Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Tuesday, July 27, 2010

အလုပ်မလုပ်သော မိန်းမများ...


(ဇင်ဘာဘွေ အမျိုးသမီးများ၊ ဓါတ်ပုံ - google image)

ဇာတ်လမ်း။ မစ္စတာမိုယို ဆရာဝန်ဆီသွားတဲ့အခါ...

မစ္စတာမိုယို ဆရာဝန်ဆီသွားတဲ့အခါ ဆရာဝန်က မေးပါတယ်။

(ဆရာဝန်) ခင်ဗျား ဘာအလုပ် လုပ်သလဲဗျ။
(မိုယို) ကျွန်တော် လယ်လုပ်ပါတယ်။

(ဆရာဝန်) ခင်ဗျားမှာ ကလေးတွေ ဘာတွေရော ရှိသလားဗျ။
(မိုယို) ဘုရားသခင်က ကျွန်တော့်အပေါ်မှာ မကောင်းဘူးဗျ။ (၁၅) ယောက်မွေးတဲ့ အထဲမှာ (၉) ယောက်ပဲ ရှင်တယ်ဗျ။

(ဆရာဝန်) ခင်ဗျား မိန်းမရော အလုပ်လုပ်သလားဗျ။
(မိုယို) မလုပ်ပါဘူး။ သူအိမ်မှာပဲ နေတာပါ။

(ဆရာဝန်) သြော်၊ ဒါဆိုရင် ခင်ဗျားမိန်းမ တစ်နေ့တစ်နေ့ ဘာတွေလုပ်နေလဲဗျ။
(မိုယို) အင်း...သူ မနက်ဆို လေးနာရီ ကျရင် အိပ်ရာက ထတယ်ဗျ။ ရေခပ်၊ ထင်းရှာ၊ မီးမွှေးပြီး မနက်ခင်းစာ ချက်တယ်၊ အိမ်တွင်း အိမ်ပြင် ရှင်းတယ်။ နောက်ပြီး မြစ်နားသွား အ၀တ်လျှော်ပါတယ်။ တစ်ပတ်တစ်ခါတော့ ကောက်ကြိတ်စက် (grinding mill) ဆီကို လမ်းလျှောက်သွားတယ်ဗျ။ အဲဒီနောက်တော့ အငယ်ဆုံးကလေးနှစ်ယောက်ကို သူ မြို့ထဲခေါ်သွားပြီး၊ လမ်းဘေးမှာ ခရမ်းချည်သီး ရောင်းရင်းနဲ့ ဇာထိုးပန်းထိုး လုပ်တယ်။ ပြီးရင် သူဈေးလေးဘာလေး ၀ယ်တယ်ပေါ့ဗျာ။ နောက်တော့ သူ နေ့လယ်စာ ချက်တယ်လေ။


(ဇင်ဘာဘွေ အမျိုးသမီးများ၊ ဓါတ်ပုံ - google image)

(ဆရာဝန်) ခင်ဗျားရော နေ့လယ်ပိုင်းဆိုရင် အိမ်ကို ပြန်လာသလားဗျ။
(မိုယို) မပြန်ပါဘူးဗျ။ ကျွန်တော့်မိန်းမက ကျွန်တော့်ဆီ နေ့လယ်စာ လာပို့တယ်လေ။ သုံးကီလိုမီတာလောက်တော့ လာရတယ်ဗျ။

(ဆရာဝန်) အဲဒီ့နောက်ရော...
(မိုယို) သူလယ်ထဲမှာ ခဏကူလုပ်တယ်လေ။ မြက်နှုတ်ပေါင်းသင်ပေါ့။ နောက်...စိုက်ထားတဲ့ သစ်သီးခင်းကို ရေလောင်းပါတယ်။

(ဆရာဝန်) ခင်ဗျားရော ဘာလုပ်နေလဲ။
(မိုယို) ကျွန်တော်ကတော့ ရွာထဲသွားပြီး၊ မိတ်ဆွေတွေနဲ့ လက်ဘက်ရည်လေး ဘာလေး သောက်ရင်းနဲ့ အလုပ်အကြောင်း ပြောဆိုတိုင်ပင်ပါတယ်။

(ဆရာဝန်) ပြီးတော့...
(မိုယို) ကျွန်တော်အိမ်ပြန်ပြီး မိန်းမပြင်ထားတဲ့ ညစာစားတာပေါ့ဗျ။

(ဆရာဝန်) ဒါဆို ခင်ဗျားမိန်းမရော ညစာစားပြီးတာနဲ့ အိပ်တာပဲလား။
(မိုယို) ဟင့်အင်း။ သူ မအိပ်သေးပါဘူး။ ည (၉) နာရီ (၁၀) နာရီလောက်အထိ သူ့မှာ လုပ်စရာ အိမ်အလုပ်တွေ ရှိသေးတယ်လေ။

(ဆရာဝန်) ဒါနဲ့ ခင်ဗျားပြောတော့ ခင်ဗျားမိန်းမ အလုပ် မလုပ်ဘူးဆို...
(မိုယို) ဟုတ်လေတယ်ဗျာ။ သူအလုပ် မလုပ်ပါဘူး၊ အိမ်မှာပဲ နေပါတယ်လို့ ပြောပြီးပြီပဲ။

(ဇင်ဘာဘွေနိုင်ငံမှာ လုပ်ခဲ့တဲ့ သုတေသနပြု လေ့လာချက်လို့ သိရပါတယ်။ Oxfam ကလည်း သူတို့ရဲ့ Gender Training Manual (1994) ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ gender အကြောင်း လေ့လာရင်းနဲ့ သိရှိရတာလေးကို တစုံတရာ တွေးစရာလေးများ ရနိုင်ဖို့ မျှဝေတာပါ။)

မိန်းမတွေ အလုပ် မလုပ်ကြဘူးဗျ။ အိမ်မှာပဲနေ နေကြတာနော်ဗျ...။

ဒါနဲ့ gender ကို မြန်မာလို့ ဘယ်လို ဘာသာပြန်ပါလိမ့် ?? ဆရာတက်တိုးကတော့ လိင် တဲ့ဗျ။ သိရင်ပြောကြပါဦး...

lonetone
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

Monday, June 21, 2010

Presentation လုပ်ရာဝယ် (၁)


(ဂျပန်နိုင်ငံ တက္ကသိုလ် စာသင်ခန်းတစ်ခုအတွင်းက ဂျပန် နဲ့ နိုင်ငံတကာ ကျောင်းသားများ)

မှတ်မိပါသေးတယ် ဂျပန်နိုင်ငံရောက်စ ကျောင်းမှာ ပါမောက္ခ နဲ့ နိုင်ငံတကာကျောင်းသားတွေ ရှေ့မှာ ပထမဦးဆုံး ဘာသာရပ်ဆိုင်ရာ တင်ပြဆွေးနွေးမှု (Presentation) တစ်ခု စလုပ်ရတော့ အသံတွေတုန်၊ စိတ်လှုပ်ရှားလို့ပေါ့။ မနည်းထိန်းပြီး ဟန်မပျက်သာ လုပ်ရတယ် ရင်ခုန်သံတွေလည်း မြန်မှ မြန်ပါပဲ။

ကျွန်တော့်အနေနဲ့တော့ လူအများရှေ့မှာ Presentation လုပ်ရတိုင်း ဒီလို ခံစားမှုမျိုး အနည်းနဲ့ အများ ဆိုသလို ဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီနေရာမှာ အတွေ့အကြုံက အတော် စကားပြောမယ်လို့ ယုံပါတယ်။ အတွေ့အကြုံ များလာရင်တော့ ပိုပြီးတည်ငြိမ်လာမှာပါပဲ။

ကျွန်တော်ကတော့ စင် မကြောက်အောင် (stage fright မဖြစ်အောင်) ငယ်ငယ်ကတည်းက အမြဲအားတင်းပြီး ကိုယ့်ကိုယ်ကို လေ့ကျင့်ယူပါတယ်။ ပထမဆုံး အလေ့အကျင့်အနေနဲ့ ဆယ်တန်းအောင်အပြီး၊ ၁၉၉၈ ခုနှစ်လောက်တုန်းက UFL မှာ အင်္ဂလိပ်စာ ညနေပိုင်း သင်တန်းတက်တုန်းက ဆရာခေါ်တိုင်း လူအများရှေ့ (လူ ၇၀၊ ၈၀ လောက် ရှေ့) ထွက်ပြီး အင်္ဂလိပ်စကား မှားမှားမှန်မှန် ထပြောဖြစ်ခဲ့ပါတယ်။ ဒီလိုလေ့ကျင့်ခဲ့မှုတွေဟာ ကျွန်တော့်ကို နောင်မှာ အများကြီး အကျိုးပြုပါတယ်။

ကျွန်တော့် အနေနဲ့တော့ Public Speaking and Presentation ဟာ လုပ်ပုံလုပ်နည်း စာအုပ်တွေ ဖတ်နေရုံနဲ့ အကျိုးမထူးဘဲ၊ လေ့ကျင့်ခြင်းဖြင့်သာ အောင်မြင်မယ်လို့ ယုံကြည်လို့၊ နောက်ပိုင်း အင်္ဂလိပ်စာ သင်တန်းများ နဲ့ လုပ်ငန်းခွင်မှာ အကြောင်းတိုက်ဆိုင် တိုင်း Public Speaking ကို လေ့ကျင့်မှုတစ်ခု အနေနဲ့ လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။

ဆိုချင်တာက ဒီလိုအတွေ့အကြုံမျိုး အနည်းအများရှိရက်နဲ့ ဘာကြောင့် ဂျပန်မှာ Presentation တွေ စလုပ်ရတော့ စိတ်လှုပ်ရှားတဲ့ ခံစားမှု မပျောက်သလဲ ဆိုတာကိုပါ။ ဆန်းစစ်ကြည့်တော့ ပတ်ဝန်းကျင်ကြောင့်လို့ပဲ ဆိုရမှာပါ။

(တစ်)...မြန်မာနိုင်ငံမှာ Public Speaking and Presentation လုပ်တုန်းက ကိုယ့် ပရိသတ် (audience) က မြန်မာကျောင်းသားတွေ ပဲလေ။

(နှစ်)...လုပ်ငန်းခွင်ဆိုင်ရာ တင်ပြဆွေးနွေးမှု အတွေ့အကြုံကိုလည်း ထည့် စဉ်းစားပါတယ်။ လုပ်ငန်းခွင် နယ်ပယ်ကိုတော့ နှစ်ပိုင်း ထပ်ခွဲ ရပါမယ်။ ပုဂ္ဂလိက (Private) နဲ့ အစိုးရ (Public) ဆိုပြီးတော့ ။ Private အပိုင်းမှာတော့ Public နဲ့ယှဉ်ရင် Public Speaking and Presentation အတွေ့အကြုံ ပိုများပါတယ်။

(သုံး)...ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘွဲ့ကြို အဝေးသင် ပညာရေးစနစ်မှာ Presentation လုပ်ဖို့ အကြောင်းအခွင့် မသင့်ပါ။

(လေး)...ဂျပန်မှာက ကိုယ့်ကို အတိုင်းအတာ တစ်ခုအထိ မညှာတမ်း ဝေဖန်မယ့် ပါမောက္ခနဲ့ အားမနာတတ်တဲ့ နိုင်ငံတကာ ကျောင်းသားများ ရှေ့မှာ လုပ်ရတာကိုး။ (နောက်...ဖြီးလို့ မရပါ။)

ဒါကြောင့် နိုင်ငံရပ်ခြား အဆင့်မြင့်ပညာရေးမှာ Presentation လုပ်ရာတာ ထင်သလောက် မလွယ်ကူကြောင်း နဲ့ လုပ်တိုင်းလုပ်တိုင်းမှာ အတိုင်းအတာတစ်ခု အထိတော့ စိတ်လှုပ်ရှားမှု (excitement) ရှိနေမှာကို ကိုယ့်ကိုယ်ကို လက်ခံရပါတယ်။

နောက်ပြီး Public Speaking and Presentation ဟာ နိုင်ငံရပ်ခြားမှာ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ကြမယ့် သူတွေသာမကဘဲ၊ လုပ်ငန်းခွင် နယ်ပယ်မှာ ရောက်နေသူတွေအတွက်လည်း အနည်းနဲ့အများဆိုသလို မလွဲမသွေ ကြုံရမှာ ဖြစ်လို့ တစုံတရာ တွေးဆနိုင်စေဖို့ ကျွန်တော့်ရဲ့ ဂျပန်မှာရတဲ့ တက္ကသိုလ်က အတွေ့အကြုံအချို့ကို မျှဝေလိုက်ပါတယ်။

ကနဦးအနေနဲ့ ဒီပို့စ်မှာ Presentation ကောင်း တစ်ခု ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာမပြောခင် Presentation နဲ့ ပတ်သက်ပြီး ဆင်ခြင်သင့်တာတွေကို အရင် ပြောပြချင်ပါတယ်။

အခု ပြောပြချင်တဲ့ အဖြစ်အပျက်ကတော့ မကြာသေးခင်က ကျောင်းမှာ အတန်းတက်ရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ပါမောက္ခ (၃) ဦး နဲ့ ကျောင်းသား (၂၀) ကျော်လောက် တက်ခဲ့တဲ့ မဟာဘွဲ့တန်းရဲ့ ဆွေးနွေးပွဲ (Seminar) အတန်း တစ်ခုမှာ ကြုံတွေ့ခဲ့ရတာပါ။

ဒီအကြောင်းမပြောခင် တဆက်စပ်တည်း ဂျပန်နိုင်ငံက ဘွဲ့ကြို၊ ဘွဲ့လွန်တန်းတွေမှာ သင်ကြားပို့ချတဲ့ သင်ပုံသင်နည်းအချို့ကို အခြားသောနိုင်ငံများမှာ သင်ကြားနေကြပုံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့ အကြမ်းဖျင်း ရှင်းပြချင်ပါသေးတယ်။

ဂျပန်နိုင်ငံရဲ့ ယခုလက်ရှိ ပညာရေးစနစ်အရ ဘွဲ့ကြို၊ ဘွဲလွန်တန်းတွေမှာ ဘာသာရပ်တွေကို ပို့ချတဲ့အခါ ဆရာကပဲ အဓိက ဟောပြောပို့ချတဲ့ (Lecture) တန်းနဲ့ ဆရာက ဦးဆောင်လမ်းပြပေးရုံ (guide လုပ်ရုံ) သာ လုပ်ပြီး ကျောင်းသားတွေကသာ အဓိက ပါဝင်ဆွေးနွေးရတဲ့၊ ဂျပန်လို ဇယ်မိ လို့ အကြမ်းဖျင်း အသံထွက်ခေါ်ကြတဲ့ (Seminar) တန်းဆိုပြီး ယေဘုယျအားဖြင့် သင်ပုံသင်နည်း နှစ်နည်းနဲ့ သင်ပါတယ်။

