Thursday, April 29, 2010

လွမ်းစေတီ ရှိရာ Koya San သို့ (၁)

မြန်မာနိုင်ငံမှာကတည်းက ခင်မင်ခဲ့ပြီး၊ ဂျပန်မှာ အမှတ်မထင် ပြန်လည်ဆုံတွေ့ရတဲ့ Ritsumeikan University, Shiga မှာ မဟာဘွဲ့တက်နေသူ မနွယ်ရဲ့ Facebook မှာ တင်တဲ့ ဓါတ်ပုံတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က Koya San (Mt. Koya) ကို စကြားဖူးခဲ့ပါတယ်။


(မြန်မာလွမ်းစေတီ အပါအ၀င် အထိမ်းအမှတ် စေတီ၊ အုတ်ဂူ၊ ကျောက်တိုင်များ ရှိရာ Koya San အ၀င်လမ်း)

Koya San မှာ ရိုက်ထားတဲ့ မနွယ်ရဲ့ ဓါတ်ပုံတွေကြောင့် Koya San မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါက်တာဘမော်တို့ရဲ့ ဓါတ်ပုံတွေ အပါအ၀င် ရှေးဟောင်း မြန်မာ့ဓါတ်ပုံ၊ ပန်းချီကားတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ နောက် ငြိမ်းချမ်းကြပါစေ စာတမ်းပါတဲ့ အထိမ်းအမှတ် ကျောက်စာတိုင် ရှိနေတာကို မှတ်မှတ်ရရ သတိထားမိခဲ့ပါတယ်။


(Koya San မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ)


(ဒေါက်တာဘမော် ဓါတ်ပုံ)

ဒါ့ကြောင့် Koya San နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ မနွယ်ကို အကြမ်းဖျင်း မေးကြည့်တော့ Koya San ဟာ အိုဆာကာနားမှာ ရှိကြောင်း၊ Koya San မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဓါတ်ပုံ၊ ပစ္စည်းတွေ ပြသထားကြောင်း သိရပါတယ်။ အဲ့ဒါနဲ့ မနွယ်ကို နောက်အကြောင်းတိုက်ဆိုင်လို့ သွားဖြစ်ခဲ့ရင် ခေါ်ဖို့ပါ ပြောဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ကြုံတုန်း ကျွန်တော့် ခရီးသွားဖို့ စဉ်းစားတဲ့အခါ ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ခရီးသွားသွား၊ ရွေးချယ်ရတော့မယ်ဆိုရင် သမိုင်းကြောင်း အထောက်အထားရှိတဲ့၊ အထိမ်းအမှတ်နေရာတွေကို ပိုဦးစားပေး ရွေးလေ့ ရှိပါတယ်။ ကိုယ့်မြန်မာနိုင်ငံနဲ့သမိုင်းကြောင်း ပတ်သက်ဆက်စပ်မှုရှိတဲ့နေရာတွေ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

ဂျပန်ကို ရောက်လာခဲ့တော့လည်း ဂျပန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ဆက်စပ်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ သိချင်နေပြီး၊ အဲဒီနေရာတွေကိုလည်း သွားလေ့လာ နေချင်မိပါတယ်။

ဂျပန်ပြည်မှ မြန်မာ့ အမှတ်တရအချို့

သမိုင်းကြောင်းအရ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့လို့ ဂျပန်မှာ မြန်မာ့အမှတ်တရတွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ကျွန်တော် သိသလောက် ပြောပြရရင်...

(၁) တက္ကသိုလ်များ သမိုင်းသုတေသနဌာနက ၁၉၉၈ ခုနှစ်က ထုတ်ဝေတဲ့ (သုတေသနအရာရှိ) ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ၁၉၄၁ ခုနှစ်ဝန်းကျင်တုန်းက ဂျပန်နိုင်ငံ၊ ဟာကိုနီ မှာ နေခဲ့ဖူးတာကို စာအုပ်ပါ ဓါတ်ပုံမှတ်တမ်းအရ မှတ်သားမိပါတယ်။


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)

ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဂျပန်နဲ့သက်ဆိုင်တဲ့ သမိုင်းဝင်ဓါတ်ပုံများ ဖြစ်လို့ ရဲဘော်သုံးကျိပ်စာအုပ်ကို မဖတ်ဖူးသေးသူများ၊ ဂျပန်-မြန်မာ အကြောင်း သုတေသနပြု လေ့လာနေသူများ ဗသုသုတရ၊ အထောက်အကူဖြစ်စေဖို့ အဆိုပါစာအုပ်ပါ ဓါတ်ပုံအချို့ကို ဒီနေရာမှာ ဖော်ပြလိုက်ပါတယ်။ (ရဲဘော်သုံးကျိပ် စာအုပ်ကို e-book အနေနဲ့ မြန်မာ e-book ဆိုဒ်များမှာ ရှာလို့ရတာက တကြောင်း၊ ဒီနေရာမှာလည်း သုတေသနသဘောနဲ့ ဖော်ပြတာဖြစ်လို့ မူလစာရေးသူထံ ထပ်ဆင့် ခွင့်မတောင်းနိုင်ပေမယ့်လည်း copyright law ရဲ့ fair use အနေနဲ့ ခွင့်ပြုမယ်လို့ ယူဆပါတယ်။)

ဗိုလ်ချုပ်တို့ နေခဲ့တဲ့ ဟာကိုနီအကြောင်း ဆက်ရရင် ဟာကိုနီ (Hakone) က တိုကျိုမြို့ရဲ့ ကီလိုမီတာ (၁၀၀) အကွာ၊ ဖူဂျီတောင်နားမှာ ရှိပြီး၊ သဘာဝ ရေပူစမ်း (hot springs) တွေကြောင့် ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး (hot springs) တွေထဲက တစ်နေရာပါပဲ။

Hakone နဲ့ ပတ်သက်ပြီး Hakone ပြန် မြန်မာသူငယ်ချင်းတစ်ယောက်က ဘ၀မှာ ဂျပန်နိုင်ငံ၊ ဖူဂျီတောင်အောက်မှာ ကိုယ်တုံးလုံး ရေပူစိမ်ဖို့ တစ်ခါမှ တွေးတောင် မတွေးမိဖူးလို့ သူ့အတွေ့အကြုံကို ပြောပြခဲ့တာကိုလည်း ဒီပိုစ့်ရေးနေရင်း ပြန်သတိရမိပါတယ်။ Hakone ကိုသွားရင်တော့ ဖူဂျီတောင်အလှကို ခံစားရင် ကိုယ်တုံးလုံး ရေပူစမ်း စိမ်နိုင်ပါတယ်။

(၂) နောက် YouTube မှာ တင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတိုလေး တစ်ခုကြောင့် ဂျပန်နိုင်ငံ၊ Shizuoka Prefecture ရဲ့ Hamamatsu မြို့ နဲ့ Hamana ko အနီးတ၀ိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အထိမ်းအမှတ်နေရာ ရှိကြောင်း သိရပါတယ်။ ko ဆိုတာ ဂျပန်စကား ဖြစ်ပြီး၊ Lake ရေကန်ကို ဆိုလိုတာပါ။ အင်းလေးကန် ဆိုရင် ဂျပန်လို Inle ko လို့ ဆိုရမှာပါ။ (အခု အဲ့ဒီဗီဒီယို YouTube ပေါ်မှာ မရှိတော့လို့ လင့်ခ် မပေးနိုင်တော့ပါဘူး။)

(၃) မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး Oxford တက္ကသိုလ်က ယခု ၂၀၁၀ ခုနှစ် ထုတ်၊ Professor Steinberg ရဲ့ Burma/Myanmar - What Everyone Needs To Know စာအုပ်ထဲမှာတော့

ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တုန်းက စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက မြန်မာနဲ့ အရင်းနှီးဆုံးနိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်ကြောင်း၊ ဒီရင်းနှီးမှုဟာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်ခင် ရဲဘော်သုံးကျိပ် (Thirty Comrades) အဖြစ် ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ ဂျပန်မှာ သင်တန်းတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုက စခဲ့ကြောင်း၊ ဦးနေ၀င်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဇနီးမောင်နှံနဲ့ အတော်ရင်းနှီးပြီး၊ ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်မီအထိ ဂျပန်သံအမတ်ကြီးဟာ နိုင်ငံခြား သံအမတ်ကြီးများထဲမှာ ဦးနေ၀င်းနဲ့ အလွယ်တကူ တွေ့ဆုံခွင့်ရတဲ့ တစ်ဦးတည်းသော သံအမတ်ကြီး ဖြစ်ကြောင်း...ဦးနေ၀င်းဟာ ဂျပန်တွေအပေါ် လေးစားမှုရှိကြောင်း နဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းက ဂျပန်လယ်သမားတွေကို မြန်မာနိုင်ငံ ဖိတ်ခေါ်ပြီး၊ မြန်မာနိုင်ငံမှာ အထွက်ကောင်းစေရေး မြန်မာတွေကို သင်ပြပေးဖို့အထိ စဉ်းစားခဲ့သော်လည်း ဒီအကြံအစည် အထမမြောက်ခဲ့ကြောင်း...

