Tuesday, December 9, 2008

စာအုပ်စာရင်း နိဒါန်း


ဂျပန်ရောက်ပြီးနောက်ပိုင်း ၀ယ်ထားတဲ့စာအုပ်တွေ record တစ်ခုအနေနဲ့ စာရင်းလုပ်မယ်ဆိုပြီး စဉ်းစားထားတာတော့ ကြာပါပြီ။ စာရင်းလုပ်မထားရင်၊ များလာရင် မမှတ်မိ၊ နောက်သူငယ်ချင်းတွေကို ဌားလိုက်ပြီးရင် ပြန်တောင်းဖို့ မေ့သွားတာကြောင့် စာအုပ်တွေပျောက်ကုန်တာလည်း မကြာခဏကြုံဖူးပါတယ်။

စာရင်းမစခင် ကျွန်တော်ဘယ်လို စာအုပ်မျိုးတွေ ကြိုက်သလဲဆိုတာ နည်းနည်းပြောပြချင်ပါတယ်။ ငယ်ငယ်တုန်းကတော့ စာအကုန်ဖတ်ပါတယ်။ အိမ်ကလည်း ဘယ်စာကိုဖတ်ရမယ်။ ဘယ်စာကို မဖတ်ရဘူး စသဖြင့် ထိန်းချုပ်ထားတာမျိုး မရှိပါဘူး။ အချို့သော သူငယ်ချင်းများကို သူတို့ရဲ့အိမ်တွေက စာအုပ်ရွေးဖတ်စေတာမျိုး၊ ထိန်းချုပ်ထားတာမျိုးတွေ ရှိတာကြောင့် စာဖတ်ဝါသနာ လျော့ကုန်၊ ပျောက်ကုန်တာလည်း သတိထားမိပါတယ်။ ကျွန်တော့်အထင်တော့ စာဖတ်နာလာရင် ဘယ်လိုစာကောင်းတွေ ရွေးဖတ်ရမယ်၊ ကိုယ်ဘယ်လိုစာမျိုးတွေ အားသန်တယ်ဆိုတာ အလိုလိုသိလာမှာပါ။ အလိုလို အကောင်းအဆိုး ရွေးတတ်လာမှာပါ။

ကျွန်တော်ကတော့ အခုနောက်ပိုင်း သမိုင်းနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ နိုင်ငံရပ်ခြားဆိုင်ရာ ဗဟုသုတရမယ့် စာပေတွေ၊ ကိုယ်ရေးမှတ်တမ်း (Biography) စာအုပ်တွေကို ကြိုက်လာပါတယ်။

Biography
တွေကို ကြိုက်တာ အကြောင်းရှိပါတယ်။ လူတွေအကြောင်း၊ သူတို့ တွေ့ကြုံဖြတ်သန်းခဲ့တဲ့ဘ၀တွေ အကြောင်း ဖတ်ရင်းနဲ့ ကိုယ့်အတွက် အများကြီးရတယ်လို့ ထင်ပါတယ်။ ဒါတွေက ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတာဖြစ်လို့ ကိုယ်စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တွန်းအားတစ်ခုဖြစ်သလို၊ ကိုယ်ပျင်းနေချိန် (အပျင်းထူနေချိန်) မှာလည်း ကိုယ့်ကိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်အောင် တွန်းအားပေးပါတယ်။ အဲ ကျွန်တော့်အဖေပြောနေကြ
"ဘ၀င်မမြင့်နဲ့ ရူးတတ်သည်"
ဆိုသလို၊ ကိုယ်ဘ၀င်မြင့်၊ မြောက်လာချိန်မှာလည်း ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နိုင်အောင် ထိန်းကြောင်းပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် Biography တွေကို ကြိုက်ပါတယ်။