Lecture တန်း ဆိုရင် ဆရာက ပင်ပန်းပြီး ကျောင်းသားက သက်သာပါတယ်။ ကျောင်းသားတွေက ဆရာဟောပြောပို့ချတဲ့ စာကို နားထောင်၊ မှတ်သားရုံသာ လုပ်ရတာဖြစ်လို့ ကျောင်းသားဘက်က အားစိုက်ရတာနည်းလို့ သက်သာတယ်လို့ အကြမ်းဖျင်း ပြောတာပါ။ ဆရာပေါ်မူတည်ပြီးတော့ ကွဲပြားမှု အနည်းငယ်တော့ ရှိပါတယ်။

အဲ...Seminar မှာဆိုရင်တော့ ကျောင်းသားရဲ့ participation က အဓိကပေါ့။ ဘာသာရပ်ဆိုင်ရာကို ကိုယ်တိုင် ချက်နဲ့လက်နဲ့ သေသေချာချာ ၀င်ရောက် မပြောဆိုနိုင်၊ မဆွေးနွေးနိုင်ရင် ပါဝင်ဆွေးနွေးမှု (participation) ဆိုင်ရာ အမှတ် မရနိုင်သလို၊ ဆရာနဲ့ အတန်းဖော်များကလည်း မလေးစားကြပါဘူး။

ဒီမှာ အကြမ်းအားဖြင့် Lecture တန်းတွေမှာ လူများပြီး၊ Seminar တန်းမှာက လူနည်းစုသာ ရှိကြပါတယ်။ (ပုံမှန် Seminar တန်း တစ်တန်းမှာ လူ ၆ ယောက်၊ ၇ ယောက် လောက်သာ ရှိပြီး၊ ကျောင်းသားအများဆုံး ရှိတဲ့ အတန်းမှ လူ ၂၀ လောက်သာ ရှိတာပါ။) နောက်ပြီး အချို့သော Seminar တန်းတွေက တစ်နှစ်ပတ်လုံး၊ semester နှစ်ခုစလုံး တက်ပါမှ credit (၂) ခု ပဲရပါတယ်။

ဒါကြောင့် အချို့ကျောင်းသားတွေက Seminar တန်းတွေက အချိန်ပေးရတာများ၊ ပင်ပန်းပြီး၊ credit ရတာ မတန်လို့ မယူမဖြစ် (compulsory) ကလွဲရင် ရှောင်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ် စာလိုချင်တယ်ဆိုရင်တော့ ဒီလို Seminar တန်းတွေမှာသာ ပါမောက္ခတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးဖို့ အခွင့်အရေး ပိုရပြီး၊ ဆရာတွေကလည်း တစ်ဦးချင်းစီကို အချိန်ပေး ဂရုထားနိုင်တာ (individual attention ပေးနိုင်တာ) ကြောင့် တကယ့်ကို အကျိုးရှိတယ်လို့ ဆိုချင်ပါတယ်။

အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရရင် ကျွန်တော်က အဝေးသင်ကျောင်းသား တစ်ယောက် ဖြစ်တာမို့၊ မြန်မာနိုင်ငံမှာတုန်းက စာမေးပွဲအတွက် ဖွင့်တဲ့ အနီးကပ်သင်တန်း (၁၀) ရက်လောက်က လွဲရင် တစ်ခါမှ ဘာသာရပ်ဆိုင်ရာ စာကို စနစ်တကျ မသင်ဖူးပါ။ အခုဘွဲ့လွန်သင်ယူမှုဟာ ဘ၀မှာ ပထမဦးဆုံးသော ဆရာနဲ့ စနစ်တကျ ထိတွေ့သင်ကြားဖူးတဲ့ အဆင့်မြင့်ပညာရပ်ပါပဲ။

ကျွန်တော်ရောက်စ သုတေသနကျောင်းသားဘ၀ နဲ့ မဟာတန်း ပထမနှစ်၊ ပထမနှစ်ဝက် (first semester) မှာတုန်းကတော့ မတတ်တခေါက် အင်္ဂလိပ်စာလေးနဲ့ သိတယ်လို့ထင်ပြီး၊ တကယ်တမ်းကျတော့လည်း ရေရေလည်လည် မသိတဲ့ အကြောင်းအရာ တွေကို participation အနေနဲ့ ၀င်ရောက်ဆွေးနွေးပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ခဲ့တယ်ပေါ့။ ဆရာတွေကလည်း ကျောင်းသားသစ်လေးတွေ ကြိုးစားပြီး ၀င်ရောက်ဆွေးနွေးရှာတယ်ဆိုပြီး မှားရင်တောင် အပြစ်မမြင်ဘဲ အားပေး (encourage လုပ်) ကြပါတယ်။

နောက်ပိုင်းကျတော့မှ ဘာသာရပ်တွေ လေ့လာသင်ယူရာမှာ အင်္ဂလိပ်စကား တတ်ရုံလောက်နဲ့ မပြီးဘဲ၊ သက်ဆိုင်ရာဘာသာရပ်ကို နှံစပ်အောင်လေ့လာဖို့၊ တကယ်နားလည်ပြီး ပါဝင်ဆွေးနွေးနိုင်ဖို့ဟာ ပိုအရေးကြီးပါလား...ဆိုတာ သဘောပေါက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးမိပြီး ရှက်မိသလို၊ ပြောရဲဆိုရဲဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ ဆရာတွေရဲ့ စေတနာကို လည်း အထူးကျေးဇူးတင်မိပါတယ်။

ဆိုလိုချင်တာကတော့ ဘွဲ့လွန်တန်းတွေမှာ အင်္ဂလိပ်စာ တတ်ကျွမ်းဖို့ (အနိမ့်ဆုံး communicable ဖြစ်ဖို့) ဟာ ထည့်ပြောစရာကို မလိုတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပြီး၊ ဘာသာရပ်ဆိုင်ရာ သိနားလည်မှုကတော့ တကယ့်ကို လိုအပ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုချင်တာပါ။

Presentation ဆိုင်ရာကို ဆက်ပါတော့မယ်...

အဲဒီနေ့က Seminar မှာ တင်ပြဆွေးနွေးသူ (Presenter) က ကျွန်တော်တို့ တက္ကသိုလ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပါရဂူဘွဲ့ ရရှိသွား တဲ့ အသက် ၄၀ ၀န်းကျင်၊ အင်ဒိုနီးရှားနိုင်ငံ Public Sector က ၀န်ထမ်းတစ်ဦးပါ။ လက်ရှိ လက်အောက်ခံ ၀န်ထမ်း ၅၀၊ ၁၀၀ ၀န်းကျင် လောက်ကို စီမံခန့်ခွဲရတဲ့ မြို့နယ်ဦးစီးမှူး အဆင့်ရှိသူ တစ်ယောက်လို့ သိရပါတယ်။ Governance နဲ့ပတ်သက်ပြီး Guest Speaker အနေနဲ့ ပြန်လည်လာရောက် ဆွေးနွေးတာပါ။

လက်တွေ့လုပ်ငန်းခွင် နယ်ပယ်ကနေ လာပြီး ပို့ချတာကတကြောင်း၊ ပညာအဆင့်အနေနဲ့လည်း ပါရဂူဘွဲ့ကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပြီး၊ ဒီလိုဆွေးနွေးပွဲမျိုးတွေနဲ့ အကျွမ်းဝင်တာကြောင့် သတ်မှတ်ချိန် တစ်နာရီအတွင်း သူ့ရဲ့ဆွေးနွေးတင်ပြမှုကို ဝေေ၀ဆာဆာ စိတ်ဝင်စားစရာကောင်းအောင် တင်ပြဆွေးနွေးသွားနိုင်ပါတယ်။

အဲ ပြဿနာက...တင်ပြသူပုဂ္ဂိုလ်က PowerPoint Presentation လုပ်ရာမှာ lap top ကို ကိုယ်တိုင် ကိုင်မသုံးဘဲ၊ ပါရဂူဘွဲ့ လာတက်နေသူ ကျွန်တော်တို့တွေရဲ့ အတန်းဖော်သူငယ်ချင်း အင်ဒီုနီးရှားနိုင်ငံသား ကျောင်းသားတစ်ဦးကို သူ့ကိုယ်စား ကိုယ်တွယ်ခိုင်းပါတယ်။ သူ တင်ပြဆွေးနွေးစဉ် တလျှောက်လုံး ထိုကူညီဆောင်ရွက်ပေးသူ ကျောင်းသားရဲ့ အမည်ကို အကြိမ်(၃၀) ကျော်လောက် ခေါ်ဝေါ်ပြီး၊ အထက်စီးကနေ အမိန့်ပေးတဲ့ လေသံနဲ့ ပြောဆိုဆက်ဆံသွားပါတယ်။

Presenter က အစပိုင်းမှာ ဆလိုက်များ၊ ဗီဒီယိုများကို ရှေ့နောက် ပြသစေဖို့ စသဖြင့် ကူညီပေးသူ ကျောင်းသားကို နာမည်တပ် ခေါ်ဝေါ်ပြီး၊ သုံးလေးငါးကြိမ်လောက် ပြောစဉ်က နားထောင်သူပရိသတ် (audience) များ အနေနဲ့ အထူးအထွေ ဝေဖန်ဖို့ မရှိပါဘူး။ ဒါပေမယ့် တင်ပြသူက သူ့ရဲ့ တစ်နာရီကြာ ဆွေးနွေးမှုမှာ ကျွန်တော်တို့ရဲ့ အတန်းဖော်သူငယ်ချင်း နာမည်ကို အကြိမ် (၃၀) လောက် ခေါ်ပြီး၊ အများရှေ့မှာ အထက်စီးသဘောမျိုးနဲ့ ခိုင်းစေလာတော့ နားထောင်သူတွေ အနေနဲ့ အတော်ကို နားမခံသာ ဖြစ်လာပါတယ်။

အချို့ကျောင်းသားများဆိုရင် ကူညီသူ (assist လုပ်ပေးသူ) ကျောင်းသားရဲ့ နာမည်ကို Presenter က တစ်ကြိမ် ထပ်ခေါ်တာ ကြားရတိုင်း ရယ်ကြသလို၊ အချို့ကလည်း နှာခေါင်းရှုံ့ကြ၊ မနှစ်သက်တဲ့ အမူအရာကို ပြနေကြပါပြီ။ ဒါကို ထိုပုဂ္ဂိုလ်က သတိမမူ မိတာလား၊ ကူညီသူ ကျောင်းသားအပေါ် သူ့ရဲ့ superior role ကို ပြချင်တာကြောင့်လား မသိ၊ မဆင်ခြင်ပါ။

ဆွေးနွေးတင်ပြချက်တွေဟာ စိတ်ဝင်စားစရာကောင်းပေမယ့်၊ ကူညီသူကျောင်းသားအပေါ် သူ့ရဲ့ပြုမူပုံနဲ့ ပတ်သက်ပြီး၊ တင်ပြမှုအဆုံး အမေးအဖြေ (Q & A) အပိုင်းမှာ ပါမောက္ခတစ်ဦးရဲ့ ထိထိရောက်ရောက် ဝေဖန်မှုကို ခံလိုက်ရပါတယ်။ တုံပြန်မှုကတော့ ကူညီဆောင်ရွက်ပေးသူ ကျောင်းသားဟာ တကယ်တော့ သူ့ဌာနက လက်အောက်ခံ ၀န်ထမ်းဖြစ်ကြောင်း၊ အများသိအောင် ပြောရင်း သူ့ရဲ့ role ကို မြှင့်သွားပါသေးတယ်။

အဲဒီနေ့ ဆွေးနွေးပွဲအပြီးမှာ တင်ပြသူပုဂ္ဂိုလ်ရဲ့ ဆက်ဆံပြုမူပုံ (treatment) နဲ့ပတ်သက်ပြီး ပရိသတ်များ အကြားမှာ အတော် ဂယက်ရိုက် သွားပါတယ်။ ကျွန်တော်ကတော့ ပါရဂူတန်းတက် ကျောင်းသားရဲ့ obedience ဖြစ်မှုကို ချီးကျူးပါတယ်။ ဒီနေရာမှာ အဓိက ဆင်ခြင်စရာတစ်ခုက တင်ပြသူက နိုင်ငံတကာ ကျောင်းသားများအလယ်မှာ သူလိုချင်တာ၊ သူပေါ်လွင်စေချင်တာက သူ့ဘယ်လောက် တတ်သိကြောင်း၊ လုပ်ပိုင်ခွင့်ရှိကြောင်း နဲ့ ပရိသတ်ရဲ့ အထင်ကြီးမှု ကိုပါ။ သူတကယ်ရလိုက်တာက သူလိုချင်တာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သူသိပါလေစ...။

Friday, January 22, 2010

Junior High School သို့ အလည် တစ်ခေါက်

ဒီနေ့ နာဂိုယာမှာရှိတဲ့ (၇) တန်း ကနေ (၉) တန်း အထိ သင်တဲ့ Junior High School ကို Volunteer အဖြစ် အတန်းဖော်သူငယ်ချင်းများနဲ့ လိုက်သွားဖြစ်ပါတယ်။ သွားရတဲ့အကြောင်းကတော့ Junior High School ကျောင်းသူကျောင်းသားတွေရဲ့ Presentation တွေကို နားထောင်ပြီး မှတ်ချက်ပေးဖို့၊ ကိုယ့်နိုင်ငံအကြောင်း သူတို့သိချင်တာ၊ မသိသေးတာတွေကို ရှင်းပြပေးဖို့ပါ။

ဂျပန်နိုင်ငံမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေက ဂျပန်နိုင်ငံရောက် နိုင်ငံတကာကျောင်းသားတွေကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာ နိုင်ငံများအကြောင်း ၄င်းတို့ကျောင်းသူကျောင်းသားများကို မိတ်ဆက်၊ ရှင်းပြစေတဲ့ အစီအစဉ်တွေ ဒီမှာ ခေတ်စားပါတယ်။ အချို့ အစီအစဉ်များဟာ Volunteer သက်သက်ဖြစ်ပေမယ့်၊ အချို့ အစီအစဉ်များကတော့ သွားရတဲ့ခရီးအကွာအဝေး ပေါ် မူတည်ပြီး ခရီးစရိတ်အနေနဲ့ ချီးမြှင့်ငွေ ယန်း ၃၀၀၀ ကနေ ယန်း ၅၀၀၀ လောက်အထိ ပေးပါတယ်။ ဒီလိုအစီအစဉ်တွေကို သတိပြုမိနေတာ ကြာပေမယ့် ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မပါဝင်ခဲ့ဖူးသေးပါဘူး။