စသဖြင့် ရေးသားထားတာကိုလည်း ကျွန်တော် နားလည်သလောက် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ (Burma/Myanmar - What Everyone Needs To Know by David I. Steinberg စာမျက်နှာ-၁၂၄)

Koya San ခရီးအစ

ဒီလိုနဲ့ အတိုချုပ်ပြောရရင် မနွယ်ရဲ့ ကျေးဇူးကြောင့် Koya San ကို သွားချင်နေတဲ့ ဆန္ဒ ဒီနှစ် ၂၀၁၀၊ ဧပြီလမှာ ပြည့်မြောက်ခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် ဧပြီလမှာ အတန်းသစ်တွေ စပြီဖို့ အလုပ်ကတော့ ခပ်ရှုပ်ရှုပ်ပါပဲ။ Koya San ကိုသွားဖို့ Ritsumeikan University (BKC - Biwako Kusatsu Campus) ကို ဧပြီလ ၁၆ ရက် (သောကြာနေ့) ညနေပိုင်းက ချီတက်ခဲ့ပါတယ်။



Ritsumeikan University (BKC) က အကြမ်းဖျင်းအားဖြင့် နာဂိုယာ နဲ့ ကျိုတိုကြားမှာ ရှိပါတယ်။ ကျိုတိုမြို့နဲ့ နာရီဝက်လောက်ဝေးပြီး၊ ထုံးစံအတိုင်း ကျည်ဆန်ရထား (Shinkensen) နဲ့သွားရင် ဈေးကြီးမှာမို့ ဈေးအသက်သာဆုံးနည်းကို ရှာဖွေရပါတယ်။ (နာဂိုယာ-ကျိုတို ခရီးကို ကျည်ဆန်ရထားနဲ့သွားရင် (၃၅) မိနစ်သာ ကြာပြီး၊ one way ကို ယန်း ၅၀၀၀ ကုန်ပါမယ်။)

ဒီနေရာမှာ ဂျပန်ပြည်တွင်း ခရီးသွားများကို ညွှန်းချင်တာကတော့၊ ဂျပန်မှာ လေယာဉ်၊ ရထား စတာတို့နဲ့ ဘယ်ကို သွားချင်ချင် ဈေးနှုန်း၊ အချိန် နဲ့ခရီးစဉ် အသေးစိတ်ကို http://www.hyperdia.com မှာ အင်္ဂလိပ်လို အလွယ်တကူ ရှာလို့ရပါတယ်။ အလွန်ကို အသုံးဝင်တာမို့ မသိသေးရင် စသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။



ဥပမာ ကျည်ဆန်ရထား မဟုတ်ဘဲ Limited Express တို့၊ ရိုးရိုး Local ရထားတို့ စီးမယ်ဆိုရင်တော့ အချိန်ပေါ်မှာ မူတည်ပြီး ခရီးစဉ်တူကိုပဲ တစ်ချို့ ရထားက တိုက်ရိုက်၊ တစ်ချို့ ရထားက ၂ ကြိမ်၊ ၃ ကြိမ် စသဖြင့် ပြောင်းရတာမျိုးတွေ ရှိတတ်တာကြောင့် သေသေချာချာ ရွေးဖို့၊ browse လုပ်ဖို့တော့ လိုပါတယ်။ ဂျပန်မှာ (ယေဘုယျအားဖြင့်) ဘယ်အချိန်ချိန် ထသွားသွား၊ ကိုယ်သွားချင်တဲ့ ခရီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ရောက်နိုင်ပေမယ့်၊ ကြိုတင်ရှာထားနိုင်ရင်တော့ အနည်းဆုံး အချိန်ကုန် သက်သာမှာပါ။