နောက်ဖတ်ဖြစ်တာတွေကတော့ fiction တွေပေါ့။ ဒါတွေကို ဖတ်တာ ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး။ English စာ တိုးတက်ချင်လို့ ဖတ်တာပါ။ အဲဒါတွေဖတ်တာများလာရင် စကားပြောတို့၊ အရေးအသားတို့ အနည်းငယ် တိုးတက်လာမယ်လို့ ထင်လို့ပါ။ ကျွန်တော့်အတွက် အားသာချက်လို့ ကိုယ့်ကိုယ်ကို ထင်တာကတော့ ကျွန်တော်က ရုပ်ရှင်ကြည့်တာနာတော့ (များတော့) fiction တွေဖတ်ရင်၊ ရုပ်ရှင်ကြည့်ရသလိုပဲ၊ မျက်စိထဲမြင်လာပါတယ်။ ပိုပြီးရှင်းလင်းလာတယ်ဗျ။ (ရုပ်ရှင်များများကြည့်ပြီး၊ စာပါတွဲဖတ်ရင် အခုကျွန်တော်ပြောသလိုမျိုး ကိုယ်တိုင်ကြုံလာမှာပါ။) အဲ...ရုပ်ရှင်ဆိုလို့ ဒုန်းဒိုင်းနဲ့ သေနတ်ပစ်၊ ဖိုက်တင်ချပြီး ပြီးသွားတဲ့ဇာတ်လမ်းမျိုးကိုပဲ မဆိုလိုပါ။ အဲဒါတွေအပါအ၀င် Drama, Romance, Comedy, Documentary နဲ့ (based on True Story) ဆိုတာမျိုးတွေကို ဆိုလိုပါတယ်။ နောက်မှ ကျွန်တော်ကြိုက်တဲ့ ရုပ်ရှင်တွေ အကြောင်း ပြောပြပါ့မယ်။

ကဲ၊ စာအုပ်စာရင်း မလုပ်ခင် နိဒါန်းပျိုးလိုက်တာ အတော်များသွားတာမို့ စာအုပ်စာရင်း အခုစလုပ်ပါတော့မယ်။

Sunday, November 23, 2008

ဒို့မြန်မာတို့ ဂုဏ်ယူစေဖို့


















လွန်ခဲ့သော နှစ်ပတ်ခန့်က စာကြည့်တိုက်ကို မွှေနေရင်း Yearbook of the United Nations တွေကို အမှတ်မထင် တွေ့လိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော့်တို့ မြန်မာတွေ လေးစားဂုဏ်ယူရတဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် လက်ထက်တုန်းက စာအုပ်တွေများ ရှိမလားဆိုပြီး ရှာဖွေကြည့်လိုက်တော့ ကံကောင်းစွာပဲ ဦးသန့်လက်ထက်က Yearbook စာအုပ်တွေ အတွဲလိုက် အစီအစဉ်တကျ တွေ့လိုက်ပါတယ်။

ဒါနဲ့ အမှတ်တရ သိမ်းထားချင်တာရော၊ အကြောင်းမတိုက်ဆိုင်လို့ မမြင်တွေ့ဖူးသေးသူတွေ ရှိရင်လည်း မြင်တွေ့ဖူးစေချင်တာကြောင့်၊ ဦးသန့်လက်မှတ်ပါသော Foreword များနဲ့ စာအုပ်အဖုံးများကို မိတ္တူကူးယူခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ဦးစိန်တင်ရေးတဲ့ ဦးသန့်အကြောင်းစာအုပ်ကိုတော့ တော်တော်များများ ဖတ်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်မှာလည်း ဦးသန့်ရဲ့ လက်ရေးမူ အပါအ၀င် ဦးသန့်နဲ့ပတ်သက်တာတွေ အတော်လေး စုံလင်အောင်တော့ ရေးသားဖော်ပြထားပါတယ်။

UN Yearbook မှာ အတွင်းရေးမှူးချုပ်များ Foreword ရေး၊ လက်မှတ်ထိုးတာဟာ အတွင်းရေးမှူးချုပ်တစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ်ခု ဖြစ်လို့ မထူးဆန်းဘူးလို့ ပြောလို့ရပါတယ်။

ဒါပေ့မယ် ကိုယ့်မြန်မာနိုင်ငံသား တစ်ယောက် UN မှာ သက်တမ်းနှစ်ကြိမ် တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တာကြောင့် မှတ်တမ်းလေးတစ်ခု အဖြစ်တော့ ရှိထားသင့်တယ်ထင်လို့ အခုလို ကျွန်တော့်ပို့စ်မှာ တင်လိုက်တာပါ။

၁၉၆၀ ခုနှစ်ကနေ ၁၉၆၉ ခုနှစ်အထိ ထုတ်ဝေခဲ့တဲ့ Yearbook of the United Nations စုစုပေါင်းအုပ်ရေ (၁၀)အုပ် မှာပါတဲ့ အတွင်းရေးမှူးချုပ် ဦးသန့် လက်မှတ်ရေးထိုးထားသော Foreword များကို အမှတ်တရ လေ့လာကြည့်ရှု ကြပါခင်ဗျား။

Meiji Mura သို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်က (၁)