ကျွန်တော့်ကိုလည်း ဒီလိုခပ်ဆင်ဆင်တူတဲ့ အစီအစဉ်များမှာ ပါဝင်ဖို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ဌာနက အတန်းဖော် ဂျပန်သူငယ်ချင်းများက ပြီးခဲ့တဲ့ သြဂုတ်လလောက် ကတည်းက ခေါ်နေခဲ့ပါတယ်။ သူတို့တွေက ဌာနက ဖွဲ့စည်းထားတဲ့ EIUP လို့ ခေါ်တဲ့ (Education for International Understanding Program) က အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ စီစဉ်တဲ့ နေ့ရက်တိုင်းမှာ ကိုယ်ယူထားတဲ့ အတန်းတစ်ခုခု ရှိနေတာကြောင့် လိုက်သွားဖို့ တစ်ခါမှ အဆင်မပြေခဲ့ပါဘူး။ အားတဲ့အချိန်နဲ့တိုက်ဆိုင်ရင်တော့ သွားမယ်လို့တော့ သူငယ်ချင်းကို ပြောခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း သူငယ်ချင်းက ၂၀၁၀၊ ဇန်န၀ါရီလလောက်မှာ လုပ်မယ့်အစီအစဉ်မှာပါဖို့ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၂) လ၊ (၃) လ ခန့်က စ ပြောလာပါတယ်။ ကျွန်တော့်ကတော့ အခု semester မှာ တက်ရတဲ့ အတန်းတွေ၊ စာတွေနဲ့ ပိနေတာကြောင့်၊ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး စိတ်မပါတော့ဘူး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ် လောက်က သူငယ်ချင်းက ထပ်ပြောတော့လည်း အဖြေအတိအကျ မပေးခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သွားဖို့အတွက် အချိန်ကို မပေးနိုင်၊ မပေးချင်ဘူး ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ (၂) ပတ်လောက်မှာတော့ သူက အတင်းအကျပ်ကို လိုက်ဖို့ပြောလို့ စိတ်မပါဘဲ သဘောတူခဲ့ရပါတယ်။ (စကားချပ်) သူငယ်ချင်းက ချောတဲ့ ဂျပန်မလေး ဖြစ်နေလို့ပါ :P

ဒီလိုနဲ့ ဒီနေ့တော့ ရှောင်လို့မရတဲ့ ဒီအစီအစဉ်ကို လိုက်ဖို့ ကျွန်တော်တို့တွေ ၁၂ နာရီမှာ စုရပ်မှာ ဆုံကြပါတယ်။ သွားရမယ့်ကျောင်းက ကျွန်တော်တို့ တက္ကသိုလ်နဲ့ လမ်းလျှောက်သွားရင် မိနစ် (၂၀) လောက်ပဲကြာမှာမို့ အားလုံး တပျော်တပါး လမ်းလျှောက်သွားကြပါတယ်။ နေ့လည်စာ မစားရသေးတာကြောင့် ဦးဆောင်တဲ့ ကျွန်တော့်သူငယ်ချင်းမလေးက အားလုံးကို Onigiri (ဂျပန်ထမင်းလုံး) ၀ယ်ကျွေးပါတယ်။


ဒီတစ်ခေါက်သွားကြတဲ့ Volunteer တွေကတော့ ကျွန်တော်အပါအ၀င် ဟန်ဂေရီ၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မွန်ဂိုလီးယား ကျောင်းသားကျောင်းသူများနဲ့ ကျွန်တော့်တို့ တစ်ဦးချင်းအတွက် ဘာသာပြန်ပေးမယ့် ဂျပန်အတန်းဖော်တွေပဲ ဖြစ်ပါတယ်။


(Junior High School, Nagoya, Japan)


ကျောင်းရောက်တော့ ကျောင်းအုပ်ကြီးနဲ့ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ကို ဂျပန်ထုံးစံ ရေနွေးကြမ်း၊ မုန့် တို့နဲ့ ဧည့်ခံပြီး၊ ကျောင်းအကြောင်း အနည်းငယ်ရှင်းပြပါတယ်။ အခုကျောင်းမှာ ကျောင်းသားကျောင်းသူ (၆၀၀) ခန့်ရှိကြောင်း၊ ပညာရေးဆိုင်ရာ စည်းမျဉ်းအသစ်အရ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား (၃၀) ခန့်သာ ထားတော့ကြောင်း နဲ့ သူငယ်ချင်းရဲ့ ရှင်းပြချက်အရ ဂျပန်နိုင်ငံရဲ့ ကျောင်းများမှာ အခုနောက်ပိုင်း English နဲ့ပတ်သက်လို့ Native Speaker တစ်ယောက် (သို့) နှစ်ယောက် ခန့်ပါ ရှိနေပြီ ဖြစ်ကြောင်းကို သိရပါတယ်။

နောက် ကျွန်တော်တို့တွေရဲ့ ငယ်စဉ်ကျောင်းသားဘ၀ကို မေးတော့ ပါကစ္စတန်က သူငယ်ချင်းဖြေတာ ဗဟုသုတရဖွယ်ပါ။ သူငယ်ချင်းက ပါကစ္စတန်နိုင်ငံ၊ တရားရေးနယ်ပယ်မှာ ရာထူးတာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခဲ့တဲ့၊ ဗဟုသုတကြွယ်ဝတဲ့ လူလတ်ပိုင်းတစ်ဦးပါ။ သူက သူငယ်စဉ်က အမိုးအကာမရှိ သစ်ပင်အောက်မှာ လူ (၄၀၊ ၅၀) နဲ့အတူ ၀ိုင်းထိုင်၊ စာသင်ရင်း သူ့ဘ၀ကို ကျော်ဖြတ်လာကြောင်း ရှင်းပြပါတယ်။ ဘ၀မှာ ကိုယ့်ထက် ကြမ်းတမ်းခက်ခဲတဲ့ ခရီးကို ကျော်ဖြတ်ပြီး၊ အောင်မြင်နေသူတွေ အများကြီးရှိနေသေးတာ ဆင်ခြင်စရာပါပဲ။

အဲဒီနောက် ဒီနေ့အစီအစဉ်နဲ့ သက်ဆိုင်တဲ့အတန်းများက ကျောင်းသားကျောင်းသူတွေက ဆိုင်ရာနိုင်ငံများအကြောင်းကို လေ့လာထားပြီးဖြစ်ကြောင်း၊ ၄င်းတို့တွေက သူတို့လေ့လာထားတဲ့ အကြောင်းအရာတွေကို စာ၊ ပန်းချီ၊ ဓါတ်ပုံတွေနဲ့ ကျွန်တော်တို့ တွေကို ရှင်းလင်းပြီး Presentation လုပ်မှာဖြစ်ကြောင်း နဲ့ ကျွန်တော်တို့တွေက ကျောင်းသားလေးတွေရဲ့ ရှင်းလင်းတင်ပြချက်တွေ အပေါ်မှာ မှတ်ချက်ပေး၊ အမှားပြင်ပေး၊ မသိတာ ရှင်းလင်းပြောကြားပေးဖို့ ကျောင်းက မေတ္တာရပ်ခံပါတယ်။ နိုင်ငံခြားသား ကျောင်းသားတစ်ဦးစီက အတန်းတစ်ခုစီကို တာဝန်ယူ၊ ပါဝင်ရမှာဖြစ်လို့ ကျွန်တော်တို့တွေ ကိုယ်အုပ်စုနဲ့ကိုယ် ဆိုင်ရာအတန်းရှိရာကို ထွက်လာခဲ့ပါတယ်။


School Corridor

အတန်းပိုင်ဆရာ၊ ဘာသာပြန်ပေးမယ့် သူငယ်ချင်း နဲ့ ကျွန်တော်တို့တွေ အခန်းထဲ ၀င်တဲ့အခါမှာ စူးစမ်းပြီး ၀ိုင်းကြည့်ကြတာကတော့ လန့်ချင်စရာပါပဲ။ ဆရာက အတန်းနဲ့ကျွန်တော့်ကို စတင် မိတ်ဆက်ပေးပြီးတော့ ကျွန်တော်လည်း ကိုယ့်အကြောင်း အနည်းငယ် ပြောပြီး ထပ် မိတ်ဆက်ရပါတယ်။ အဲဒီနောက်တော့ ကျောင်းသားကျောင်းသူလေးတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ Presentation စတင်ပါတော့တယ်။ သူတို့လေးတွေကို တစ်ဖွဲ့မှာ ၄၊ ၅ ဦးခန့်နဲ့ အဖွဲ့ (၆) ခွဲထားတာပါ။ တစ်ဖွဲ့ချင်းစီက မတူတဲ့ အကြောင်းအရာတွေကို ဂျပန်လို ကျွန်တော့်ကို ရှင်းလင်းပြောပြကြပါတယ်။

ကျွန်တော်မှတ်မိသလောက် ပြန်ပြောရရင် ပထမအဖွဲ့က ရွှေတိဂုံဘုရားအကြောင်းကို ကျိုတိုမှာ ရှိတဲ့ ဂျပန်နိုင်ငံက အမြင့်ဆုံး Toji Temple နဲ့ နှိုင်းယှဉ်ပြီး သမိုင်းကြောင်းနဲ့တကွ ပြည့်ပြည့်စုံစုံ ပြောသွားပါတယ်။ (၅ ဆင့်ရှိတဲ့ Toji Temple ဟာ ၅၇ မီတာ (ပေ ၁၈၀) ရှိပြီး၊ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ဂျပန်နိုင်ငံက အမြင့်ဆုံး Temple ဖြစ်ပါတယ်။


Toji Temple, Kyoto (ကျွန်တော် ကျိုတိုသွားတုန်းက ရိုက်ခဲ့တဲ့ပုံပါ။)

နောက်ပုဂံ အကြောင်း။ ဒုတိယအဖွဲ့ က ရှင်ပြု နဲ့ မင်္ဂဆောင်အကြောင်း။ ရှင်ပြု အကြောင်း ပြောတုန်းက မောင်ရင်လောင်းကို မြေကြီးနဲ့မထိအောင် ထမ်းပိုးကြပုံ၊ ရှင်လောင်းလှည့်ပုံ၊ ခေါင်းရိတ်တာကအစ အသေးစိတ်ပြောသွားပြန်ပါတယ်။ တတိယအဖွဲ့က မြန်မာစီးပွားရေး နဲ့ လုပ်ငန်းတွေအကြောင်း၊ နောက်မြန်မာနိုင်ငံက ဂျပန်နိုင်ငံက ကားဟောင်းတွေ တင်သွင်းတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံက ဈေးအလွန်မြင့်တဲ့ကားဈေးနှုန်းအကြောင်းတွေကို ဓါတ်ပုံနဲ့တကွ ပြောပါတယ်။ ၄ဖွဲ့မြောက် ကျောင်းသားတွေကတော့ အားကစားအကြောင်း။ မြန်မာ့လက်ဝှေ့၊ ခြင်းလုံး နဲ့ အခုနောက်ဆုံး Pro Football Club တွေ အကြောင်းကအစ ပြောနိုင်ကြပါတယ်။ ၅ဖွဲ့မြောက်အုပ်စုက မြန်မာစာလုံးများကို ကိုယ်တိုင်ရေးထားပြီး၊ မြန်မာ့ဂီတ၊ စောင်းအပါအ၀င် ရိုးရာတူရိယာတွေ နဲ့ ခေတ်ပေါ်နာမည်ကြီးအဆိုတော်အဖွဲ့တွေ အကြောင်း။ နောက်ကျွန်တော်သဘောကျမိတာကတော့ သူတို့ရဲ့ မြန်မာသီချင်းတွေနဲ့ ပတ်သက်တဲ့မှတ်ချက်ပါပဲ။ သူတို့တွေက မြန်မာတွေက အများသောအားဖြင့် သီချင်းတွေကို ကိုယ်ပိုင်မစပ်ဘဲ ကော်ပီတွေဆိုကြကြောင်း၊ အနောက်တိုင်း၊ အဓိကအနေနဲ့ အမေရိကန်သီချင်းတွေကို ကော်ပီလုပ်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ နောက်ဆုံးအဖွဲ့ကတော့ မြန်မာ့အစားအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီး နဲ့ မြန်မာဘီယာ ပါမကျန် ရွတ်ပြကြလို့ ကျွန်တော်တောင် တော်တော်လေးကို ဗိုက်ဆာသွားပါတယ်။ အစားအသောက်တွေရဲ့ မြန်မာနိုင်ငံက လက်ရှိဈေးနှုန်းတွေကိုလည်း ဂျပန်နိုင်ငံက ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်တင်ပြသွားပါတယ်။





သူတို့လေးတွေရဲ့ မြန်မာအကြောင်း Presentation တွေကို နားထောင်ပြီးတဲ့နောက် ကျွန်တော့်မှာ ခံစားမှုတွေ အတော်စုံသွားပါတယ်။

ဦးဆုံးကတော့ နိုင်ငံရပ်ခြားမှာ နိုင်ငံခြားသားကလေးတွေ ကိုယ့်နိုင်ငံအကြောင်းကို တခမ်းတနား ရှင်းပြတာ နားထောင်ရလို့ ဂုဏ်ယူမိတာပါပဲ။ နောက်အချက်က ဒီ အသက် (၁၃၊ ၁၄) နှစ်အရွယ် ကလေးတွေက မြန်မာနိုင်ငံအကြောင်းကို ကျွန်တော်အပေါ်မှာ ရေးပြခဲ့တာတွေအပါအ၀င် သီတင်းကျွတ် မီးထွန်းပွဲ၊ ဗုဒ္ဓအကြောင်းပါမကျန် အကြောင်းအရာစုံ ကို တကယ့်ကို နှံနှံစပ်စပ် ပြောဆိုရှင်းပြနိုင်လို့ပါပဲ။ မြန်မာအသံထွက်တွေဖြစ်တဲ့ ခြင်းလုံး၊ မုန့်ဟင်းခါး၊ နန်းကြီး၊ အုန်းနို့ခေါက်ဆွဲ စတာတွေကိုလည်း ပီပီသသ ထွက်နိုင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် Powerpoint မသုံးတာကလွဲလို့ သူတို့အရွယ်နဲ့ သူတို့ တင်ပြသွားတာဟာ တချို့သော ဘွဲ့ကြို၊ ဘွဲ့လွန်တက်ကျောင်းသားတွေထက် သာတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ပြောသွားတဲ့အထဲမှာ ကိုယ်မသိတာလည်း ပါရဲ့။ နောက်တစ်ခု ချီးကျူးမိတာကတော့ သူတို့ရဲ့ Presentation တိုင်းရဲ့အဆုံးမှာ မေးခွန်း (သို့) comments တစ်ခုခု ပါစမြဲပါ။ ဆရာတိုက်တွန်းတာကြောင့်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ် ဒီလို imaginative ဖြစ်တာဟာ အင်မတန်ကောင်းတဲ့ အလေ့အကျင့်ပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက ဒါရေး၊ ဒါကျက် စနစ်ကြောင့် အခုအရွယ်အထိ မေးခွန်းမေးပါ၊ comments ပေးပါဆိုရင် လွယ်လွယ်ကူကူနဲ့ ထွက်မလာသေးပါဘူး။ imaginative ဖြစ်ဖို့ အတော့်ကို ကြိုးစားနေရတုန်းပါ။ ကလေးတွေရဲ့ Presentation တွေ အားလုံးအပြီး၊ Q&A section လာပါတယ်။ ကျွန်တော့်ကို သိချင်တဲ့မေးခွန်းများ မေးဖို့ အတန်းပိုင်ဆရာပြောတော့ လက်ထောင်ကြတာ ကျောင်းသားတ၀က်နီးပါးလောက်ပါပဲ။ လယ်ယာစိုက်ပျိုးရေး ကစလို့၊ လက်ဝှေ့ထိုးဖူးသလား၊ မြန်မာနိုင်ငံမှာ ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေများတာလဲ၊ နောက်ကျောင်းသူတစ်ယောက်ကတော့ အိုးစည်၊ ဗုံ တွေကို တိရစ္ဆာန်သားရေတွေနဲ့ လုပ်တယ်ကြားဖူးလို့၊ ဘယ်အကောင်ရဲ့ သားရေနဲ့လုပ်တာလဲ ကအဆုံး စေ့စေ့စပ်စပ် မေးကြပါတယ်။ ကျွန်တော်လည်း မေးသမျှကို မဖြေနိုင်ပါဘူး။ မသိတာကို မသိဘူးသာ ရိုးသားစွာ ၀န်ခံခဲ့ရပါတယ်။