(BKC) Biwako Kusatsu Campus ရှိတဲ့ Minami Kusatsu ကိုသွားဖို့ ကျွန်တော် ကျိုတိုအထိ မစီးတော့ဘဲ၊ လမ်းတ၀က်လို့ ပြောလို့ရတဲ့ Maibara အထိသာ စီးပြီး၊ Maibara ကနေ Minami Kusatsu ကို Local ရထား ပြောင်းစီးပါတယ်။ (Maibara ကို တိုက်ရိုက်ရထားနဲ့ သွားတာက တစ်နာရီ ရှစ်မိနစ်၊ နောက်ပြောင်းစီးမယ့် ရထားစောင့်ဘာစောင့်နဲ့ (နာဂိုယာကနေ) Minami Kusatsu အထိ ခန့်မှန်းချေ နှစ်နာရီဝန်းကျင် ကြာပါတယ်။ ပြောင်းတဲ့အကြိမ်များရင်တော့ သုံးနာရီဝန်းကျင်လောက် အချိန်ကုန်ကောင်း ကုန်နိုင်ပါတယ်။ (ကျည်ဆန်ရထားနဲ့မသွားဘဲ ရိုးရိုးရထားနဲ့သာ သွားတာမို့ အချိန်ပိုပေးရပေမယ့်၊ ယန်း ၂၀၀၀ ၀န်းကျင်သာ ကုန်ပါတယ်။)


(Maibara မှ Minami Kusatsu အထိ သွားတဲ့ ရထားမြေပုံ)

Minami Kusatsu ရောက်တော့ ဒေသခံ သူငယ်ချင်းတစ်ဦးက မိုးထဲလေထဲမှာ လာကြိုပြီး၊ ဦးဆုံး ညစာကျွေးပါတယ်။ သူကျွေးတဲ့ ဟင်းတွေထဲက ငါးဖယ်သုပ် ကိုတော့ အခုထိ တွေးတိုင်း စားချင်နေတုန်းပါပဲ။ စားပြီးတာနဲ့ တစ်ညတာတည်းမယ့် သူငယ်ချင်းရဲ့အိမ်ကို ထပ်ပြီး ခရီးဆက်ခဲ့ပါတယ်။ သူငယ်ချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီည သူ့အိမ်မှာ စားပွဲသောက်ပွဲလေး လုပ်တဲ့အစီအစဉ် ရှိနေတာကြောင့် ကျွန်တော်လည်း ၀င်နွဲဖြစ်ခဲ့ပါတယ်။ စပိန်၊ အင်ဒိုနီးရှား၊ ဥစ္စဘက်ကစ္စတန်၊ အီသီယိုပီးယား နိုင်ငံများက သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ အချင်းချင်း ရောက်တက်ရာရာ အတွေ့အကြုံများကို နှီးနှောဖလှယ်ရင်း၊ အင်ဒိုနီးရှား သူငယ်ချင်းမလေးရဲ့ ရှားမှရှား ပြောဆိုဆွေးနွေးချက်များကြားမှာ ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာနှစ်သစ်ကို ကူးဖြစ်ခဲ့ပါတယ်။ ပွဲပြီးချိန် နောက်ကျတာကြောင့်၊ နောက်တစ်နေ့ မနက် (၁၁) နာရီ ဘူတာစုရပ် မီဖို့ မနည်း ထခဲ့ရပါတယ်။

(ဆက်ပါဦးမည်...)

