Wednesday, February 25, 2009

Rhodes Scholarship


မနေ့က UN ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice အကြောင်းကို BBC မှာ ရှာဖတ်တုန်းက သူဟာ Rhodes Scholar တစ်ယောက် ဖြစ်တယ်လို့ အောက်ပါအတိုင်း ဖတ်လိုက်ရပါတယ်။

Growing up, Ms Rice dreamed of becoming a senator for the District of Columbia. She graduated in history from Stanford University, then went to Oxford as a Rhodes scholar, where she completed a D Phil in international relations.

ဒါပေမယ့် သူ့အကြောင်း ကိုးကားရေးတဲ့အခါမှာ Rhodes Scholar ဆိုတာကို ထည့်မရေးခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Rhodes Scholar ဆိုတဲ့အကြောင်းကို ကျွန်တော်သေသေချာချာ မသိသေးလို့ပါ။

အဲ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ အမေရိကန်သမ္မတ ကလင်တန် ရဲ့My Life ကို ဖတ်နေတုန်းမှာ သူဟာလည်း Rhodes Scholar ဖြစ်ခဲ့ကြောင်း ရေးသားထားပြီး၊ ၄င်းပညာသင်ဆု အကြောင်းကို ရေးသားထားပါတယ်။ သူရေး ထားတာကို နားလည်သလို ပြန်ပြောရရင် နှစ်စဉ်နှစ်တိုင်း ပြည်နယ် ၅၀ ကို ကိုယ်စားပြုတဲ့ အမေရိကန်နိုင်ငံသား ၃၂ ယောက်ကို Oxford တက္ကသိုလ်မှာ ၂နှစ်ကြာ ပညာသင်ကြားဖို့ ရွေးချယ်ကြောင်း၊ ကုန်ကျစရိတ်များကို ၁၉၀၃ ခုနှစ်မှာ Cecil Rhodes ရဲ့ သေတမ်းစာအရ စတင် တည်ထောင်ထားသော ပညာသင်ဆု ရွေးချယ်ရေး အဖွဲ့မှ ထောက်ပံ့ကြောင်း၊ Rhodes ဟာ တောင်အာဖရိက စိန်တွင်းများမှ ချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း၊ ဒီပညာသင်ဆုကို လက်ရှိ နဲ့ယခင် ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများမှ ပညာ၊ အားကစား၊ ခေါင်းဆောင် မှု စတဲ့အရည်အသွေးများမှာ ထူးချွန်ကြောင်း ပြသနိုင်သူ လူငယ်များကို ပေးအပ်ကြောင်း ရေးသားထားပါတယ်။ (နောက်ပိုင်းကာလများမှသာ ပညာသင်ဆုပေးအဖွဲ့မှ အမျိုးသမီးများကိုပါ ပါဝင်ယှဉ်ပြိုင်စေကြောင်း သိရပါ တယ်။) (အမေရိကန်နိုင်ငံဟာလည်း သမိုင်းကြောင်းအရ ဗြိတိသျှအုပ်စိုးမှုကနေ ခွဲထွက်တဲ့ တော်လှန်ရေးက ပေါ်ပေါက်လာတဲ့နိုင်ငံဖြစ်လို့ ဒီပညာသင်ဆု ရတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။)

အမေရိကန်နိုင်ငံတွင်းမှ နိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်ရာမှာတော့ ထောက်ခံစာ (recommendation) (၅) စောင် မှ (၈) စောင် အထိ လိုအပ်ပြီး၊ ဘာကြောင့် Oxford ကို သွားချင်ကြောင်း ဖော်ပြရေးသားထားတဲ့ အက်ဆေး တစ်ပုဒ်လည်း ရေးသားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ကတော့ ထောက်ခံစာ ရေးပေးသူများကို လျှောက်ထားသူရဲ့ အားနည်းချက် (weaknesses) ကို အားသာချက် (strengths) များနဲ့အတူ ဖော်ပြပေးဖို့ မေတ္တာရပ်ခံထားကြောင်းလည်း သိရပါတယ်။

White House website မှာ ဖော်ပြထားတဲ့ ကလင်တန်ရဲ့ အကြောင်းကိုလည်း အောက်ပါအတိုင်း တွေ့ရပါ တယ်။

Clinton was graduated from Georgetown University and in 1968 won a Rhodes Scholarship to Oxford University. He received a law degree from Yale University in 1973, and entered politics in Arkansas.