နောက်ဆုံး ကျွန်တော့်ဘက်ကလည်း အသင့်ပြင်ဆင်ထားတဲ့၊ ဓါတ်ပုံများများပါတဲ့ မြန်မာ Country Profile Presentation ကို သူတို့လေးတွေ လုပ်ခဲ့တဲ့ Presentation နဲ့ တိုက်ဆိုင်ရှင်းပြခဲ့လို့ သူတို့တွေ အတော်စိတ်လှုပ်ရှား၊ ၀မ်းသာကြပါတယ်။ ဥပမာ လိုရင်းပြောရရင်၊ ရွှေတိဂုံဘုရားအကြောင်း Present လုပ်သူက ရွှေတိဂုံဘုရားပုံပြပြီး ကျွန်တော်က ပြန်ရှင်းပြလို့ပျော်၊ ရှင်ပြု အကြောင်းပြောသူက ကိုရင်လေးတွေ ဓါတ်ပုံမြင်ရလို့ပျော်၊ နောက် မင်္ဂလာဆောင်အကြောင်း ပြောသူကလည်း မြန်မာမင်္ဂလာဆောင်ပုံတွေ တွေ့ရလို့၊ ခြင်းလုံးသမားကလည်း ခြင်းလုံးပုံ မြင်ရလို့ ၀မ်းသာနဲ့ပေါ့။

နောက်ကြုံတုန်းပြောရရင် ဂျပန်မှာလုပ်တဲ့ ကျွန်တော့်ရဲ့ Presentation တွေမှာ မြန်မာအက္ခရာ နဲ့ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးဓါတ်ပုံတွေ ပြရင် ကြည့်ရှုသူတွေ အတော်စိတ်ဝင်စားကြပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်တော့ မြန်မာငွေကြေးပေါ်မှာ ဘာကြောင့် အကောင်ပုံတွေ ဖော်ပြရတာလဲဆိုတဲ့ မေးခွန်းကတော့ မကြာခဏ အမေးခံရပြီး၊ အဖြေရ ကြပ်စေပါတယ်။ :) ကျွန်တော်က မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကို ဓါတ်ပုံနဲ့အတူ ရှင်းပြတော့လည်း အတန်းပိုင်ဆရာအပါအ၀င် သူတို့လေးတွေ အတော်စိတ်ဝင်စားကြပါတယ်။ နောက် break တိုင်းမှာ ကျွန်တော့်ကို အမှတ်တရ လက်မှတ်တွေ ၀ိုင်းထိုင်းခိုင်းကြလို့ ဘယ်ကနေဘယ်လို celebrity ဖြစ်မှန်းမသိ ဖြစ်သွားပါသေးတယ်။

နောက်ဆုံးအစီအစဉ်အနေနဲ့ ကျွန်တော့်ရဲ့ အချိန်တို Powerpoint ဓါတ်ပုံပြရင်း ကုန်ဆုံးခဲ့တဲ့ ဒီနေ့ Volunteer အစီအစဉ်ဟာ ကျွန်တော်ရော၊ သူတို့လေးတွေပါ တစ်ကယ့်ကို အမှတ်တရ ဖြစ်နေမှာပါ။ ယေဘုယျသုံးသပ်ရရင် ဒီလိုအစီအစဉ်တွေဟာ ဂျပန်ကျောင်းသားလူငယ်တွေရဲ့ ဗဟုသုတ၊ အတွေးအခေါ် ကို တိုးတက်စေရုံသာမကဘဲ သူတို့ကို အပြုသဘောဆောင်တဲ့ စေ့ဆော်မှု motivation ဖြစ်စေမယ်လို့လည်း ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်ဘက်က ကျောင်းသားလေးတွေ နဲ့ အတန်းပိုင်ဆရာကို ပြန်မေးခဲ့တာကတော့ ဒီလိုကောင်းမွန်ပြည့်စုံတဲ့ Presentation တွေလုပ်နိုင်ဖို့ သူတို့တွေ အချိန်ဘယ်လောက်ယူခဲ့ရသလဲဆိုတာကိုပါ။ သိရှိခဲ့တဲ့အဖြေကတော့ ကျောင်းသူကျောင်းသားလေးတွေကို စာသင်နှစ် ပထမနှစ်ဝက်မှာ ဂျပန်အကြောင်းလေ့လာခိုင်းတယ်၊ ဒုတိယနှစ်ဝက်မှာ သက်ဆိုင်ရာ သူတို့Present လုပ်မယ့် နိုင်ငံကို comparative study သဘောနဲ့ ဂျပန်နိုင်ငံနဲ့ နှိုင်းယှဉ်လေ့လာစေတယ်လို့ ဆိုပါတယ်။

သူတို့လေးတွေဆီက မြန်မာနိုင်ငံအကြောင်းလေ့လာရင်းနဲ့ မြန်မာနိုင်ငံကို သွားချင်လာတယ်ဆိုတဲ့စကားတွေ၊ ကျွန်တော်ဖြည့်စွက် ရှင်းလင်းပြသခဲ့တဲ့ Presentation ကြောင့် သူတို့ မြန်မာနိုင်ငံကို ပိုစိတ်ဝင်စားလာတယ်ဆိုတာတွေ ကြားရလို့ ကျွန်တော်မအားတဲ့ကြားထဲက အချိန်ပေးရကျိုးနပ်တယ်လို့ ၀မ်းမြောက်စွာ ယူဆမိပါတယ်။ နောက် ကျွန်တော်ပြန်ခါနီး အခန်းထဲက ထွက်ဖို့ပြင်တော့ တညီတညွတ်တည်း မြန်မာလို ၀ိုင်းနှုတ်ဆက်ကြတဲ့
နောက်ပြန်ဆုံကြသေးတာပေါ့
ဆိုတဲ့စကားသံများကို ကြားယောင်ရင်း ဒီပို့စ်လေးကို ဒီနေ့တွေ့ခဲ့ရတဲ့ Junior High School က ဂျပန်ကျောင်းသူကျောင်းသားများအတွက် မှတ်တမ်းတင်ရေးလိုက်ရပါကြောင်း။

Sunday, January 3, 2010

discipline ဆိုတာ စည်းကမ်း မဟုတ်ပါ...

discipline ဆိုတာ စည်းကမ်း မဟုတ်ပါလို့ ဆိုလိုက်လို့ ဒီကောင်တော့ ကြောင်နေပြီလို့ ထင်နေမလားပဲ။

ဟုတ်ကဲ့... ကျွန်တော်တို့တွေအားလုံး အများသောအားဖြင့် discipline လို့ ဆိုလိုက်တာနဲ့ စည်းကမ်းကို သွားမြင်၊ သတိရကြမှာပါ။ မကြာခဏလည်း စည်းကမ်းနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမိကြမယ်လို့ ထင်ပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ သူငယ်ချင်းမိတ်ဆွေများ ယေဘုယျအားဖြင့် မကြာခဏဆိုသလို ပြောနေကြတဲ့ ငါတို့ နိုင်ငံမတိုးတက်တာ စည်းကမ်းမရှိကြလို့၊ သူတို့နိုင်ငံတွေ တိုးတက်တာ စည်းကမ်းရှိကြလို့ စသဖြင့် စည်းကမ်းနဲ့ပတ်သက်တဲ့စကားတွေကိုလည်း ကြားဖူးနေကြမှာပါပဲ။

ကျွန်တော်အခုပို့စ်မှာ ဆိုလိုချင်တဲ့ discipline ကတော့ ပညာရေးဆိုင်ရာ Academic အသုံးအနှုန်း discipline ကို ဆိုလိုပါတယ်။ အမှုမဲ့၊ အမှတ်မဲ့ နေမိကြလို့ မေ့နေတဲ့ အဓိပ္ပါယ် ဖွင့်ဆို့ချက်လေးကို ဆွေးနွေးချင်လို့ပါ။ ဒီစကားကို ပညာရေးနယ်ပယ်မှာ ပါမောက္ခများ၊ ပညာရှင်များ မကြာခဏ သုံးစွဲပြောဆိုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အမြဲတမ်းလိုလို အမှတ်တမဲ့ ဖြစ်နေတတ်ကြပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြောရရင် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလက မဟာဘွဲ့တန်း ပထမနှစ်၊ ပထမနှစ်ဝက် (First Semester) စတက်တုန်းက မိခင်ဌာနက credit ချိတ်ဆက် ယူခွင့်ပြုတဲ့ အခြားဌာနက ဘာသာရပ်တစ်ခုကို သွားတက်ပါတယ်။ သက်ဆိုင်ရာ ပါမောက္ခက ကျွန်တော့်ကို သူ့အတန်းကျောင်းသားအဖြစ် လက်မခံခင် သူ့ရဲ့ကျောင်းသားများရှေ့မှာ ကျွန်တော့်ကို လက်ခံသင့်-မခံသင့် (၁၅) မိနစ်ခန့် တရစပ် မေးခွန်းများမေးပြီး စစ်ဆေးပါတယ်။ အဲဒီကစ ကျွန်တော်နဲ့ discipline စတွေ့တာပါပဲ။

ပါမောက္ခက ကျွန်တော့်ကို အခုလို မေးပါတယ် What was your undergraduate discipline? ကျွန်တော်လည်း ရုတ်တရက် ဘာပြန်ဖြေရမှန်း မသိအောင် ဖြစ်သွားပါတယ်။ ပါမောက္ခက ကျွန်တော် နားမလည်မှန်းသိတော့ သူ့ရဲ့တပည့်များ (အဲဒီအတန်းမှာ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ Turkmenistan နဲ့ ကျွန်တော် အပါအ၀င် ၆ ဦးသာ ရှိပါတယ်) ကို လှည့်မေးပါတယ်။ ကျွန်တော်တို့တွေ အားလုံး အူကြောင်ကြောင် ဖြစ်နေတော့မှ ပညာရေးနယ်ပယ်မှာ discipline ဆိုတာ ကိုယ် အထူးပြုတဲ့ဘာသာရပ် ဖြစ်ကြောင်း၊ Economics, Politics, Sociology, Law, Education, Management, Anthropology, International Relations စတဲ့ ဘာသာရပ်တွေဟာ ပညာရေးနယ်ပယ်ရဲ့ discipline တွေဖြစ်ကြောင်း စသဖြင့် discipline နဲ့ပတ်သက်တဲ့ သိသင့်တာတွေကို သင်ပြပေးပါတယ်။ ရှင်းပြပေးပါတယ်။ ပထမဆုံးနေ့မှာ ရတဲ့ ပထမဆုံး ပညာပါပဲ။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ major လို့ပဲ အများအားဖြင့် သုံးကြမယ်ထင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ native speaker တွေကတော့ discipline ကို ကောင်းကောင်း သဘောပေါက်ကြပေမယ့်၊ ကျန်တဲ့ နိုင်ငံခြားသားအများစုကို What was your (undergraduate) major? လို့မေးရင် သဘောမပေါက်ကြပါဘူး။ What did you specialized in your undergraduate studies? (သို့) your specialized subject လို့ မေးမှသာ နားလည်ကြပါတယ်။

နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ကို လေ့လာသင်ယူရင်းနဲ့ သိလာတာကတော့၊ ကျွန်တော်တို့ ကျောင်းသားတွေ ပညာရေးဆိုင်ရာ Journals, Articles နဲ့ Lectures များ လေ့လာရာမှာ ခွဲခြားတတ်စေဖို့ပါ။ ဥပမာ - ပညာရေးနယ်ပယ်မှာ ဘာသာရပ်တစ်ခုနဲ့တစ်ခုဟာ ဆက်နွယ်ပတ်သက်မှုရှိပါတယ်။ သီးခြားခွဲခြားပြီး လေ့လာလို့ မရနိုင်ပါဘူး။ ဥပမာ - Law and Economics, Law and Politics, Economics and Politics, Education and Management စသဖြင့် discipline တစ်ခု နဲ့ တစ်ခု ဆက်စပ်နေပါတယ်။ ဥပမာတစ်ခု ထပ်ပြရရင် Governance ဘာသာရပ်မှာ Politics နဲ့ Management ဟာ main discipline ဖြစ်ပြီး၊ Economics, Sociology နဲ့ Law တို့ဟာ အရေးပါတဲ့ တွဲဖက်လေ့လာရမယ့် discipline များ ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိဖတ်တဲ့ ဆောင်းပါး၊ သင်ယူတဲ့ ပို့ချချက်ဟာ ဘယ် discipline ကို အဓိကထား ဆွေးနွေးသလဲ၊ နောက်အခြားဘယ် discipline နဲ့ ဆက်စပ်ပတ်သက်သလဲ ဆိုတာ မဟာဘွဲ့၊ ပါရဂူဘွဲ့ ယူကြမယ့် ကျောင်းသူကျောင်းသားများအနေနဲ့ အဓိက သတိပြုရမှာဖြစ်ပါတယ်။ ဒါမှသာ ဘာသာရပ်ပေါ်မှာ မိမိတို့ရဲ့ နားလည်မှုစွမ်းအား တိုးတက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီပို့စ်လေး အဆုံးမသတ်ခင်မှာ အဘိဓါန်များမှာ ဖွင့်ဆိုထားတဲ့ discipline ရဲ့ စည်းကမ်းမဟုတ်သော ဖွင့်ဆိုရှင်းပြချက်များကို လေ့လာနိုင်စေဖို့ ကူးယူဖော်ပြလိုက်ပါတယ်။

discipline - an area of knowledge; a subject that people study or are taught, especially in a university: The new recruits were drawn from a range of academic disciplines. (Oxford Advanced Genie)

discipline - (subject) a particular area of study, especially a subject studied at a college or university (Cambridge Advanced Learner's)

Friday, January 1, 2010

ဂျပန်နိုင်ငံမှ နိုင်ငံတကာကျောင်းသားများ တိုးမြှင့်လက်ခံမည့် အစီအစဉ် (The Japan Times သတင်းစာ ခေါင်းကြီးပိုင်း အလွတ်သဘော ဘာသာပြန်ဆိုချက်)

၂၀၂၀ ခုနှစ် အရောက်မှာ ဂျပန်နိုင်ငံမှာ နိုင်ငံတကာကျောင်းသား (၃) သိန်းအထိ တိုးမြှင့်လက်ခံရေး အစိုးရရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး (The Association for the Promotion of Japanese Language Education) က မကြာသေးမီက ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစီအစဉ်ဟာ ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ နဲ့ ကျောင်းများအတွက် သာမကဘဲ ဂျပန်နိုင်ငံအတွက်ပါ ကောင်းမွန်တယ်လို့ သုံးသပ်ကြပါတယ်။