ပြတိုက်အကြောင်း လက်ကမ်းစာစောင်၊ ရွာဝင်ကြေး နဲ့ ကားစီးခ လက်မှတ်များ



Kyoto Streetcar



Village Bus

ဒီနေ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မှတ်မှတ်ရရ၊ ဂျပန်နိုင်ငံက Meiji Mura ကို အလည်အပတ် လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။ Mura ဆိုတာက ဂျပန်လိုခေါ်တာဖြစ်ပြီး၊ village (ရွာ) ကို ဆိုလိုတာပါ။ ဒီရွာကို ၁၉၆၅ ခုနှစ်၊ မတ်လက ဖွင့်လှစ်ခဲ့ပါတယ်။ မေဂျီခေတ် (၁၈၆၈-၁၉၁၂) အတွင်းက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာလက်ရာတွေကို ထိန်းသိမ်းချင်တာရယ်၊ နှောင်းခတ် အများပြည်သူတွေကို သိရှိအောင် ပြသချင်တာရယ် စတဲ့အချက် တွေကြောင့် ဖွင့်လှစ်ခဲ့တဲ့ open-air museum ပဲ ဖြစ်ပါတယ်။

ဒီခရီးကို သူငယ်ချင်း လေးယောက်နဲ့ အတူသွားခဲ့တာပါ။ ကျွန်တော်နဲ့အတူ ဂျပန်သူငယ်ချင်း သုံးယောက်၊ မြန်မာသူငယ်ချင်း တစ်ယောက် ပါပါတယ်။ ရွာဝင်ကြေးကတော့ ဈေးကြီးတယ်ဗျာ၊ ယန်း ၁၆၀၀ ပေးရတယ်။ နောက်ပြီး ရွာထဲမှာရှိတဲ့ ရထား၊ ကား (သူတို့အခေါ် steam-locomotive train, Kyoto streetcar, village bus) စတာတွေ တစ်နေကုန် (အ၀စီး) ချင်ရင် နောက်ထပ် ယန်း ၈၀၀ ထပ်ပေးရမယ်ဗျ။ ကျွန်တော်တို့တော့
Kyoto streetcar ကိုပဲ သီးခြား ယန်း ၃၀၀ ပေးပြီး တစ်ကြိမ်ပဲ စီးခဲ့ပါတယ်။

သမိုင်းကြောင်းလေး ကြုံတုန်းပြောပြရရင် မေဂျီခေတ်ဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းမှာ အတော်ကို အရေးပါပါတယ်။ မေဂျီခေတ်မှာ ဂျပန်နိုင်ငံဟာ ပြင်ပကမ္ဘာ့နိုင်ငံတွေကို စတင် တံခါးဖွင့်ပေးခဲ့ပါတယ်။ ခေတ်မီဂျပန်နိုင်ငံ ဖြစ်လာစေဖို့အတွက် အနောက်တိုင်း ယဉ်ကျေးမှု၊ နည်းပညာတွေကို ဂျပန်နိုင်ငံတွင်းမှာ စတင် အစပျိုး၊ မိတ်ဆက်လာတဲ့ခေတ်လို့ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

Friday, November 14, 2008

ကျွန်တော် နှင့် စာအုပ်များ

ကျွန်တော် စာအုပ်တွေကို ရူးတာ ကျွန်တော့်ရဲ့ Profile မှာ အကြမ်းဖျင်း ဖော်ပြထားလို့ သိပြီးလောက်ပြီလို့ ထင်ပါတယ်။ အခုလောလောဆယ် ၀မ်းသာစရာကိစ္စ တစ်ခုနဲ့ ကြုံရတာ ပြောပြချင်ပါတယ်။

ဂျပန်နိုင်ငံလို သူတို့ ဘာသာစကားကို အလေးပေးတဲ့ နိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေ ၀ယ်ရတာ မလွယ်ပါဘူး။ အရောင်းဆိုင်ကောင်း အချို့ရှိပေမယ်လည်း၊ ဈေးတွေက ဘန်ကောက်မှာထက်တောင် ကြီးပါတယ်။ second hand ဆိုင်တွေကိုလည်း အချို့သော အရှေ့တောင်အာရှနိုင်ငံများလို ပေါပေါများများ မတွေ့မိသေးပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်၊ စုချင်တဲ့ ကျွန်တော့်အတွက်တော့ ဂျပန်နိုင်ငံက သိပ်မနိပ်ဘူးလို့တွေးမိပါတယ်။