နောက်ထပ်သိရတာလေးတွေကတော့ အမေရိကန် ကောလိပ်နဲ့တက္ကသိုလ်ပေါင်း (၃၀၀) ကျော်မှ ကျောင်းသူ ကျောင်းသားများကို Rhodes Scholar အဖြစ် ရွေးချယ်ပြီးဖြစ်ကြောင်း၊ ပညာဥာဏ်ရည် မြင့်မားဖို့ လိုအပ်ပေမယ့် ရွေးချယ်ရာမှာ လုံလောက်တဲ့ အခြေအနေ မဟုတ်ကြောင်း၊ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်(လူပုဂိုလ်) ပိုင်းဆိုင်ရာ ထူးချွန်ပြီး၊ အနာဂတ်မှာ ကမ္ဘာကြီးကို ထိရောက်တဲ့ ၀န်ဆောင်မှု (service) ပေးနိုင်သူမျိုးကို ရှာတယ်လို့ ဆိုပါတယ်။ လိုရင်းကိုပြောရရင် ဒီပညာသင်ဆုဟာ ပညာသင်တွေ ပြုလုပ်လိုတဲ့ project proposals ထက် လူပေါ်မှာသာ ရင်းနှီးမြှုပ်နှံတာ (investments in individuals) ဖြစ်ပါတယ်။

သမ္မတကလင်တန် ကတော့ ၁၉၆၈ ခုနှစ်မှာ ရွေးချယ်ခံရတဲ့ ပညာသင် (၃၂) ယောက်ထဲမှာ၊ Yale နဲ့ Harvard က (၆) ယောက်စီ၊ Dartmouth က (၃) ယောက်၊ Princeton နဲ့ the Naval Academy က (၂) ယောက်စီ ပါ ၀င်တယ်လို့ ဆိုပါတယ်။ (ယခု ၂၀၀၉ ခုနှစ်အတွက် အရွေးခံရတဲ့ အမေရိကန်ကျောင်းသား အတော်များများ ဟာလည်း အမေရိကန် ကျောင်းကောင်းတွေဖြစ်တဲ့ MIT, Princeton, Harvard, Yale နဲ့ UCLA တို့က ဆိုတာ တွေ့ရပါတယ်။)

နောက်ပိုင်း အချိန်ရရင် ကမ္ဘာ့နာမည်ကြီး ပညာသင်ဆု (scholarships) များအကြောင်း ရှာဖွေလေ့လာ ဖတ်ရှု ရေးသားဖို့ ရည်ရွယ်ပါတယ်။


Tuesday, February 24, 2009

UN ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်သစ် Susan Rice


Susan Rice (US Ambassador to UN)

အမေရိကန်သမ္မတ အိုဘားမားရဲ့ UN ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မကြာသေးမီက ခန့်အပ်ခြင်း ခံရတဲ့ Susan Rice က UN မှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြန်လည်ဆန်းသစ်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါ တယ်။ ဒါပေမယ့် UN ရဲ့ လက်ရှိအခြေအနေကို လေ့လာကြည့်ရင် သမိုင်းကြောင်းမှာ အမေရိကန်ရဲ့ သဘော ဆန္ဒကို အမြဲလိုလိုဆန့်ကျင်နေခဲ့တဲ့ ပြိုင်ဘက်နိုင်ငံများဟာ ယခုအချိန်မှာ UN ရဲ့ အရေးပါဆုံးသောနေရာ အချို့ကို ရယူထားတာကို တွေ့ရပါတယ်။