၁၉၈၀၊ ၁၉၉၀ ခုနှစ်များမှာ ဂျပန်နိုင်ငံကို နိုင်ငံခြားသား အများအပြား ၀င်ရောက်ခဲ့ပါတယ်။ များသောအားဖြင့် စာရွက်စာတမ်း အတုများနဲ့ ၀င်လာကြ၊ နောက် ဗီဇာ သက်တမ်းလွန် နေထိုင်ကြပါတယ်။ ဒီလိုပြဿနာများနဲ့ ၀င်ရောက်လာတဲ့ နိုင်ငံတကာ ကျောင်းသားများရဲ့ အနေအထားဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုဆိုရင် ကျောင်းများ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တို့ဟာ ၀င်ခွင့် စစ်ဆေးမှုများကို သေချာစွာ စိစစ်နိုင်ပြီး၊ နိုင်ငံတကာကျောင်းသားများကို အဆင့်မြင့်သင်တန်း အစီအစဉ်များမှာ ရရှိဖို့ ပိုမိုအာရုံစိုက်လာနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ကျောင်းသားများဟာ မိခင်နိုင်ငံမှာထဲက ဂျပန်ဘာသာစကားကို လေ့လာသင်ယူခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ဟာ ဂျပန်နိုင်ငံမှာ အလုပ်အကိုင် ရရှိချင်တာမှန်ပေမယ့်လည်း၊ ပညာသင်ကြားခြင်းရဲ့ တန်ဖိုးကို ဦးစွာ သဘောပေါက်ကြသူများလည်း ဖြစ်ပါတယ်။ ယခုနှစ်များမှာ ဂျပန်နိုင်ငံမှာ သင်ကြားပို့ချတဲ့ ဘာသာရပ်များ နဲ့ သင်တန်း အစီအစဉ်များဟာ သိသိသာသာကို တိုးတက်လာနေပါတယ်။

နိုင်ငံတကာကျောင်းသားများ တစ်နေ့တစ်ခြား တိုးတက်ရောက်ရှိလာနေတာနဲ့အမျှ၊ ဂျပန်နိုင်ငံရှိ ကျောင်းများဟာ နိုင်ငံတကာ အဆင့်မီ အောင်၊ နိုင်ငံတကာနဲ့ ပိုမိုထိတွေ့ဆက်ဆံတဲ့ internationalizing process ကို ဦးတည် လုပ်ဆောင်နေပါတယ်။ ဒီလို ပညာရေး ဖလှယ်မှု အစီအစဉ်များ နဲ့ ပုံမှန် ထိတွေ့ဆက်ဆံမှု (casual contacts) တို့ဟာ ဂျပန်နိုင်ငံရဲ့ မိရိုးဖလာ စိတ်နေသဘောထား နဲ့ ခေတ်နောက်ကျနေတဲ့ တွေးခေါ်ပုံတွေကို ပြောင်းလဲရာမှာ များစွာ ထိရောက်မှု ရှိပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရပ်ခြားသွားပြီး ပညာသင်ယူနေတဲ့ ဂျပန်ကျောင်းသား အရေအတွက်ကတော့ ယခုနှစ်များမှာ ပိုမိုကျဆင်းလျက်ရှိပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များနဲ့ ကျောင်းသား ဖလှယ်ရေး အစီအစဉ်များဟာ ကျောင်းသားကျောင်းသူများကို ပိုမို တွန်းအားပေးဖို့ လိုအပ်နေပါပြီ။

ဂျပန်ကိုလာကြတဲ့ ကျောင်းသားအများစုကတော့ ဂျပန်နိုင်ငံမှာ နေထိုင်၊ အလုပ်လုပ်ကိုင်ဖို့ (ဒါမှမဟုတ်) သူတို့ တတ်ကျွမ်းတဲ့ ဂျပန်ဘာသာစကား၊ လူမှုရေး၊ ယဉ်ကျေးမှု အရည်အသွေးများကို အသုံးချနိုင်တဲ့ အလုပ်မျိုးကို လုပ်ကိုင်ဖို့ ရည်ရွယ်ကြပါတယ်။ ဒါဟာလည်း ရေရှည်မှာ ကြီးမားတဲ့ အကျိုးဖြစ်ထွန်းစေပါတယ်။ ဂျပန်နိုင်ငံမှာ ဦးစွာ ပညာသင်ကြား၊ ဂျပန်ဓလေ့ထုံးစံ တွေကို တွေ့ကြုံခံစားပြီးတဲ့နောက် ဒီနိုင်ငံမှာ နေထိုင်ဖို့ဆုံးဖြတ်သူတွေဟာ ယခင်က စက်ရုံ၊ အလုပ်ရုံတွေမှာ ကာယအား အသုံးပြုပြီး၊ အလုပ်ကြမ်းလုပ်ခဲ့ရတဲ့ ယခင်မျိုးဆက်နဲ့ယှဉ်ရင် အများကြီး ကွာခြားမှာဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားများ နဲ့ ဂျပန်ကျောင်းသားများ အကြားက ပညာရေးဖလှယ်မှု အစီအစဉ်များဟာ သူတို့တွေ ရှေ့လျှောက်ကြုံတွေ့ရမယ့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်နယ်ပယ် (internationalized workplaces) များနဲ့ ကျယ်ပြန့်နက်နဲတဲ့ လုပ်ငန်းတာဝန်တွေအတွက် ပြင်ဆင်မှု တစ်ရပ်လည်း ဖြစ်စေမှာပါပဲ။

ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာကျောင်းသားတွေ တိုးမြှင့်လက်ခံမယ့် အစီအစဉ်ကို ကြိုဆိုသင့်ပြီး၊ ဒီအစီအစဉ် အောင်မြင် အောင်လည်း ကြိုးစားသင့်ပါတယ်။ ဒီအစီအစဉ်ရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုဟာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီ နဲ့ ကျောင်းငွေကြေးရံပုံငွေကို ကူညီထောက်ပံ့တာထက် သာလွန်စေမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ ပြုလုပ်နေတဲ့ ဂျပန်နိုင်ငံရဲ့ ပညာရေး ဖလှယ်မှု အစီအစဉ်တွေဟာ နောင်မျိုးဆက်သစ်တွေအတွက် ကွဲပြားခြားနားတဲ့ နိုင်ငံတကာအမြင်တွေကို ရရှိဖြစ်ထွန်းစေမယ်လို့ ယုံကြည်ရပါတယ်။

( ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ်၊ The Japan Times - Editorial ကို ကိုးကားပါတယ်။)

Thursday, December 31, 2009

နှစ်သစ်ကူးမှ နှစ်ဟောင်းအတွေးများ

ဒီနေ့ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့၊ ဂျပန်အချိန် မနက် (၄း၅၄) နာရီမှာ နှစ်သစ်ကူးနဲ့ ပတ်သက်တဲ့ အတွေးများ တွေးနေမိပါတယ်...

မနှစ်ကတော့ ဒီအချိန် အိုဆာကာမှာ လည်လို့ပတ်လို့၊ ပျော်လို့ကောင်းတုန်းပေါ့။ ဂျပန်ရောက်ခါစလည်းဖြစ်လို့ မနှစ်က ဒီလိုအချိန်မှာ သူငယ်ချင်းများနဲ့ ဟီရိုရှီးမားသွား၊ အပြန်မှာ အိုဆာကာ ၀င်ပြီး၊ နှစ်သစ်ကူးခဲ့ပါတယ်။ နှစ်သစ်ကူးအတွေးများ တွေးချိန်မရှိအောင်ကိုပဲ အသစ်အဆန်းများ၊ လေ့လာစရာများနဲ့ အချိန်ကုန်သွားခဲ့တယ်လို့ မှတ်မိပါတယ်။ ဒီနှစ်မှာတော့ ခရစ်စမတ်မတိုင်ခင် ၂၃ ရက်နေ့လောက်က စလို့ မထင်မှတ်ပဲ သွားလာစရာ ပွဲများဆက်သွားတာ တစ်ပတ်ခန့် ဖြစ်သွားလို့ နှစ်သစ်ကူးမှာ ဘာအစီအစဉ်မှ လုပ်မထား၊ သူငယ်ချင်းများ ခေါ်တဲ့ပွဲများကို မသွားဘဲ အိမ်မှာပဲ နေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထုံးစံအတိုင်း နှစ်သစ်တစ်ခုကို ကူးပြောင်းရင် မိတ်ဆွေသူငယ်ချင်းအချို့ကတော့ နှစ်သစ်ကူးရည်မှန်းချက် (New Year Resolutions) များ ချမှတ်လေ့ရှိကြတာ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ တစ်ခါမှ New Year Resolutions ရယ်လို့ ချမှတ်ပြီး လုပ်ခဲ့တာ အခုအရွယ်အထိ မရှိသေးပါဘူး။

တိုက်ဆိုင်လို့ လုပ်ငန်းခွင်ထဲက ကျွန်တော်လေးစားရသော ဆရာသမားနဲ့လွန်ခဲ့သော ၂၀၀၇ ခုနှစ်လောက်က စကားပြောခဲ့တာ ပြန်အမှတ်ရပါတယ်။ ဆရာသမားက သူငယ်စဉ်ကတည်းက အမြဲတမ်း စည်းစနစ်၊ ရည်ရွယ်ချက်လေးနဲ့ လုပ်လေ့ရှိကြောင်း၊ ဥပမာ ဒီနှစ်မှာ စာအုပ် ဘယ်နှစ်အုပ် ကုန်အောင်ဖတ်မယ်၊ ဘာလုပ်မယ် စသည်ကို ရည်ရွယ်ဆုံးဖြတ်ထားပြီး၊ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်လေ့ရှိကြောင်း၊ အသက်ဘယ်အရွယ်မှာ ဘယ်လိုလုပ်ငန်းစဉ်တွေ ပြီးပြတ်နေရမယ် စသဖြင့်လည်း သူအမြဲစဉ်းစား ကြိုးစားလုပ်လေ့ရှိကြောင်း ရှင်းပြဖူးပါတယ်။ သူဖြတ်သန်းခဲ့တဲ့ ဘ၀ခရီး၊ လက်ရှိအခြေအနေမှာ ရရှိထမ်းဆောင်နေတဲ့ တာဝန်နဲ့ အရည်အချင်းများကြောင့် သူဒီလို အရည်အချင်းရှိပြီး၊ အောင်မြင်တာဟာ ဒီလို well-planned ထား လုပ်ခဲ့တာကြောင့်လို့ ကျွန်တော် ထင်မြင်သုံးသပ်ပါတယ်။

ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဒီလို စည်းစနစ်၊ ရည်မှန်းချက်လေးထားပြီး၊ အောင်မြင်ပြီးမြောက်အောင် လုပ်ဖို့ ရည်ရွယ်ထားပေမယ့်လည်း၊ လက်တွေ့မှာတော့ အခုအချိန်အထိ တိတိကျကျ တစ်ခုခုကို ဆုံးဖြစ်ချက်ချမှတ်ပြီး၊ လုပ်တာမျိုး မရှိသေးပါဘူး။ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားမယ် ဆိုတာလောက်ပါပဲ။ ဘ၀ဆိုတာကလည်း တစ်ခါတစ်လေ ကိုယ်ရည်မှန်းလုပ်တဲ့ အတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တတ်တာကိုး။

၂၀၁၀ ခုနှစ်ထဲမှာ အသက်က ၃၀ ကျော် ၃၁ နှစ် ပြည့်တော့မှာပါ။ စိတ်ကတော့ ကိုယ့်ကိုယ်ကို လူငယ်ပဲလို့ ထင်နေပေမယ့် လူငယ်ဘ၀ ကုန်ဆုံးလို့ လူလတ်ပိုင်းထဲကို သိသိသာသာ ၀င်ရောက်နေပါပြီ။

ဂျပန်နိုင်ငံ၊ ပညာရေးနဲ့ ဆက်စပ်ပြီးပြောရရင် အခုဆိုရင် ဘာလိုလိုနဲ့ ဂျပန်ရောက်တာ တစ်နှစ်ခွဲလောက် ရှိသွားပါပြီ။ ရောက်စ Orientation များနဲ့ ဘာသာစကားအတွက် (၃) လ၊ မဟာဘွဲ့ သုတေသန ကျောင်းသားဘ၀ နဲ့ (၆) လ၊ မဟာဘွဲ့ ပထမနှစ်ကျောင်းသား (ပထမနှစ်ဝက်) (၆) လ တို့ကိုဖြတ်ကျော်ပြီး၊ အခု (ဒုတိယနှစ်ဝက်) အလယ် ကိုရောက်နေပါပြီ။ ဒီတစ်နှစ်ခွဲလောက် ကာလဟာ အတော်မြန်မြန်ပဲ ကုန်သွားခဲ့တယ်လို့ထင်ပါတယ်။

ကုန်သွားတဲ့အချိန်တွေနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ရင် အချည်းနှီး မဖြစ်ခဲ့ပေမယ့် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုလည်း အပြည့်အ၀တော့ မကျေနပ်ပါဘူး။ ငါကြိုးစားဖို့လိုသေးတယ်၊ ပိုပြီးကြိုးစားရဦးမယ်ဆိုတဲ့ စိတ်ကရှိနေဆဲပါ။ အင်း... ရယ်စရာ ပြောရရင်တော့ အတန်းအတူတက် သူငယ်ချင်းများနဲ့ ယှဉ်ရင်တော့ ဘာသာရပ်ယူတာ အပါအ၀င် အစစ သူများထက် နှစ်ဆလောက် အားထုတ်ခဲ့ပါတယ်။ အခုပြန်သုံးသပ် ကြည့်ရင် ကောင်းတာ၊ ဆိုးတာ စတဲ့ အတွေ့အကြုံတွေ အများကြီးရပါတယ်။

ဒေသန္တရ အတွေ့အကြုံနဲ့ပတ်သတ်ပြီး ပြောရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ဂျပန်ပြည်ကြီးကို နှံ့ခဲ့ပြီလို့ဆိုရမှာပါပဲ။

ကျွန်တော်နေတဲ့ နာဂိုယာ ကနေ စဉ်းစားရင် အထက်ပိုင်းက ဖူဂျီတောင်၊ တိုကျို၊ ယိုကိုဟားမား၊ ဆုကုဘား၊ အောက်ပိုင်းမှာ ကျိုတို၊ နာရာ၊ အိုဆာကာ၊ ကိုဘေး၊ ဟီရိုရှီးမား၊ အောက်ပိုင်းအစွန်ဆုံး ကာဂိုရှီးမား အထိ ရောက်ပြီးသွားပါပြီ။ တိုကျို နဲ့ အိုဆာကာ ဆိုရင် ရောက်တဲ့အကြိမ်အရေအတွက်က အတော်များနေပြီး၊ ကိုယ်နေတဲ့မြို့ထက်တောင် သွားလာရမယ့် နေရာတွေကို ပိုမှတ်မိနေတယ်လို့ဆိုရမှာပါပဲ။ တခြားမြို့ငယ်လေးတွေကို နေ့ချင်းပြန် ခရီးတိုလေးတွေ သွားတာပါ ထည့်တွက်ရင် ကိုယ့်မြန်မာပြည်ထက်တောင် ပိုနှံ့နေတယ်လို ဆိုရမလားပဲ။