Sunday, April 4, 2010

ဘွဲ့ရဂျပန်လူငယ်များရဲ့ လုပ်ငန်းခွင်ဘ၀ အစ

ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ်တစ်ယောက် အမြဲတမ်း လုပ်ငန်းခွင် (Permanent Job) စ၀င်ရင် တစ်လ လခ ဘယ်လောက်ရသလဲ၊ ဂျပန်နိုင်ငံရဲ့ ပုံမှန် ၀န်ထမ်းတစ်ယောက်ရဲ့ တစ်လ ၀င်ငွေဟာ ဘယ်လောက်လဲ ဆိုတာ ဂျပန်ကို ရောက်ခါစကတည်းက သိချင်ပေမယ့် ယဉ်ကျေးမှုအရ မမေးခဲ့ပါဘူး။ နောက်ပိုင်း ဒီမှာ နေတာလဲ တစ်နှစ်ကျော်ကြာ၊ အားနာစရာ မလိုတော့တဲ့ ခင်မင်တဲ့ ဂျပန် သူငယ်ချင်းတွေလည်း ရလာတာရယ်၊ သူတို့တွေကလည်း လိုလိုချင်ချင် ပြောပြချင်တာရယ်တို့ကြောင့် အကြမ်းဖျင်း မေးမြန်း သိခဲ့ရတာလေးတွေကို မျှဝေချင်ပါတယ်။

လခ အကြောင်း မပြောခင် ဂျပန်မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေ အလုပ်ဘယ်လိုရှာသလဲဆိုတာ ရှင်းပြဖို့လိုပါတယ်။ ဘွဲ့ကြို တန်း (undergraduate) နဲ့ ဘွဲ့လွန် (graduate) တန်း ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့မရခင် တစ်နှစ်အလိုမှာ အမြဲတမ်း အလုပ်အကိုင် (Permanent Job) တစ်ခုခု ရအောင် ရှာကြရပါတယ်။ ဘွဲ့တစ်ခုခု ရပြီးမှ အေးအေးဆေးဆေး စိတ်ကြိုက် အလုပ်ရှာမယ်ဆိုတဲ့ ပုံစံ၊ စနစ်မျိုး ဂျပန်ရဲ့ လက်ရှိ လူမှုစီးပွားရေးနယ်ပယ်မှာ မရှိတော့ပါဘူး။




(၂၀၁၀၊ မတ်လက နာဂိုယာမှာကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများ)

ဒါကြောင့် ပုံမှန် လေးနှစ်တက်ရတဲ့ (Bachelor's Degree) ဘွဲ့တန်းမှာ တတိယနှစ် ကျောင်းသူကျောင်းသားတွေ၊ (Master's Degree) ဘွဲ့လွန်တန်း မှာ မဟာတန်း ပထမနှစ် ကျောင်းသူကျောင်းသားတွေဟာ ကျောင်းစာထက် အလုပ်အကိုင် ရှာဖွေဖို့အတွက် ပြုလုပ်ပေးတဲ့ အလုပ်ရှာ ဆွေးနွေးပွဲ (ဂျပန်ကျောင်းသားများ အခေါ် Shukatsu / Job-Hunting Seminar) များ၊ အလုပ်ခွင် အင်တာဗျူးများ နဲ့သာ အလွန်အမင်း အလုပ်ရှုပ်ကြတာကို တွေ့ရပါတယ်။

ဒီလို အလုပ်ရှာဆွေးနွေးပွဲများတက်ဖို့၊ အင်တာဗျူးများဖြေဖို့ ကျောင်းသားကျောင်းသူတွေဟာ ဂျပန်တစ်နိုင်ငံလုံးကို အိမ်ဦးနဲ့ကြမ်းပြင်လို ဥဒဟို သွားလာကြရပါတယ်။ ဥပမာ - မနက်မှာ တိုကျို၊ ညနေမှာ အိုဆာကာ၊ နောက်တစ်ရက်မှာ နာဂိုယာ နဲ့ ဖူကူအိုကာ ကို ရောက်ချင် ရောက်နေတတ်ကြပါတယ်။

Shinkensen လို့ ခေါ်တဲ့ ကျည်ဆန်ရထားရဲ့ ကောင်းမှုကြောင့် ဂျပန်တစ်နိုင်ငံလုံးကို အချိန်သက်သက်သာသာနဲ့ သွားနိုင်တာလည်း ပါတာပေါ့ဗျာ။ ဒါပေမယ့် ကျည်ဆန်ရထားကလည်း ဈေးအလွန်ကြီးတာကြောင့် သူတို့လည်း ချင့်ချိန် စီးကြရတာပါပဲ။ (ဥပမာ - ကီလိုမီတာ ၅၅၀ ခန့်ကွာဝေးတဲ့ အိုဆာကာ-တိုကျို ခရီးကို ကျည်ဆန်ရထားနဲ့ တိုက်ရိုက်သွားရင် အချိန် (၃) နာရီခန့်သာ ကြာပါမယ်။ ဒါပေမယ့် ယန်းတစ်သောင်းငါးထောင် (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) တော့ ကုန်ပါမယ်။)