အထွေထွေညီလာခံမှာ Nicaragua နိုင်ငံသား (leftist Nicaraguan) Miguel d'Escoto Brockmann က ဦးဆောင်လျက်ရှိပါတယ်။ ၄င်းဟာ အမေရိကန်ရဲ့ ကမ္ဘာမှာ ဗိုလ်ကျစိုးမိုး လွှမ်းမိုးချုပ်ကိုင်လိုမှုကို အမြဲလိုလို ဆန့်ကျင်နေသူ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တတိယကမ္ဘာနိုင်ငံများရဲ့ အရေးပါသော နိုင်ငံရေး အဖွဲ့အစည်းကြီးလို့ ပြောလို့ရတဲ့ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement - NAM) မှာ ကျူးဘားက ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။ ထို့အတူ လစ်ဗျားနိုင်ငံဟာလည်း လုံခြံရေးကောင်စီမှာ လက်ရှိတာဝန်ယူလျက်ရှိပြီး၊ လာမယ့်နှစ်မှာ အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိတဲ့ အထွေထွေညီလာခံကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အလားတူ အမေရိကန် အားပေးထောက်ခံသော UN ရဲ့ အရေးယူပိတ်ဆို့မှု များနဲ့ ပတ်သက်နေတဲ့ အီရန် နဲ့ ဆူဒန် နိုင်ငံများကိုယ်တိုင်ပင် နိုင်ငံတကာမှ ယုံကြည်လေးစားမှု (international respectability) ပြန်လည်ရရှိ ရန် ကြိုးစားနေပါတယ်။ လက်ရှိမှာ အီရန်နိုင်ငံဟာ UN ထိပ်တန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UNDP/UNFPA အမှုဆောင်အဖွဲ့ (Executive Board) ရဲ့ ဥက္ကဌ တာဝန် ကိုလည်းကောင်း၊ ဆူဒန်နိုင်ငံဟာ တတိယကမ္ဘာနိုင်ငံများရဲ့ လူမှုရေးမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းပေးသော အဖွဲ့အစည်းဖြစ်တဲ့ Group 77 and China မှာ ဥက္ကဌ အဖြစ်လည်းကောင်း အရေးပါတဲ့ရာထူးများ ရရှိထမ်းဆောင်နေကြပါတယ်။

ဒါကြောင့် UN မှာ အမေရိကန်အနေနဲ့ ဆူဒန်နိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှု မြှင့်တင်ရေး၊ အစ္စရေး နဲ့ UN တို့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရေး စတဲ့ ကိစ္စရပ်များမှာ ၄င်းတို့ ဖြစ်စေချင်သလို လုပ်ဆောင်ဖို့ မလွယ် ကူဘူး ဖြစ်နေပါတယ်။ ဥပမာအားဖြင့် သမ္မတ Bush အစိုးရရဲ့ နောက်ဆုံးနေ့ရက်များမှာ အမေရိကန် သံတမန် များဟာ အီရန်ကိုယ်စားလှယ် UNDP (Executive Board) ရဲ့ ဥက္ကဌ အဖြစ် အရွေးချယ် မခံရစေရေး အမျိုးမျိုး ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရပါတယ်။

Susan Rice က အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံများနဲ့ ဆက်ဆံမှု ပြု လုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Nicaragua ကိုယ်စားလှယ်ကတော့ အမေရိကန် နိုင်ငံရဲ့ အရေးပါမှုဟာ ၄င်းတို့ရဲ့မူဝါဒကြောင့် သိသိသာသာ ကျဆင်းလာပြီဖြစ်ကြောင်း၊ ဒါပေမယ့် သူအနေနဲ့ အမေရိကန် အစိုးရအဖွဲ့သစ်နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့တော့ စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။

Susan Rice

Susan Rice ဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံးသော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါ တယ်။ သမ္မတ ကလင်တန်လက်ထက် (၁၉၉၇ ခုနှစ် မှ ၂၀၀၁ ခုနှစ်အထိ) အာဖရိကရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