ဥပမာ၊ မြန်မာစာဖတ်ပရိသတ်နဲ့ သိပ်မစိမ်းတဲ့ Sidney Sheldon, Dan Brown တို့လို စာရေးဆရာတွေရဲ့ စာအုပ်အဟောင်းကို ကျွန်တော်ရောက်ဖူးတဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့က second hand ဆိုင်မှာ အမေရိကန် ၂ ဒေါ်လာ၊ ၃ ဒေါ်လာ လောက်နဲ့ ရပေမယ့်၊ ဂျပန်က စာအုပ်အဟောင်းဆိုင် မှာ ယန်း ၆၀၀၊ ၇၀၀ လောက်နဲ့ ရောင်းပါတယ်။ (အကြမ်းဖျင်း။ ယန်း ၁၀၀ = ၁ ဒေါ်လာ) အသစ်ကတော့ ယန်း ထောင်ကျော်ပေါ့ဗျာ။

ဒါကြောင့် အစစအရာရာ ဈေးကြီးတဲ့ ဂျပန်မှာ စာအုပ်အဟောင်း ၀ယ်ဖတ်ရင်တောင် ဈေးသိပ် မသက်သာလှပါဘူး။ ဒါကြောင့် စာအုပ်တွေ သိပ်မ၀ယ်တော့ပဲ၊ စာကြည့်တိုက်တွေကပဲ ငှားဖတ်ဖို့ စိတ်ကူးထားပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာ သွားနေကြ Library တစ်ခုကို သွားရင်းနဲ့ Library ဖွင့်လှစ်ထားတဲ့ စင်တာမှာ စာအုပ် အရောင်းပွဲတော်တစ်ခု လုပ်မယ်ဆိုတာကို သိခဲ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်များ၊ ကလေးဖတ်စာအုပ်များ စတာတွေ ရောင်းချမယ်လို့လည်း ဖတ်လိုက်ရပါတယ်။

နောက်ပြီး ဒီအရောင်းပြပွဲမှာ ရောင်းချမယ့် စာအုပ်များကို ဈေးသတ်မှတ်ထားမှာ မဟုတ်ကြောင်း၊ ၀ယ်ယူသူများက သင့်တော်သလို ဈေးဖြတ်ပြီး ပေးနိုင်ကြောင်း၊ Charity Bazaar မျိုး လုပ်မှာ ဖြစ်ပြီး၊ ရောင်းရငွေများကို UNESCO၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ နဲ့ စာကြည့်တိုက်မှာ စာအုပ်ထပ်မံ ဖြည့်ဆည်းဖို့ သုံးသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကျွန်တော် စိတ်ဝင်စားသွားတဲ့အချက်က ဈေးမသတ်မှတ်ထားဘူး ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရောင်းပြပွဲကို သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

အဲဒီလိုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) ရက်၊ တနင်္ဂနွေနေ့က ဈေးပွဲတော် လုပ်တဲ့နေရာကို သူငယ်ချင်းများနဲ့ သွားခဲ့ပါတယ်။ ရောင်းမယ့်အချိန်က နေ့လယ် (၁) နာရီ က (၃) နာရီ ဖြစ်လို့၊ (၁) နာရီခန့် အရောက်သွားတော့ ရှေ့မှာ လူ ၅၀ လောက်က စတောင် ၀ယ်နေကြပါပြီ။

ဒါကြောင့် ကျွန်တော်လည်း လူတွေကြားထဲ အပြေးအလွှား၊ အမှန်အတိုင်း ပြောရရင်တော့ အလုအယက် ၀င်မွှေရတော့တာပါပဲ။ မွှေလေလေ အကုန်လိုချင်ချင်လေပါပဲ။ ဂျပန်ရောက်ပြီးကတည်းက ကိုယ်လိုချင်တဲ့ အင်္ဂလိပ်စာအုပ်တွေ အများဆုံး တွေ့ရခြင်းပါပဲ။ ကျွန်တော် ဖတ်ဖူးတဲ့၊ ကြိုက်တဲ့ စာရေးဆရာတွေဖြစ်တဲ့ John Grisham, Sidney Sheldon, Dan Brown, Jeffery Archer စတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ အပါအ၀င် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ် အတော်များများကို တွေ့ခဲ့ရပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ရွေးဖို့တောင် အချိန် မရှိပါဘူး။ လူတိုင်းက ကြိုက်တာတွေ့တာနဲ့ လက်ထဲထည့်၊ အသင့်ယူလာတဲ့ အိတ်ထဲ ထည့်နေကြတာကို တွေ့ရတော့၊ ကျွန်တော်လည်း သူတို့လိုပဲ ကြိုက်တာ တွေ့သမျှ၊ ကောင်းမယ် ထင်သမျှကို အသေအချာတောင် မရွေးနိုင်ဘဲ လက်ထဲ ကောက်ထည့်လိုက်၊ လက်ထဲမှာ ပြည့်သွားရင်၊ ကျောပိုးအိတ်ထဲ ထည့်၊ ပြီးရင် အလှူငွေ ထည့်ရမယ့် နေရာနားမှာ သွားပုံလိုက်နဲ့ တစ်ယောက်တည်း အတော့်ကို အလုပ်ရှုပ်နေခဲ့ပါတယ်။