ဒီလို ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင် အလုပ်ရှာရတာဟာ ဂျပန်လူငယ်တွေကြားမှာ ယဉ်ကျေးမှု ထုံးစံတစ်ခုလို ဖြစ်နေပြီး၊ အလုပ်ကောင်းကောင်း မရမှာ စိုးရိမ်ပူပန်ရတဲ့ pressure လည်း အတော်များတာကို တွေ့မြင်နေရပါတယ်။

သူတို့ကြားမှာ ဘွဲ့ရပြီးပြီးချင်း ငါက ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့ အလုပ်ဝင်မှာ ဆိုတဲ့အရာဟာလည်း အပြိုင်အဆိုင် တစ်ခုလိုလဲ ဖြစ်နေတာကို ရိပ်စားမိပါတယ်။ ဘွဲ့ရပြီးပြီးချင်း စတင်ဝင်ရောက်မယ့် အလုပ်ခွင် နဲ့ မိမိရဲ့ visiting card ကို သူငယ်ချင်း အချင်းချင်းကြားမှာ မပြောနိုင်၊ မပြနိုင်ရင် အင်မတန်မှ ဂုဏ်ငယ်၊ သိမ်ငယ်ဖွယ်ရာ၊ ရှက်စရာလို့ သူတို့ အချင်းချင်းကြားမှာ ယူဆထားကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် ခန့်တုန်းက၊ ကမ္ဘာ့စီးပွားရေး၊ ဂျပန်စီးပွားရေးကောင်းတုန်းက ဆိုရင် အလုပ်ရှာရတာ အခုလို သိပ်မခက်ခဲ (competitive) မဖြစ်ကြောင်း၊ ဘွဲ့ရတစ်ယောက် အတွက် အလုပ်ကောင်း ၃၊ ၄ ခု စောင့်နေကြောင်း၊ ကြိုက်ရာရွေး လုပ်လို့ရကြောင်း နဲ့ အလုပ်ရှာဆွေးနွေးပွဲ၊ အင်တာဗျူးများကို သွားလာရတဲ့ ကုန်ကျစရိတ်များကို သက်ဆိုင်ရာကုမ္ပဏီမှ ကျခံပေးလို့ အလုပ်ရှာရင် အမြတ်တောင်ထွက်ကြောင်း ပါမောက္ခတစ်ဦး ပြောပြတာကိုလည်း အမှတ်ရမိပါတယ်။ (ဥပမာ - နာဂိုယာက ကျောင်းသားတစ်ဦး တိုကျိုမှာ အလုပ်ခွင် အင်တာဗျူး (၃) ခု သွားဖြေတယ်ဆိုပါတော့၊ တိုကျိုမှာ ရှိတဲ့ ကုမ္ပဏီ (၃) ခု စလုံးက ခရီးစရိတ်ပေးလို့ အရင်းထက် အမြတ်တောင် ထွက်တယ်လို့ ဆိုပါတယ်။)

ဒါပေမယ့် အခု လက်ရှိကာလမှာတော့ ဂျပန်ကျောင်းသားတစ်ယောက်ဟာ အလုပ်ရရှိဖို့ အလုပ်ရှာ ဆွေးနွေးပွဲများ၊ အင်တာဗျူးများအတွက် နေထိုင်သွားလာ စားသောက်စရိတ် အကြမ်းဖျင်း အမေရိကန်ဒေါ်လာ (၁၀၀၀) ကနေ (၃၀၀၀) ၀န်းကျင်အထိ ရင်းနှီးရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီများကလည်း ခရီးစရိတ် မပေးတော့ဘူးလို့ သိရပါတယ်။