သူမကို ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ အာဖရိကအနွယ် အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ ကနဦး အနေ နဲ့Stanford University မှ သမိုင်းနဲ့ ဘွဲ့ ရရှိခဲ့ပြီး၊ Oxford မှ ဒေါက်တာဘွဲ့ကို နိုင်ငံတကာဆက်ဆံရေး အထူးပြု နဲ့ ရရှိထားသူ ဖြစ်ပါတယ်။

သူမဟာ ဒါဖာ သတ်ဖြတ်မှုတွေ အဆုံးသတ်စေရေးအတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးသူဖြစ်ပြီး၊ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ရ၀မ်ဒါ သို့ (၁၉၉၄ ခုနှစ် လူအစုလိုက်အပြုံလိုက် သတ်ဖြစ်မှုအပြီး) သွားရောက်ခဲ့ပါတယ်။ ဆူဒန်အစိုးရ လူအများ အပြားကို သတ်ဖြတ်နေခြင်းမှ ရပ်တန့်စေရန်အတွက် စစ်ရေးအရ အရေးယူရေးနည်းလမ်းကို ထောက်ခံ ကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။

(Can Rice blunt sway of hardliners in UN ? - Analysis UN - The Washington Post ကို ကိုးကားပါတယ်။)

Thursday, February 12, 2009

ပြောင်းလဲလာတဲ့ တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ


အခုတစ်လော ကမ္ဘာ့ရေးရာတွေမှာ လေ့လာစရာတွေ အများကြီး တွေ့နေရပါတယ်။ ဥပမာ ဂါဇာဒေသ အရေး လိုမျိုး။

အခုလို ဖြစ်ရပ်တွေ ဖြစ်နေချိန်မှာ အာရှက မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ၄င်းရဲ့သံတမန်ရေးရာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေသလဲဆိုတာ လေ့လာကြည့်ရင် စိတ်ဝင်စားစရာပါပဲ။

လွန်ခဲ့တဲ့ နှစ် (၂၀) လောက်တုန်းက တရုတ်ရဲ့ အရေးပါသော ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် က တရုတ်ရဲ့ နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ တစ်သီချည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီမှာ သူက တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာအရေးကိစ္စတွေမှာ ဦးမဆောင်ဖို့၊ ထင်ထင်ပေါ်ပေါ် မနေဘဲ သိုသိုဝှက်ဝှက် (low profile) နေဖို့လိုအပ်ကြောင်း အလေးပေး ညွှန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလများအထိ တရုတ်နိုင်ငံအနေနဲ့ယေဘုယျအားဖြင့် ဒီနည်းလမ်းကို လိုက်နာခဲ့ပြီး၊ UN မှာလည်း ထိုင်ဝမ်အရေးကိစ္စကလွဲလို့၊ အများသဘောဆန္ဒနဲ့အညီ လိုက်ရောညီထွေ (going along with the majority) နေခဲ့ပြီး၊ ဗီတိုအာဏာကိုလည်း တစ်ခါတစ်ရံမှသာ အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် ယခုနောက်ပိုင်း နှစ်များအတွင်းမှာ တရုတ်နိုင်ငံ အနေနဲ့ သွက်လက်တက်ကြွတဲ့ သံတမန်ရေးရာ (active diplomacy) ကို ပြောင်းလဲကျင့်သုံးလာတာကို ဂါဇာအရေးမှာ အထင်အရှား မြင်တွေ့လာရပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ သူ့ကို တာဝန်သိသော နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့မြင်စေလိုလာပါတယ်။

တကယ်တော့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု၊ ယခင် ကိုလိုနီနိုင်ငံဖြစ်ခဲ့တဲ့ ဗြိတန်၊ ပြင်သစ် တို့ရဲ့ လွှမ်းမိုးမှုနဲ့ နှိုင်းယှဉ်ရင် တရုတ်ရဲ့ လွှမ်းမိုးမှုဟာ အခုချိန်အထိ အတော့်ကို နည်းနေပါသေးတယ်။