ကိုယ့်နိုင်ငံမှာက အလုပ်တစ်ဖက်နဲ့မို့ ပြည်တွင်းခရီးထွက်ဖို့ဆိုတာ အိမ်မက်လိုပါပဲ။ မကြာခင်လာမယ့် ကျောင်းပိတ်ရက်များမှာ သွားဖြစ်လို့ အမေရိကန်အခြေစိုက်စစ်စခန်းရှိတဲ့ အိုကီနာဝါ (သို့) အထက်ပိုင်းက အလွန်အေးတဲ့ ဟော့ကိုင်းဒိုး ရောက်ဖြစ်မယ်ဆိုရင်တော့လည်း အတော်ပျော်စရာကောင်းပြီး၊ ဗဟုသုတရမယ် ထင်ပါတယ်။

မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ပတ်သက်ရင်လည်း အပေါ်ယံသာမက တစ်ကယ့်ကို ခင်ခင်မင်မင်ပေါင်းလို့ရတဲ့၊ ဂျပန်သူငယ်ချင်းတွေ အပါအ၀င် နိုင်ငံတကာသူငယ်ချင်းတွေ တိုးပွားလာလို့ ၀မ်းသာ ပျော်ရွှင်မိပါတယ်။ သူတို့တွေနဲ့ အခုအချိန်ကစလို့ နောက်နောင်ရေရှည်မှာ ပြန်တွေ့ဖို့၊ လက်တွဲလုပ်ကိုင်နိုင်ဖို့လည်း မျှော်လင့်လျက်ပါပဲ။

ဒါတွေကတော့ နှစ်သစ်ကူးမှာ ပြန်ပြောင်းစဉ်းစားမိတဲ့ နှစ်ဟောင်းအတွေးများ ပါပဲ။ နှစ်သစ်ကူး ရည်မှန်းချက်များကိုတော့ နောက်ပို့စ်များမှာ ဆက်စဉ်းစားကြတာပေါ့ဗျာ။

Tuesday, September 15, 2009

အကဲဖြတ် သတ်မှတ်ချက် တစ်ခု (သို့) Grading

ဒီနေ့မမျှော်လင့်ဘဲ ပြီးခဲ့တဲ့ ဧပြီလကနေ အခု စက်တင်ဘာလ အစပိုင်းအထိ ရွေးချယ်တက်ရောက်ခဲ့တဲ့ First Term ဘာသာရပ်တွေ ထဲက ဘာသာအချို့ရဲ့ Grade တွေကို သိရပါတယ်။

မသိခင်က သိချင်သလောက် သိရတော့လည်း သိပ်ပြီးအထူးအဆန်းကြီး မခံစားရတော့ပါဘူး။ သိသိချင်းတော့ အမှန်အတိုင်း ပြောရရင် အနည်းငယ် စိတ်လှုပ်ရှားမိတာပေါ့ဗျာ။ သိရတဲ့ (၇) ဘာသာ ထဲမှာ (၆) ဘာသာစလုံး (A) ရပါတယ်။ ကျန်တဲ့ တစ်ဘာသာက အသွင်ထူးခြားပါတယ်။ အဲဒီဘာသာမှာ ကိုယ်ပဲ ဆရာ၊ ကိုယ်ပဲ တပည့် လုပ်ရပါတယ်။ ဒါ့ကြောင့် Grade သတ်မှတ်ပေးတာမျိုး မရှိဘဲ၊ ကျောင်းသားအားလုံးကို Pass သာပေးပါတယ်။ ဒီဘာသာအကြောင်း တော့ နောက်ရေးတာပေါ့ဗျာ။

ကြုံတုန်း ကျွန်တော်တို့ကျောင်းရဲ့ Grade သတ်မှတ်ချက်လေး ပြောပြချင်ပါတယ်။ နှိုင်းယှဉ်ကြည့်လို့ ရအောင်ပါ။ A=excellent, B=good, C=Pass, D=fail, Pass=Grade not applicable လို့ ဆိုပါတယ်။ (A+) တွေ ဘာတွေတော့ ယေဘုယျအားဖြင့် မရှိဘူးပေါ့ဗျာ။

ဒါပေမယ့်လည်း တက္ကသိုလ်ရဲ့ ဌာနခွဲအလိုက် နဲ့ သင်တန်းအစီအစဉ်အရတော့ အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ (ဌာနခွဲလို့ဆိုတာက ဥပမာ - ဥပဒေပညာဌာန၊ စီးပွားရေးပညာဌာန နဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပညာဌာန စတာကို ဆိုလိုပြီး၊ သင်တန်း အစီအစဉ်ဆိုတာက ပုံမှန် မဟာဘွဲ့ သင်တန်း၊ အချိန်တို (တစ်နှစ်) short-term student exchange programme စသည်တို့ကို အကြမ်းဖျင်း ဆိုလိုပါတယ်။)

ဂျပန်နိုင်ငံက ဘွဲ့လွန်သင်တန်းတွေမှာ ဘာသာရပ်တစ်ခုကို credit ၂ ခု ပေးပြီး၊ credit ၂ ခုအတွက် တစ်ချိန် မိနစ် (၉၀) ကြာ အတန်း (၁၅) တန်း တက်ရပါတယ်။ Intensive Course တွေဆိုရင်လည်း သုံး၊လေး ရက်ဆက်တိုက်မှာ မိနစ်(၉၀) x (၁၅) ချိန် ပြည့်အောင် သင်ပါတယ်။ အတော်ပင်ပန်းတယ်လို့ ပြောရမှာပါပဲ။ ပါမောက္ခတစ်ယောက်ကတော့ အမေရိကန်မှာ တစ်ချိန်ကို မိနစ် (၆၀) သာ သင်လေ့ရှိကြောင်း နဲ့ ဂျပန်မှာ တစ်ချိန်ကို မိနစ် (၉၀) သင်တာ လွန်ကြောင်း၊ ကျောင်းသားများ မိနစ် (၉၀) လုံး အာရုံစိုက်နိုင်စွမ်း မရှိကြောင်း ပြောပြပါတယ်။

Grading နဲ့ပတ်သက်လို့ ကျွန်တော်ယူတဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဌာနက အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ ဆက်စပ်ပြီး အသေးစိတ်ရှင်းပြရရင်၊ Grade ကို A=80 or more, B=79-70,C=69-60, F=below 60 လို့ သတ်မှတ်ပါတယ်။

နောက် Grading Policy က Attendance တစ်ချိန်အတွက် ၂ မှတ်၊ အကြောင်းအရာ (topic) (၁၁) ခုအတွက် စာတမ်းငယ် (နှစ်မျက်နှာခန့်) ၁၁ ခု အပတ်စဉ် တင်ရပြီး၊ တစ်ခုအတွက် ၅ မှတ်၊ စာတမ်း ကောင်းရင် ထူးချွန်မှတ် ၂ မှတ် ပိုရပြီး၊ ညံ့ရင် သို့မဟုတ် Plagiarism တွေ့ရင် ၂ မှတ် အနှုတ်ခံရပါတယ်။ (အဲဒီဘာသာတက်တုန်းက အထူးပိတ်ရက်များကြောင့် ၁၅ ချိန်အစား ၁၃ ချိန် တက်ရပြီး၊ Intro အချိန်မပါ၊ ၁၂ ချိန်အတွက် အတန်းမှန်မှန်တက်ရင် တစ်ချိန် ၂ မှတ်နဲ့ (၂၄) မှတ်၊ အဆင့်မီ စာတမ်း (၁၁) ခုအတွက် တစ်ခု ၅ မှတ် နဲ့ (၅၅) မှတ်၊ စုစုပေါင်း (၇၉) မှတ်နဲ့ (B) ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အတန်းမှန်မှန်တက်၊ Paper (၁၁) ခုတင်၊ အနည်းဆုံး Paper (၁) ခုမှာ ထူးချွန်မှတ် ရပါမှ (A) ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Paper ကို အပတ်စဉ် နောက်တစ်တန်း မစခင်မှာ တင်ရပါတယ်။ နောက်ကျရင် အမှတ်လျော့ပါတယ်။

ကျွန်တော့်အတွေ့အကြုံပြောရရင် တစ်ရက်တော့ ကျွန်တော် စာတွေများတာကြောင့် Paper အချိန်မီ မတင်နိုင်ဘူး ဖြစ်သွားပါတယ်။ နေ့လည် (၁) နာရီ တင်ရမယ့် စာကို အဲဒီနေ့ည (၉) နာရီလောက်မှ တင်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော် (၂) မှတ်လျော့ခံရတယ်လို့ သိရပါတယ်။ ကျွန်တော့်မှာ အတန်းပုံမှန်တက်၊ Paper အကုန်တင်ရဲ့သားနဲ့ (Paper တစ်ခု နောက်ကျတာကြောင့်) အလိုလိုကို (၇၇) မှတ် ဖြစ်သွားပါတယ်။ ဒါကြောင့် (A) လိုချင်လို့ ကျန်တဲ့ Paper များမှာ ထူးချွန်အမှတ်ရအောင် အတော်ကို ကြိုးစားရပါတယ်။ အခု Grade သိရတော့ အဲဒီဘာသာမှာ (A) ရလို့ အတော်ကို ပျော်ပါတယ်။

ပြီးခဲ့တဲ့ First Term (Spring Term) ပတ်သက်ပြီး ပြန်သုံးသပ်ရရင် တွေးစရာတွေ အများကြီးပါပဲ။ တစ်အချက်က တက်ခဲ့တဲ့အတန်း တွေမှာ ခက်ခဲပင်ပန်းတဲ့ အတန်းတွေ ပါသလို သာမန်လောက်ပဲ ကြိုးစားအားထုတ်ရတဲ့ အတန်းတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့အတန်းဆို ခက်လွန်းလို့ အတော်ကို စိတ်ဓါတ်မကျအောင် ကြိုးစားခဲ့ရပါတယ်။ နောက်တစ်ခုက ဇွဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခက်လွန်းလို့ ဒီဘာသာကို ဖြုတ်လိုက်တော့မယ်လို့ အခါခါစဉ်းစားပြီး အားတင်းဆက်တက်ခဲ့လို့ နောက်ပိုင်း ထင်သလောက် မခက်တော့တာ၊ ကိုယ် အများကြီး improve ဖြစ်လာတာ စသဖြင့်ပေါ့ဗျာ။

နှစ်အချက်က Grading နဲ့ပတ်သက်လို့တော့ ဂျပန်နိုင်ငံရဲ့ အချို့သော ပါမောက္ခများရဲ့ အကဲဖြတ်ချက်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်ဘ၀င်မကျပါဘူး။ အချို့သောဘာသာရပ်များမှာ၊ အချို့သော ပါမောက္ခများက စည်းကမ်းတိကျ တင်းကျပ်ပေမယ့် အချို့က flexible ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာသာရပ်တစ်ခု၊ နှစ်ခုမှာ အားလုံးနီးပါး (A) ရကြတယ်လို့ ထင်ပါတယ်။ ကိုယ်အပါအ၀င် အားလုံး (A) လိုချင်တာ မှန်ပေမယ့်၊ တစ်ဦးချင်းစီရဲ့ အားထုတ်မှုချင်း မတူတာ၊ အတန်းထဲမှာတင် ကိုယ့်အချင်းချင်း သိကြ၊ အတိုင်းအတာ တစ်ခုအထိ အကဲဖြတ်နိုင်တာမို့ အားလုံးသာ (A) ရကြရင် တကယ်ကြိုးစားသူအတွက် နစ်နာပါတယ်။ သိပ်မကြိုးစားသူကလည်း ငါပေါ့ပေါ့လုပ်လည်း အဆင့်ကောင်းမှာပဲလို့ မှတ်ယူသွားရင်၊ တစ်ဦးချင်းစီသာမကာ ရေရှည် ဂျပန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းပါ ကျဆင်းသွားနိုင်တယ်လို့ ယူဆပါတယ်။

ဘာပဲဖြစ်ဖြစ်၊ Grade A, B ဆိုတာ အကဲဖြတ် သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပြီး၊ ဘာသာရပ်တစ်ခု အပေါ်မှာ ကိုယ်ဘယ်လောက် တတ်ကျွမ်းသွားသလဲ၊ တစ်ကယ်ပဲ မှတ်ကျောက်တင်ခံနိုင်ပြီလား ဆိုတာက A, B ထက် ပိုပြီး တန်ဖိုးရှိမယ်လို့ ထင်ပါတယ်ဗျာ။


ကဲ နောက်ပိုစ့်များမှာမှပဲ ဂျပန်နိုင်ငံက ခက်တဲ့ဘာသာ၊ လွယ်တဲ့ဘာသာ သင်ပုံသင်နည်း ဆက်စဉ်းစားကြတာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ အခုသိရတဲ့ ဘာသာအချို့ အဆင့်ကောင်းခဲ့တာကြောင့် နောက်ထပ်ယူမယ့် ဘာသာတွေအတွက် ပိုကြိုးစားစေဖို့ motivation ရတာတော့ အမှန်ပါပဲ။

(ဖြည့်စွက်ချက်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု အတော်များများ ရခဲ့ပါတယ်။ ဖတ်ရှုသူအချို့က ကျွန်တော့်ကို ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးတယ်လို့ ထင်မှတ်မှားကြတယ် ထင်ပါရဲ့။ အမည်မဖော်ဘဲ လာလာ မေတ္တာပို့ကြလို့ C-Box ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပို့စ်ကို ဖျက်ပစ်ရင် ကောင်းမလားလို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့ပါတယ်။ ဒါပေမယ့် သေသေချာချာ ဖတ်မိကြမယ်ဆိုရင်တော့၊ ကျွန်တော့်ရဲ့ ဆိုလိုရင်း နဲ့ ကိုယ်ပိုင် ထင်မြင်ချက်ကို နားလည်သဘောပေါက်မယ် ထင်လို့ ဒီပို့စ်ကို မဖျက်တော့ပါ။ ဒါပေမယ့် နောက်နောင် ပို့စ်များ ရေးသားရာမှာ ဆင်ခြင်ဖို့ သင်ခန်းစာတစ်ခုတော့ ထပ်ရခဲ့ပါတယ်။)

Saturday, September 12, 2009

ပညာရေး တွေးဆစရာ

ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးကို မကြာခဏဆိုသလို ပြန်လည်စဉ်းစားမိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်မီ ပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့၊ ဖြစ်ချင်နေတာကိုး။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါလို့ ဦးလေးတစ်ယောက်က ပရော်ဖက်ဆာကြီးလို့ ခေါ်ရင်လည်း သဘောကျမိတာပါပဲ။