သူတို့တွေ လခ ဘယ်လောက်ရသလဲ မပြောပြခင် သူတို့ဘယ်လိုအလုပ်မျိုးကို စိတ်ဝင်စားတယ် ဆိုတာ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ လူငယ်အများစုက ကုမ္ပဏီဝန်ထမ်း (သူတို့အခေါ် kaishain) သာ ဖြစ်ရင်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် ၀န်ကြီးဌာနများက အစိုးရ၀န်ထမ်း အလုပ်ကို အထင်ကြီး၊ ဂုဏ်ယူကြပေမယ့် အစိုးရအရာရှိ ၀င်ခွင့်စာမေးပွဲရဲ့ ခက်ခဲမှုကြောင့် တကြောင်း၊ ကုမ္ပဏီများမှာ အလုပ်လုပ်ရင် ငွေးကြေးအပါအ၀င် ဘ၀မှာ ပိုမိုအောင်မြင်နိုင်တယ်လို့ ယေဘုယျ ယူဆကြတာက တကြောင်း၊ ကုမ္ပဏီဝန်ထမ်းအလုပ်က ဘွဲ့ရလူငယ်များအကြားမှာ ပိုခေတ်စားတာကို သတိထားမိပါတယ်။

နောက်သူတို့တွေလည်း ယေဘုယျအားဖြင့် မြန်မာနိုင်ငံ နဲ့ အခြားနိုင်ငံအချို့တွေမှာလိုပဲ ရတဲ့ဘွဲ့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အလုပ်မှာ လုပ်ကြတဲ့သူ ရှားပါတယ်။ ဘွဲ့ဟာ လိုအပ်ချက်၊ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပြီး၊ ဘွဲ့နဲ့ လားလားမျှ မသက်ဆိုင်တဲ့ အလုပ်တွေကို ၀င်ရောက်လုပ်ကိုင်ကြသူတွေ အများအပြားပါပဲ။


နောက်ဆုံးအနေနဲ့ ဒီပို့စ်ရဲ့အစမှာ ဆိုခဲ့တဲ့အတိုင်း ဘွဲ့ရဂျပန်လူငယ်တွေ လခ ဘယ်လောက်ရသလဲဆိုတာ ပြောပြချင်ပါတယ်။ ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင်အလုပ်ရှာထားတဲ့၊ အသက်(၂၀) (၂၁) အရွယ် သာမန်ဘွဲ့ရ ဂျပန်လူငယ်တစ်ယောက်ဟာ ဘွဲ့ရပြီးပြီးချင်း အမြဲတမ်း အလုပ် (Permanent Job) အတွက် အရည်အချင်း နဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လစဉ် တစ်လကို ယန်း သောင်း ၂၀ (အမေရိကန်ဒေါ်လာ ၂၀၀၀) နဲ့ယန်း ၃၅ သောင်း (အမေရိကန်ဒေါ်လာ ၃၅၀၀) ကြား ရပါတယ်။

ဘွဲ့ရလူငယ်တစ်ယောက် အနေနဲ့ နာမည်ကြီး ကုမ္ပဏီမှာ ယန်း ၃၅ သောင်းနဲ့ ခန့်အပ် ခံရပြီဆိုရင်တော့ မိမိရဲ့အတန်းတူ သူငယ်ချင်းတွေကြားမှာ အတော်ကို မျက်နှာပွင့်ပြီး၊ အလျှံအပယ် ပါတီပေးလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ယခု ၂၀၁၀၊ မတ်လမှာ ဘွဲ့ရတဲ့ ဂျပန်သူငယ်ချင်းတစ်ယောက်ကတော့ တိုကျိုမှာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ တစ်လ ယန်း ၃၅ သောင်းနဲ့ အလုပ်ရထားတာမို့ သူ့ပါတီမှာ အရက်ပုလင်းမျိုးစုံ ပုလင်း (၂၀) ကျော်နဲ့ သူငယ်ချင်းတွေကို ဒါနပြုသွားပါသေးတယ်။

ကြုံကြိုက်တုန်း တဆက်တည်းပြောပြရရင် အစိုးရတက္ကသိုလ် (Public University) များက ပါမောက္ခတစ်ယောက်ရဲ့ လစာကတော့ တစ်လကို ယန်း သောင်း (၃၀) (အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်) ရကြောင်း ပါမောက္ခတစ်ဦး ပြောဘူးတာ မှတ်မိပါတယ်။

