာ ပြောသွားတာကိုလည်း ပြန်ပြောပြချင်ပါသေးတယ်။

သူငယ်ချင်းက အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ မဟာဘွဲ့ရသွားသူပါ။ သူ့ကို ဘွဲ့ရပြီးတော့ မင်းဘာလုပ်မှာလဲလို့ ၀ိုင်းမေးကြတော့… ငါ တက္ကစီမောင်းမယ်လို့ ဖြေသွားပါတယ်။ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ဘွဲ့ရကြသူ ဂျပန်သူငယ်ချင်း အများစုက ကုလသမဂ္ဂ (UN) မှာ လုပ်မယ်။ International NGOs တစ်ခုခုမှာ လုပ်မယ် စသဖြင့် အပြိုင်အဆိုင် ပြောနေကြချိန်မှာ တက္ကစီမောင်းမယ့် သူငယ်ချင်းကြောင့် အတော်ပွဲကျသွားပါတယ်။

ဒေသဆိုင်ရာ၊ ကမ္ဘာ့ဆိုင်ရာတွေ (၂) နှစ်လောက် ကြီးကြီးမားမား လေ့လာပြီးခါမှ ဘွဲ့လည်းရရော၊ တက္ကစီ မောင်းမယ်ဆိုတဲ့ သူငယ်ချင်းကြောင့် လုပ်ငန်းခွင်နဲ့ ပတ်သက်ရင် ရည်ရွယ်ချက် ကြီးကြီးထားကြတဲ့၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ NGOs များမှာ အဆင့်မြင့်ရာထူးတွေ လုပ်ကိုင်ချင်ကြတဲ့ အတန်းဖော် သူငယ်ချင်းတသိုက် ငိုရအခက်၊ ရီရအခက် ဖြစ်ကုန်ပါတယ်။

သူက အခု မဟာဘွဲ့ရပြီးတဲ့နောက်၊ (၂) နှစ်လောက် ငွေစုပြီး ဆေးကုတဲ့ဆရာဝန် ဖြစ်ဖို့ ကျောင်းဆက်တက်ချင်သေးကြောင်း နဲ့ လက်ရှိသူ့အနေနဲ့ ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ်ရင် ယန်း ၂၀၊ ၂၅ သောင်း လောက်သာ ရနိုင်တာမို့၊ တိုကျိုမှာ သူတက္ကစီ သွားမောင်းရင် တစ်လ ယန်း ၃၅ သောင်း လောက်ရနိုင်တယ်လို့ သူ့ ရည်ရွယ်ချက်ကို ကျွန်တော့်ကို နောက်သီးခြား ရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်၊ အခြေအနေလေးတွေဟာ လက်ရှိ ဂျပန့် လူမှု စီးပွားရေး၊ ပညာရေး နယ်ပယ်တွေမှာ တကယ်ဖြစ်နေတာမို့ ကျွန်တော်တို့တတွေ တစုံတရာ တွေးစရာလေးများ ရနိုင်ဖို့ မျှဝေလိုက်ပါတယ်။ (Shukatsu / Job-Hunting Seminar ဆိုင်ရာ ဗီဒီယိုများကို YouTube မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။)