တရုတ်နိုင်ငံ အနေနဲ့မကြာသေးမီက ဂါဇာအရေး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက် (resolution) မှာ အများနည်းတူ ထောက်ခံမဲ ပေးခဲ့ပါတယ်။ ဒီနေရာမှာ ထူးခြားတာက အမေရိကန်က (abstained) မဲ မပေးခဲ့တာပါဘဲ။ (ဒီလိုလုပ်ရပ်ဟာ အရင်က တရုတ်နိုင်ငံ လုပ်ခဲ့တဲ့ နည်းစနစ်ပါ။) ဥပမာအနေနဲ့၊ ၁၉၉၀ ခုနှစ်က ကူဝိတ် ကို ကျူးကျော်တဲ့ အီရတ်တပ်ဖွဲ့တွေကို (use of force) အင်အားသုံး ဖယ်ထုတ်ဖို့ အခွင့်အာဏာပေးတဲ့ UN ရဲ့ဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံဟာ abstained လုပ်ခဲ့ပါ တယ်။

တရုတ်နိုင်ငံ အနေနဲ့ ကမ္ဘာတစ်ဝှမ်း သူ့ရဲ့ လွမ်းမိုးမှု (အရေးပါမှု) တိုးချဲ့ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi က မကြာသေးမီက အတိအလင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ပြည်တွင်းအင်အား (အဓိကအားဖြင့် စီးပွားရေး) တိုးတက်လာတာနဲ့အမျှ ကမ္ဘာ့ ငြိမ်းချမ်းရေး နဲ့ တိုးတက်ရေးကို ပိုမိုပါဝင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ဒီလိုမျိုးလည်း လုပ်ဆောင်သင့်ကြောင်း၊ ယခုလို ကမ္ဘာ့အရေးများမှာ ပိုမိုပါဝင်လာခြင်းကြောင့် နိုင်ငံတကာမှာ မိမိတို့နိုင်ငံ ဂုဏ်သတင်း ပိုမိုတိုးတက်စေရေး အတွက်လည်း အထောက်အကူပြုမှာ ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း သံတမန်ရေးရာနဲ့ပတ်သက်ပြီး၊ ၂၀၀၂ ခုနှစ်မှာ တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို စတင်ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရေး တို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ လက်တွဲပြီး မနားမနေ ကြိုးစား သွားမှာဖြစ်ကြောင်း ၄င်းတို့ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာ တွေ့ရပါတယ်။

UN မှာ ထောက်ခံမဲပေးပြီး နောက်တစ်ရက်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဟာ ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း စစ်အုပ်စု Hamas ကို နောက်ကွယ်ကနေ အဓိကအားပေး ကူညီနေတယ်လို့ ယူဆရတဲ့ အီရန်နိုင်ငံ ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ခဲ့ပါတယ်။ UN အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း တိုင်ပင်ခဲ့ပြီး၊ ဂါဇာဒေသ အခြေအနေ တိုးတက်လာစေရေး တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ကို အီဂျစ်၊ အစ္စရေး နဲ့ ပါလက်စတိုင်း ဒေသများကို စေလွှတ်သွားမှာ ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

ဒီလို သံတမန်ရေးရာ လုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ အရေးပါတဲ့နေရာ ကနေ ပါဝင်လိုတဲ့ တရုတ်နိုင်ငံရဲ့ ဆန္ဒကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် တရုတ်နိုင်ငံ အနေနဲ့လည်း အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

သေချာတာ တစ်ခုကတော့ အမေရိကန်နဲ့ သံတမန် အဆက်အသွယ် မရှိတဲ့၊ အရေးပါတဲ့ အီရန်လို နိုင်ငံမျိုးနဲ့ ဆက်ဆံရေး ကောင်းလာနိုင်ပါတယ်။ နောက်ပြီး အနောက်နိုင်ငံအများစုလို ကိုလိုနီနိုင်ငံ (colonial power) မဖြစ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံ အနေနဲ့ ယုံကြည်မှု (credibility) ပိုမိုရရှိဖို့ အလားအလာ ရှိကြောင်း သုံးသပ် ရပါတယ်။

(Frank Ching ရဲ့ China steps up global diplomacy ကို ကိုးကားပါတယ်။)