စာအုပ်တန်းကို (၃) ကြိမ်၊ (၃) ခါလောက် မွှေပြီးသွားချိန်မှာတော့ ကျွန်တော့်ရွေးထားတဲ့ စာအုပ်တွေလည်း အတော့်ကို များနေပါပြီ။ ပထမအကြိမ်မှာ မျက်စိလျှမ်းသွားတဲ့ စာအုပ်ကို ဒုတိယအကြိမ်မှာတွေ့၊ ဒုတိယအကြိမ်မှာ မတွေ့လိုက်တာတွေကို တတိယကြိမ်မြောက်မှာ တွေ့နဲ့ပေါ့။ (၃) ခါလည်း မွှေပြီးတော့ မရပ်ချင်သေးပေမယ့် ရပ်သင့်ပြီလို့ထင်တာကြောင့် ရပ်လိုက်ပြီး၊ ငွေလှူဖို့ လုပ်ပါတယ်။

စာအုပ် အတော်များများ ရွေးထားတာကြောင့် များများတော့ လှူချင်စိတ် ရှိပါတယ်။ ဒါပေမယ့်ဗျာ ကိုယ်ကလည်း ငွေကြေး သိပ်အများကြီး မတတ်နိုင်တဲ့ ကျောင်းသားဖြစ်တာကြောင့်၊ ငွေလှူတဲ့နေရာမှာ ကိုယ့်အခြေအနေကို ပွင့်ပွင့်လင်းလင်းပဲ ကြိုတင်ရှင်းပြ လိုက်ပါတယ်။

ကျွန်တော် အခုရွေးထားတဲ့ စာအုပ်တွေ အားလုံးကိုတော့ လိုချင်ကြောင်း၊ ဒါပေမယ့် ယန်း ၄၀၀၀ (အမေရိကန်ဒေါ်လာ ၅၀) လောက်ပဲ လှူဖို့ ဆုံးဖြတ်ထားကြောင်း စသဖြင့် ပေါ့ဗျာ...။ အလှူငွေလက်ခံတဲ့ နေရာကလည်း ကျွန်တော် ရွေးထားသမျှ ယူနိုင်ကြောင်း ပြောပြီး၊ ယန်း ၄၀၀၀ ကို ၀မ်းသာစွာ လက်ခံခဲ့ပါတယ်။

လာကြတဲ့ လူတိုင်းနီးပါးက စာအုပ်ဘယ်လောက်ပဲယူယူ အနည်းဆုံးတော့ ယန်း ၂၀၀၀၊ ၃၀၀၀ လောက် လှူကြတာကို သတိထားမိပါတယ်။ ကျွန်တော့် သူငယ်ချင်း (၃) ယောက်လုံးလည်း စာအုပ် အတော်များများ ရလိုက်ပါတယ်။ သူတို့လည်း ယန်း ၂၀၀၀ လောက်စီ လှူခဲ့ကြပါတယ်။

စာအုပ်နည်းနည်းပဲ ယူခဲ့မိတဲ့ သူကလည်း နောက်မှ နောင်တရနဲ့ပေါ့။ ဒါပေမယ့် အားလုံးထဲမှာ ကျွန်တော်က အများဆုံးပါပဲ။ အတော်လည်း ပျော်ခဲ့ပါတယ်။ နောက်ဒီလို Bazaar မျိုး များများလုပ်ဖို့ မျှော်လင့်တောင်းတရင်း အဲဒီနေ့ကတော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းများ အပါအ၀င် လာကြသူအားလုံးရဲ့ ပျော်ရွှင်သောနေ့လေး တစ်နေ့ဖြစ်ခဲ့ပါတယ်ဗျာ။