ဒါပေမယ့် ပညာရေးမှာ အချို့သော သူငယ်ချင်းများလို ကံသိပ်မကောင်းခဲ့ပါဘူး။ ခေတ်၊ စနစ်တွေကို အပြစ်တင်ပြီး မကြိုးစားရင် ကိုယ်ပဲနောက်ကျကျန်ခဲ့မှာမို့၊ ဒါတွေကို ချဲ့ထွင် မပြောချင်ပေမယ့်၊ အဆင့်အတန်းမီ ပညာရေးစနစ် နယ်ပယ်မှာ ကျင်လည်ချင်တာကတော့ အမှန်ပါပဲ။

ဒါပေမယ့်လည်း အမှန်တကယ် ပြောရရင် ဘ၀မှာ ကြိုးစားချင်စိတ် ပေါ်လာပြီး၊ အတိုင်းအတာ တစ်ခုအထိ ကြိုးစားခဲ့တာ (၁၀) တန်းအောင်ပြီး လောက်မှပါ။ (၁၀) တန်းအောင်ပြီးမှ ဘ၀ နဲ့ ပညာရေးကို ပိုတန်ဖိုးထားတတ်လာတယ် ဆိုပါတော့။

ကျွန်တော် ၁၉၉၆ မှာ (၁၀) တန်းအောင်တော့လည်း သာမန်အဆင့်လောက်နဲ့ပါပဲ။ ရှားရှားပါးပါး မြန်မာစာဂုဏ်ထူး ထွက်ပါတယ်။ သိပ္ပံဘာသာတွဲကို (၇၂) မှတ်နဲ့ ဂုဏ်ထူး ကပ်ပြုတ်ပါတယ်။ ကျန်တဲ့ဘာသာတွေကတော့ သာမန်အမှတ်လောက်ပါပဲ။

(၁၀) တန်းအောင်ပြီး ၁၉၉၇ ခုနှစ်ဝန်းကျင် သူငယ်ချင်းအများစု နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့ အသီးသီး မြန်မာပြည်က ထွက်သွားကြတော့၊ ကိုယ့်ဘ၀အတွက် စပြီးတော့ အလေးအနက် တွေးမိလာပါတယ်။ ဘ၀ရှေ့ရေးအတွက် ဘာလုပ်မလဲ၊ ဘာဖြစ်ချင်သလဲပေါ့။

ကျွန်တော့်သူငယ်ချင်း အများစုက ငွေကြေးချမ်းသာ ပြည့်စုံကြတယ်။ သူတို့ လုပ်ချင်တာ လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော့်မှာ သူတို့လောက် အခြေအနေ၊ အခွင့်အရေး မပေးပါဘူး။ မိဘများကို အတင်းအကျပ် ပြောရင်တော့ စင်ကာပူ၊ ပေါ်လီ လောက်တော့ ဖြစ်သွားနိုင်ပေမယ့် ကိုယ့်ကြောင့် မိဘ၊ မောင်နှစ်မများကိုလည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် အတင်းအကျပ် တောင်းဆိုမှုမျိုးတွေလည်း မလုပ်ခဲ့ပါဘူး။

ဒါကြောင့် အဲ့ဒီအချိန်က ကိုယ်ဝါသနာပါရာ လုပ်ငန်းခွင်ထဲကို ၀င်ရောက်ဖို့သာ သင့်တော်သော ဆုံးဖြစ်ချက်ဖြစ်လာပြီး၊ ထိုက်သင့်သော ကြိုးစားအားထုတ်မှုများနဲ့ အသက်(၁၉) နှစ် အရွယ်မှာ အချိန်ပြည့် လုပ်ငန်းခွင်ထဲ စတင်ရောက်ရှိခဲ့တယ် ဆိုပါတော့။ ဒီတော့ အကျိုးဆက်က ပညာရေးနဲ့ပတ်သက်ရင် ရွေးချယ်ပိုင်ခွင့်က အတိုင်းအတာ တစ်ခုအထိ limited ဖြစ်သွားပါတယ်။

ကိုယ်တက်ချင်တဲ့ ဘာသာက နိုင်ငံတကာဆက်ဆံရေးလိုမျိုး၊ ဒီဘာသာက အဝေးသင်မှာ မရှိ။ ဒီလိုနဲ့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆရပြီး၊ အဖေတိုက်တွန်းတဲ့ ဥပဒေကို ယူဖြစ်သွားပါတယ်။ ဒါကျွန်တော့်ဘ၀ နဲ့ ဥပဒေ စတင်ပတ်သက်မှုပေါ့။

(၅) နှစ်တာ သင်ယူရတဲ့ ဥပဒေ (အဝေးသင်) ကျောင်းသားဘ၀မှာလည်း အလုပ်တစ်ဖက်ကြောင့် ဘွဲ့သာရတယ် စာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ နှစ်စဉ်နှစ်တိုင်း အနီးကပ်တက်၊ စာမေးပွဲအောင်ဖို့ အနီးကပ်ကျူရှင်တက်၊ စာမှန်မှန်ကျက်ပြီး ဘွဲ့တော့ ရသွားပါတယ်။ တစ်ကယ်တတ်သလားမေးရင် ယခုအချိန်အထိ မတတ်ဘူးလို့သာ ၀န်ခံရမှာပါ။

အဲ အဝေးသင် ငါးနှစ်တက်တုန်း၊ သူများထက် အနည်းငယ် ပိုအားထုတ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တာကတော့ သူများတွေလို အလွယ်လမ်းမလိုက်ဘဲ စာကို တကယ့်ကို ကျက်မှတ်ခဲ့ပါတယ်။ (နောက်ဆုံးနှစ်နဲ့ ပတ်သက်လို့တော့ ပြောစရာတွေရှိလို့ နောက်မှ သီးခြားပြောပြာတာပေါ့။)

ဥပဒေ (အဝေးသင်) မှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့၊ ဂုဏ်ထူးရဖို့ အခြားသော ဘာသာရပ်များနဲ့စာရင် အတော့်ကို ခဲယဉ်းပါတယ်။ ကျွန်တော်မှတ်မိသလောက် နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးထွက်ကျောင်းသား (၁၀) ယောက်ထက် မပိုဘူးလို့ ထင်ပါတယ်။ ဂုဏ်ထူးလိုချင်ရင် အလွတ်ကျက်စာများသာမက မိမိရဲ့ထင်မြင်သုံးသပ်ချက်များ ကို အတိုင်းအတာတစ်ခုထိ ဆီလျော်အောင် ရေးသားပါမှ ရပါတယ်။

ဒီလိုနဲ့ ကျွန်တော်အမြဲတမ်း ပြောလေ့ရှိသလို ကျွန်တော့်ရဲ့ဘ၀မှာ အခြားသော သူငယ်ချင်းများနဲ့ယှဉ်ရင် တက္ကသိုလ်ကျောင်းသား ဘ၀ ပီပီပြင်ပြင် မခံစားခဲ့ရပါဘူး။ အမြဲတမ်း လိုချင်ခဲ့တဲ့ University Life မရှိခဲ့ဘူးလို့ ဆိုရမှာပေါ့။

လုပ်ငန်းခွင်ထဲမှာ အချိန်ပြည့် (၁၀) နှစ်ခန့် လှုပ်ရှားရုန်းကန်အပြီး၊ အသက် (၂၉) နှစ်အရွယ်ရောက်တော့ မှ ကျွန်တော်ပညာရေးဘက် ခြေဦးပြန်လှည့်ခဲ့မိပါတယ်။ ဂျပန်နိုင်ငံမှာ မဟာဘွဲ့ ဆက်တက်ဖြစ်တယ်၊ ဆက်တက်နေတယ် ဆိုပါတော့။

တကယ်သွားချင်တာက ကမ္ဘာကျော် အမေရိကန် တက္ကသိုလ်များပေါ့။ နောက်ဆုံး အခြေအနေ အမျိုးမျိုးကြောင့် ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ကျွန်တော်လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို ရပြီပေါ့။ အရွယ်လွန်မှ ရတယ်လို့ ဆိုရင်လည်း မမှားဘူးလို့ ပြောရမှာပါပဲ။

အဲဒီတော့ ရွေးချယ်ခဲ့တဲ့ ဂျပန်နိုင်ငံက ဘွဲ့လွန်ပညာရေးနဲ့ပတ်သက်ပြီး ကောင်းတာ၊ ဆိုးတာတွေ ကိုယ့်အတွေ့အကြုံအရ ချိန်ဆတွေးနေမိတာတွေ အများကြီးပါပဲ။ နောက်ပို့စ်များမှာ ဆက်လက်ဆွေးနွေးကြတာပေါ့ဗျာ။

Saturday, June 13, 2009

စာလိုက်နိုင်ရဲ့လား

ကျွန်တော့်ရဲ့ မပီပြင်သေးတဲ့ ဘလော့ဂ်လေးကို မျက်စိလည် လမ်းမှားလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ် လာရောက်ကြသူများကို လေးစားခင်မင်တာကြောင့် အသစ်မရေးဖြစ်တာ ကြာနေတဲ့ ဘလော့ဂ်လေးမှာ အသစ်တစ်ခု ရေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာအကြောင်းရေးရင် ကောင်းမလဲလို့စဉ်းစားတော့ လတ်တလော ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်လို့ ခေါင်းထဲရောက်လာတဲ့ မေးခွန်းလေးကို ခေါင်းစဉ်လုပ်လိုက်ပါတယ်။

စာလိုက်နိုင်ရဲ့လား...

ဒီမေးခွန်း ခေါင်းထဲရောက်လာတာကို ရှင်းပြရဖို့ ကျွန်တော့်ရဲ့ ပညာရေး ဘ၀လမ်းကြောင်းကို အရင်ပြောပြဖို့ လိုပါလိမ့်မယ်။

ဒီမေးခွန်းကို ငယ်ငယ်တုန်းက (၁၀) တန်းအထိ ပေါ့ဗျာ၊ ကျွန်တော့်ကို မေးရင် ကျွန်တော် အမြဲတမ်း ဘယ်လိုပြန်ဖြေရမလဲ မသိ ဖြစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကျောင်းစာနဲ့ ပတ်သက်ရင် အထူးချွန်ကြီး မဟုတ်သလို၊ အညံ့ဆုံးအဆင့်မှာလည်းမပါတဲ့ အလယ်အလတ်အဆင့်မှာ ရှိသူ ဖြစ်လို့ပါ။ စာတွေနဲ့ပတ်သက်ရင် စိတ်ထဲမှာ သိပ်ခက်ခဲတယ်လို့ ဘယ်တော့မှ မယူဆမိပါဘူး။ ကိုယ်အားစိုက်ပြီး ကြိုးစားလိုက်ရင် ရလဒ်ကောင်းလာပြီး၊ သာမန်အားထုတ်မှုမှာ သာမန်ရလဒ်ရတာ အထူးအဆန်းမဟုတ်ဘူးလို့ ခံယူမိလို့ပါ။ ဆိုလိုတာက စာဟာ မလိုက်နိုင်စရာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် အားစိုက်ကြိုးစားရင် ကြိုးစားသလို အောင်မြင်မယ်၊ မကြိုးစားရင် မအောင်မြင်ဘူး လို့ ခံယူထားလို့ပါပဲ။

ဒီလိုနဲ့ (၁၀) တန်းအောင်ပြီး အဝေးသင်တက္ကသိုလ် တက်ဖို့ အကြောင်းဖန်လာပါတယ်။

အဝေးသင်မှာ သင်ချင်တဲ့ ဘာသာ ရွေးချယ်ရာမှာ အခက်အခဲ စတွေ့ပါတယ်။ ငယ်စဉ်ကတည်းက ၀ါသနာပါတာက နိုင်ငံတကာဆက်ဆံရေးလို၊ နိုင်ငံရေးသိပ္ပံလို ဘာသာရပ်မျိုး၊ အဝေးသင်မှာ အဲဒီအချိန်က (၁၉၉၆-၉၇ ၀န်းကျင်က) သင်ယူခွင့်ရတဲ့ ဘာသာရပ်တွေက အခုအချိန်နဲ့ နှိုင်းယှဉ်ရင် အတော်ကို limited ဖြစ်ပါတယ်။ အဲဒီအချိန်က အကောင်းဆုံးက စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေပေါ့၊ ပြီးရင် ဥပဒေက ဒုတိယ လိုက်တယ်လို့ မှတ်မိပါတယ်။

ကျွန်တော့်ရဲ့ မဖြစ်စလောက်အမှတ်ပေါင်းက အဝေးသင် စီးပွားရေး ဘာသာရပ်များကို သင်ယူဖို့ (အမှတ်) မီ တာကြောင့် အစပိုင်းက စီးပွားရေးဆိုင်ရာ ဘာသာတွေ တက်ရင်ကောင်းမလား ခဏတာ စဉ်းစားခဲ့မိပေမယ့်၊ သင်္ချာက ညံလိုက်တာ တာတေလံ၊ ပြီးတော့ ကိုယ့်ကိုယ်ကို စီးပွားရေးဦးနှောက် မရှိဘူး (business-minded မဖြစ်ဘူး) လို့ ခံယူထားလို့ စီးပွားရေးဘာသာတွေ ယူဖို့ကိစ္စ၊ အမြန်ပဲ ခေါင်းထဲက ထုတ်ခဲ့ပါတယ်။

ဒီမှာ အကြောင်းတိုက်ဆိုင်လို့ ကျွန်တော် သင်္ချာဘယ်လောက်တော်တယ်ဆိုတာ ပြောပြချင်ပါတယ်။

ငယ်ငယ်တုန်းက အိမ်မှာ အမေက ကျွန်တော့်ကို သင်္ချာသင်ပေးပါတယ်။ သင်္ချာသင်တိုင်း အိမ်က Blackboard မှာကော၊ ကျွန်တော့်ရဲ့ နဖူးမှာကော အမေစိတ်တိုလို့ မြေဖြူနဲ့ ခေါက်ထားလို့ ဖြူဖွေးနေတတ်ပြီး၊ ကျွန်တော်လည်း သင်္ချာအသင်ခံရတိုင်း ငိုခဲ့တာကို မှတ်မိပါတယ်။ တစ်ခါကတော့ အမေတော်တော် စိတ်ဆိုးပါတယ်။ သူမေးတာကို ကျွန်တော်မဖြေနိုင်လို့ပါ။ မေးခွန်းက ဆန်တစ်ပြည်မှာ နို့ဆီဗူး ဘယ်နှစ်လုံးလဲ ဆိုတာပါပဲ။ နို့ဆီဗူး (၈) လုံးဟာ ဆန်တစ်ပြည်ဖြစ်ကြောင်း အကြိမ်ကြိမ် သင်ထားပေးတာ တောင် ဆန်တစ်ပြည်ဟာ ဘယ်နှစ်လုံးလဲလို့ မေးခွန်းနောက်ပြန်မေးတိုင်း မဖြေတတ်ခဲ့ပါဘူး။ (ကျွန်တော် အဲဒီလောက်ထိ သင်္ချာတော်ပါတယ်။ :P အဲဒီနောက်ပိုင်း အမေလည်း ကျွန်တော့်ကို သင်္ချာမသင်တော့သလို၊ ကျွန်တော်လည့် ငယ်ငယ်တည်းက အခုချိန်အထိ သင်္ချာကို ကြောက်တဲ့စိတ်ဝင်သွားတာ အဲဒီက စတယ်ထင်တာပဲဗျ။)