နောက်ပြီး၊ ဂျပန်တွေ စီးပွားရေး မကောင်းဘူး၊ လုပ်ခ၊ အပိုဆုကြေး (Bonus) တွေ ဖြတ်တယ် ဆိုပေမယ့်လည်း Bonus က တစ်ကြိမ်ကို ယန်း သောင်း ၂၀-၃၀ နဲ့ တစ်နှစ်မှာ နှစ်ခါ ပေးနေမြဲ၊ ရနေဆဲဆိုတာကို Bonus ရလို့ ဘီယာအတူတူ သောက်ဖြစ်တဲ့ ကျွန်တော့် ဂျပန်သူငယ်များ ကျေးဇူးကြောင့် သိရပါတယ်။

ဒါကြောင့် အကြမ်းဖျင်း ဂျပန်မှာ အသက် (၂၀) (၂၁) အရွယ်၊ ဘွဲ့ရဂျပန်လူငယ် တစ်ယောက်အနေနဲ့ တစ်လကို ယန်း ၂၅ သောင်း ၀န်းကျင်နဲ့ အနာဂတ်အတွက် အတိုင်းအတာ တစ်ခု အထိ စိတ်အေးရပါတယ်။

ဒီပို့စ်ကို ရေးနေရင်း မဟာဘွဲ့ရ ဂျပန်သူငယ်ချင်းတစ်ယောက် သူ့ရဲ့ ဘွဲ့ရနှုတ်ဆက်ပွဲမှာ ပြောသွားတာကိုလည်း ပြန်ပြောပြချင်ပါသေးတယ်။

သူငယ်ချင်းက အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ မဟာဘွဲ့ရသွားသူပါ။ သူ့ကို ဘွဲ့ရပြီးတော့ မင်းဘာလုပ်မှာလဲလို့ ၀ိုင်းမေးကြတော့… ငါ တက္ကစီမောင်းမယ်လို့ ဖြေသွားပါတယ်။ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ဘွဲ့ရကြသူ ဂျပန်သူငယ်ချင်း အများစုက ကုလသမဂ္ဂ (UN) မှာ လုပ်မယ်။ International NGOs တစ်ခုခုမှာ လုပ်မယ် စသဖြင့် အပြိုင်အဆိုင် ပြောနေကြချိန်မှာ တက္ကစီမောင်းမယ့် သူငယ်ချင်းကြောင့် အတော်ပွဲကျသွားပါတယ်။

ဒေသဆိုင်ရာ၊ ကမ္ဘာ့ဆိုင်ရာတွေ (၂) နှစ်လောက် ကြီးကြီးမားမား လေ့လာပြီးခါမှ ဘွဲ့လည်းရရော၊ တက္ကစီ မောင်းမယ်ဆိုတဲ့ သူငယ်ချင်းကြောင့် လုပ်ငန်းခွင်နဲ့ ပတ်သက်ရင် ရည်ရွယ်ချက် ကြီးကြီးထားကြတဲ့၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ NGOs များမှာ အဆင့်မြင့်ရာထူးတွေ လုပ်ကိုင်ချင်ကြတဲ့ အတန်းဖော် သူငယ်ချင်းတသိုက် ငိုရအခက်၊ ရီရအခက် ဖြစ်ကုန်ပါတယ်။

သူက အခု မဟာဘွဲ့ရပြီးတဲ့နောက်၊ (၂) နှစ်လောက် ငွေစုပြီး ဆေးကုတဲ့ဆရာဝန် ဖြစ်ဖို့ ကျောင်းဆက်တက်ချင်သေးကြောင်း နဲ့ လက်ရှိသူ့အနေနဲ့ ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ်ရင် ယန်း ၂၀၊ ၂၅ သောင်း လောက်သာ ရနိုင်တာမို့၊ တိုကျိုမှာ သူတက္ကစီ သွားမောင်းရင် တစ်လ ယန်း ၃၅ သောင်း လောက်ရနိုင်တယ်လို့ သူ့ ရည်ရွယ်ချက်ကို ကျွန်တော့်ကို နောက်သီးခြား ရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်၊ အခြေအနေလေးတွေဟာ လက်ရှိ ဂျပန့် လူမှု စီးပွားရေး၊ ပညာရေး နယ်ပယ်တွေမှာ တကယ်ဖြစ်နေတာမို့ ကျွန်တော်တို့တတွေ တစုံတရာ တွေးစရာလေးများ ရနိုင်ဖို့ မျှဝေလိုက်ပါတယ်။ (Shukatsu / Job-Hunting Seminar ဆိုင်ရာ ဗီဒီယိုများကို YouTube မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။)