ဒီလိုနဲ့ အဝေးသင်မှာ စီးပွားရေးဘာသာရပ်များကို ဖယ်လိုက်ရင် ရေရှည်အသုံးဝင်နိုင်တယ်လို့ ယူဆရပြီး၊ အဖေကလည်း တိုက်တွန်းအားပေးတာကြောင့် ဥပဒေကို ယူလိုက်ပါတယ်။

စာလိုက်နိုင်ရဲ့လား မေးခွန်းနဲ့ ဥပဒေကျောင်းသား ဘ၀နဲ့ ဆက်စပ်ပြီး မှတ်မိသလောက်ပြောရရင်၊ အဝေးသင် တက်ခဲ့တဲ့ ငါးနှစ်အတွင်း နှစ်စဉ် ရက်(၂၀) လောက် တက်ရတဲ့ အနီးကပ်သင်တန်းကို မှန်မှန်တက်၊ ဆရာမတွေက ဘာသာရပ်တစ်ခုမှာ (၁၂) ပုဒ် ၀န်းကျင်သင်၊ အဲဒီအထဲက (၈) ပုဒ်ဝန်းကျင်ကို စာမေးပွဲမတိုင်မီ ကျောင်းပိတ်ရက် နဲ့ စာမေးပွဲ မဖြေခင် ရက်များမှာမှ အနီးကပ် ကျက်မှတ်ရင် အောင်ဖို့က သေချာပါတယ်။ (ကျွန်တော်တို့က ဥပဒေ (အဝေးသင်) ရဲ့ ပညာသင်နှစ် ငါးနှစ် တက်ရတဲ့ နောက်ဆုံးအသုတ် ကျောင်းသားတွေပေါ့ဗျာ။)

ဥပဒေပညာရပ်ဖြစ်တာကြောင့် ကျက်မှတ်ရတဲ့ စာတွေ၊ ဥပဒေ ဝေါဟာရတွေ ခက်ခဲပေမယ့် စာမေးပွဲအောင်ရမယ်ဆိုတဲ့စိတ်၊ အင်္ဂလိပ်စာ ၀ါသနာပါတဲ့ အခြေခံတွေကြောင့် အခက်အခဲ မရှိ ကျော်လွှားခဲ့နိုင်ပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံပညာတန်း၊ ဘွဲ့ကြိုတန်း များကို အထိုက်အလျောက်သော ကြိုးစားအားထုတ် များနဲ့ကျော်ဖြတ်လာခဲ့တော့ စာလိုက်နိုင်ရဲ့လား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သိပ်စဉ်းစားစရာ မရှိခဲ့သလို၊ မေးခွန်းထုတ်ခဲ့သူများကိုလည်း သိပ်နားမလည်ခဲ့ပါဘူး။ ဘာကြောင့် ဒီလိုမေးသလဲပေါ့။ စာဟာ မိမိကြိုးစားအားထုတ်ရင် လိုက်နိုင်မယ်၊ မကြိုးစားရင် မလိုက်နိုင်ဘူးပေါ့။ ဒီလို ရှင်းရှင်းလေးပဲ တွေးခဲ့ပါတယ်။

ဒီလိုနဲ့ အကြောင်းတိုက်ဆိုင်လို့ အရှေ့တောင်အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ Australia နိုင်ငံက လာရောက်ဖွင့်လှစ်တဲ့ (International Relations, Public Speaking, Negotiation) စတဲ့ ဘာသာရပ်များ ပါဝင်တဲ့ အင်္ဂလိပ်စာ ဒီပလိုမာ တက်ခဲ့ပြီး၊ အမေရိကန်၊ သြစတြေးလျ စသော ဆရာများထံမှ ပညာဆည်းပူးခွင့် ရပြန်တော့လည်း အင်္ဂလိပ်စာ ၀ါသနာ အခံကြောင့် အထူးအထွေ အခက်အခဲမတွေ့ခဲ့ပါဘူး။ Debate ပြိုင်ပွဲများမှာတောင် ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။ (အချိန် နဲ့ အခြားသော အခက်အခဲများကြောင့် ကျွန်တော် ဒီပလိုမာ ဆုံးခန်းတိုင် မတက်နိုင်ခဲ့တာကိုတော့ တွေးတိုင်း စိတ်မကောင်းပါဘူး။)

ဒါတွေကတော့ ကျွန်တော်ရဲ့ (undergraduate) အဆင့်အထိ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးဆိုင်ရာ အခြေအနေ တွေပါပဲ။

စာလိုက်နိုင်ရဲ့လား မေးခွန်းနဲ့ ထိပ်တိုက်စတိုးတာကတော့ ကျွန်တော့်ရဲ့ ဘွဲ့လွန် (graduate) တန်း မှာပါပဲ။

ကျွန်တော် ဂျပန်နိုင်ငံမှာ မဟာဘွဲ့သင်ကြားဖို့ စရောက်တော့ သင်တန်းအစီအစဉ်အရ နဲ့ ကျောင်းစည်းကမ်းအရ၊ ကျွန်တော်တို့လို နိုင်ငံတကာကျောင်းသား အများစုကို မဟာဘွဲ့တန်း ကျောင်းသားအဖြစ် စတင်လက်မခံဘဲ၊ သုတေသနကျောင်းသားအဖြစ်သာ သတ်မှတ်လက်ခံပါ တယ်။ သုတေသနကျောင်းသားဘ၀ရဲ့ စာသင်နှစ်ဝက် (semester) တစ်ခုမှာတင် ဘာသာရပ် (၆) ခု လောက်ကို သင်ယူခဲ့ရတာကြောင့် ကျွန်တော့် အခြေအနေက သူများနဲ့မတူ ပင်ပန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်း နဲ့ပတ်သက်ရင် ကျွန်တော်အပါအ၀င် ကျွန်တော်တို့မြန်မာတွေ ယေဘုယျအားဖြင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နဲ့ နှိုင်းယှဉ်ပြီး သိပ်အထင်မကြီးကြပါဘူး။ ဒါပေမယ့် ဂျပန်မှာလည်း ပညာရေးအဆင့် မနိမ့်ဘဲ၊ resources တွေလည်း ပေါများကြောင်း ကိုယ်တွေ့အရ သိလာပါ တယ်။ ဘာသာစကား အခက်အခဲကြောင့် သင်ကြားမယ့်ဆရာ ရွေးချယ်မှု ကောင်းဖို့တော့ လိုပါတယ်။

မဟာဘွဲ့ကျောင်းသား ဖြစ်ပြီး နောက်ပိုင်းမှာလည်း စာတွေကို နေ့မအိပ်၊ ညမအိပ် ဖတ်ပြီး၊ တစ်နေ့ တစ်နေ့ အလျင်မီအောင် နဲ့ ဘာသာရပ်များကို သေသေချာချာ နားလည် သဘောပေါက်ဖို့ အတော့်ကို ကြိုးစား ရပါတယ်။ (အခု semester မှာ စာလောဘကြီးပြီး၊ အတန်းတွေများများ ယူလိုက်မိတာလည်း ပါတာပေါ့ဗျာ။)

ဒါကြောင့် အခုချိန်မှာ စာလိုက်နိုင်ရဲ့လား ... ဆိုတဲ့ မေးခွန်းကို ကောင်းကောင်း သဘောပေါက်လာပါတယ်။

နိုင်ငံတကာ အဆင့်မီ ပညာရေးမှာ နိုင်ငံတကာကျောင်းသားများနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ အရည်အသွေးမီ မေးခွန်းများ မေးနိုင်ဖို့၊ ပါဝင်ဆွေးနွေးနိုင်ဖို့၊ မိမိလေ့လာဆည်းပူးနေတဲ့ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အရှင်းလင်းဆုံးစကားနဲ့ စာလိုက်နိုင်ဖို့ တကယ်ကို အားထုတ်ရပါတယ်။ မလွယ်ပါဘူး။ နိုင်ငံတကာ အဆင့်မီ ပညာရေးမှာ အားကုန်ထုတ် ကြိုးစားတိုင်းလည်း စာလိုက်နိုင်ဖို့ တကယ့်ကို မလွယ်ပါဘူး။

အဲဒီတော့ သူငယ်ချင်းတို့ကော ဘယ်လိုလဲ။ စာလိုက်နိုင်ရဲ့လား ...

Wednesday, February 25, 2009

Rhodes Scholarship


မနေ့က UN ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice အကြောင်းကို BBC မှာ ရှာဖတ်တုန်းက သူဟာ Rhodes Scholar တစ်ယောက် ဖြစ်တယ်လို့ အောက်ပါအတိုင်း ဖတ်လိုက်ရပါတယ်။

Growing up, Ms Rice dreamed of becoming a senator for the District of Columbia. She graduated in history from Stanford University, then went to Oxford as a Rhodes scholar, where she completed a D Phil in international relations.

ဒါပေမယ့် သူ့အကြောင်း ကိုးကားရေးတဲ့အခါမှာ Rhodes Scholar ဆိုတာကို ထည့်မရေးခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Rhodes Scholar ဆိုတဲ့အကြောင်းကို ကျွန်တော်သေသေချာချာ မသိသေးလို့ပါ။

အဲ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ အမေရိကန်သမ္မတ ကလင်တန် ရဲ့My Life ကို ဖတ်နေတုန်းမှာ သူဟာလည်း Rhodes Scholar ဖြစ်ခဲ့ကြောင်း ရေးသားထားပြီး၊ ၄င်းပညာသင်ဆု အကြောင်းကို ရေးသားထားပါတယ်။ သူရေး ထားတာကို နားလည်သလို ပြန်ပြောရရင် နှစ်စဉ်နှစ်တိုင်း ပြည်နယ် ၅၀ ကို ကိုယ်စားပြုတဲ့ အမေရိကန်နိုင်ငံသား ၃၂ ယောက်ကို Oxford တက္ကသိုလ်မှာ ၂နှစ်ကြာ ပညာသင်ကြားဖို့ ရွေးချယ်ကြောင်း၊ ကုန်ကျစရိတ်များကို ၁၉၀၃ ခုနှစ်မှာ Cecil Rhodes ရဲ့ သေတမ်းစာအရ စတင် တည်ထောင်ထားသော ပညာသင်ဆု ရွေးချယ်ရေး အဖွဲ့မှ ထောက်ပံ့ကြောင်း၊ Rhodes ဟာ တောင်အာဖရိက စိန်တွင်းများမှ ချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း၊ ဒီပညာသင်ဆုကို လက်ရှိ နဲ့ယခင် ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများမှ ပညာ၊ အားကစား၊ ခေါင်းဆောင် မှု စတဲ့အရည်အသွေးများမှာ ထူးချွန်ကြောင်း ပြသနိုင်သူ လူငယ်များကို ပေးအပ်ကြောင်း ရေးသားထားပါတယ်။ (နောက်ပိုင်းကာလများမှသာ ပညာသင်ဆုပေးအဖွဲ့မှ အမျိုးသမီးများကိုပါ ပါဝင်ယှဉ်ပြိုင်စေကြောင်း သိရပါ တယ်။) (အမေရိကန်နိုင်ငံဟာလည်း သမိုင်းကြောင်းအရ ဗြိတိသျှအုပ်စိုးမှုကနေ ခွဲထွက်တဲ့ တော်လှန်ရေးက ပေါ်ပေါက်လာတဲ့နိုင်ငံဖြစ်လို့ ဒီပညာသင်ဆု ရတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။)

အမေရိကန်နိုင်ငံတွင်းမှ နိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်ရာမှာတော့ ထောက်ခံစာ (recommendation) (၅) စောင် မှ (၈) စောင် အထိ လိုအပ်ပြီး၊ ဘာကြောင့် Oxford ကို သွားချင်ကြောင်း ဖော်ပြရေးသားထားတဲ့ အက်ဆေး တစ်ပုဒ်လည်း ရေးသားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ကတော့ ထောက်ခံစာ ရေးပေးသူများကို လျှောက်ထားသူရဲ့ အားနည်းချက် (weaknesses) ကို အားသာချက် (strengths) များနဲ့အတူ ဖော်ပြပေးဖို့ မေတ္တာရပ်ခံထားကြောင်းလည်း သိရပါတယ်။

White House website မှာ ဖော်ပြထားတဲ့ ကလင်တန်ရဲ့ အကြောင်းကိုလည်း အောက်ပါအတိုင်း တွေ့ရပါ တယ်။

Clinton was graduated from Georgetown University and in 1968 won a Rhodes Scholarship to Oxford University. He received a law degree from Yale University in 1973, and entered politics in Arkansas.

နောက်ထပ်သိရတာလေးတွေကတော့ အမေရိကန် ကောလိပ်နဲ့တက္ကသိုလ်ပေါင်း (၃၀၀) ကျော်မှ ကျောင်းသူ ကျောင်းသားများကို Rhodes Scholar အဖြစ် ရွေးချယ်ပြီးဖြစ်ကြောင်း၊ ပညာဥာဏ်ရည် မြင့်မားဖို့ လိုအပ်ပေမယ့် ရွေးချယ်ရာမှာ လုံလောက်တဲ့ အခြေအနေ မဟုတ်ကြောင်း၊ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်(လူပုဂိုလ်) ပိုင်းဆိုင်ရာ ထူးချွန်ပြီး၊ အနာဂတ်မှာ ကမ္ဘာကြီးကို ထိရောက်တဲ့ ၀န်ဆောင်မှု (service) ပေးနိုင်သူမျိုးကို ရှာတယ်လို့ ဆိုပါတယ်။ လိုရင်းကိုပြောရရင် ဒီပညာသင်ဆုဟာ ပညာသင်တွေ ပြုလုပ်လိုတဲ့ project proposals ထက် လူပေါ်မှာသာ ရင်းနှီးမြှုပ်နှံတာ (investments in individuals) ဖြစ်ပါတယ်။

သမ္မတကလင်တန် ကတော့ ၁၉၆၈ ခုနှစ်မှာ ရွေးချယ်ခံရတဲ့ ပညာသင် (၃၂) ယောက်ထဲမှာ၊ Yale နဲ့ Harvard က (၆) ယောက်စီ၊ Dartmouth က (၃) ယောက်၊ Princeton နဲ့ the Naval Academy က (၂) ယောက်စီ ပါ ၀င်တယ်လို့ ဆိုပါတယ်။ (ယခု ၂၀၀၉ ခုနှစ်အတွက် အရွေးခံရတဲ့ အမေရိကန်ကျောင်းသား အတော်များများ ဟာလည်း အမေရိကန် ကျောင်းကောင်းတွေဖြစ်တဲ့ MIT, Princeton, Harvard, Yale နဲ့ UCLA တို့က ဆိုတာ တွေ့ရပါတယ်။)

နောက်ပိုင်း အချိန်ရရင် ကမ္ဘာ့နာမည်ကြီး ပညာသင်ဆု (scholarships) များအကြောင်း ရှာဖွေလေ့လာ ဖတ်ရှု ရေးသားဖို့ ရည်ရွယ်ပါတယ်။