Saturday, June 13, 2009

စာလိုက်နိုင်ရဲ့လား

ကျွန်တော့်ရဲ့ မပီပြင်သေးတဲ့ ဘလော့ဂ်လေးကို မျက်စိလည် လမ်းမှားလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ် လာရောက်ကြသူများကို လေးစားခင်မင်တာကြောင့် အသစ်မရေးဖြစ်တာ ကြာနေတဲ့ ဘလော့ဂ်လေးမှာ အသစ်တစ်ခု ရေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာအကြောင်းရေးရင် ကောင်းမလဲလို့စဉ်းစားတော့ လတ်တလော ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်လို့ ခေါင်းထဲရောက်လာတဲ့ မေးခွန်းလေးကို ခေါင်းစဉ်လုပ်လိုက်ပါတယ်။

စာလိုက်နိုင်ရဲ့လား...

ဒီမေးခွန်း ခေါင်းထဲရောက်လာတာကို ရှင်းပြရဖို့ ကျွန်တော့်ရဲ့ ပညာရေး ဘ၀လမ်းကြောင်းကို အရင်ပြောပြဖို့ လိုပါလိမ့်မယ်။

ဒီမေးခွန်းကို ငယ်ငယ်တုန်းက (၁၀) တန်းအထိ ပေါ့ဗျာ၊ ကျွန်တော့်ကို မေးရင် ကျွန်တော် အမြဲတမ်း ဘယ်လိုပြန်ဖြေရမလဲ မသိ ဖြစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကျောင်းစာနဲ့ ပတ်သက်ရင် အထူးချွန်ကြီး မဟုတ်သလို၊ အညံ့ဆုံးအဆင့်မှာလည်းမပါတဲ့ အလယ်အလတ်အဆင့်မှာ ရှိသူ ဖြစ်လို့ပါ။ စာတွေနဲ့ပတ်သက်ရင် စိတ်ထဲမှာ သိပ်ခက်ခဲတယ်လို့ ဘယ်တော့မှ မယူဆမိပါဘူး။ ကိုယ်အားစိုက်ပြီး ကြိုးစားလိုက်ရင် ရလဒ်ကောင်းလာပြီး၊ သာမန်အားထုတ်မှုမှာ သာမန်ရလဒ်ရတာ အထူးအဆန်းမဟုတ်ဘူးလို့ ခံယူမိလို့ပါ။ ဆိုလိုတာက စာဟာ မလိုက်နိုင်စရာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် အားစိုက်ကြိုးစားရင် ကြိုးစားသလို အောင်မြင်မယ်၊ မကြိုးစားရင် မအောင်မြင်ဘူး လို့ ခံယူထားလို့ပါပဲ။

ဒီလိုနဲ့ (၁၀) တန်းအောင်ပြီး အဝေးသင်တက္ကသိုလ် တက်ဖို့ အကြောင်းဖန်လာပါတယ်။

အဝေးသင်မှာ သင်ချင်တဲ့ ဘာသာ ရွေးချယ်ရာမှာ အခက်အခဲ စတွေ့ပါတယ်။ ငယ်စဉ်ကတည်းက ၀ါသနာပါတာက နိုင်ငံတကာဆက်ဆံရေးလို၊ နိုင်ငံရေးသိပ္ပံလို ဘာသာရပ်မျိုး၊ အဝေးသင်မှာ အဲဒီအချိန်က (၁၉၉၆-၉၇ ၀န်းကျင်က) သင်ယူခွင့်ရတဲ့ ဘာသာရပ်တွေက အခုအချိန်နဲ့ နှိုင်းယှဉ်ရင် အတော်ကို limited ဖြစ်ပါတယ်။ အဲဒီအချိန်က အကောင်းဆုံးက စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေပေါ့၊ ပြီးရင် ဥပဒေက ဒုတိယ လိုက်တယ်လို့ မှတ်မိပါတယ်။

ကျွန်တော့်ရဲ့ မဖြစ်စလောက်အမှတ်ပေါင်းက အဝေးသင် စီးပွားရေး ဘာသာရပ်များကို သင်ယူဖို့ (အမှတ်) မီ တာကြောင့် အစပိုင်းက စီးပွားရေးဆိုင်ရာ ဘာသာတွေ တက်ရင်ကောင်းမလား ခဏတာ စဉ်းစားခဲ့မိပေမယ့်၊ သင်္ချာက ညံလိုက်တာ တာတေလံ၊ ပြီးတော့ ကိုယ့်ကိုယ်ကို စီးပွားရေးဦးနှောက် မရှိဘူး (business-minded မဖြစ်ဘူး) လို့ ခံယူထားလို့ စီးပွားရေးဘာသာတွေ ယူဖို့ကိစ္စ၊ အမြန်ပဲ ခေါင်းထဲက ထုတ်ခဲ့ပါတယ်။

ဒီမှာ အကြောင်းတိုက်ဆိုင်လို့ ကျွန်တော် သင်္ချာဘယ်လောက်တော်တယ်ဆိုတာ ပြောပြချင်ပါတယ်။

ငယ်ငယ်တုန်းက အိမ်မှာ အမေက ကျွန်တော့်ကို သင်္ချာသင်ပေးပါတယ်။ သင်္ချာသင်တိုင်း အိမ်က Blackboard မှာကော၊ ကျွန်တော့်ရဲ့ နဖူးမှာကော အမေစိတ်တိုလို့ မြေဖြူနဲ့ ခေါက်ထားလို့ ဖြူဖွေးနေတတ်ပြီး၊ ကျွန်တော်လည်း သင်္ချာအသင်ခံရတိုင်း ငိုခဲ့တာကို မှတ်မိပါတယ်။ တစ်ခါကတော့ အမေတော်တော် စိတ်ဆိုးပါတယ်။ သူမေးတာကို ကျွန်တော်မဖြေနိုင်လို့ပါ။ မေးခွန်းက ဆန်တစ်ပြည်မှာ နို့ဆီဗူး ဘယ်နှစ်လုံးလဲ ဆိုတာပါပဲ။ နို့ဆီဗူး (၈) လုံးဟာ ဆန်တစ်ပြည်ဖြစ်ကြောင်း အကြိမ်ကြိမ် သင်ထားပေးတာ တောင် ဆန်တစ်ပြည်ဟာ ဘယ်နှစ်လုံးလဲလို့ မေးခွန်းနောက်ပြန်မေးတိုင်း မဖြေတတ်ခဲ့ပါဘူး။ (ကျွန်တော် အဲဒီလောက်ထိ သင်္ချာတော်ပါတယ်။ :P အဲဒီနောက်ပိုင်း အမေလည်း ကျွန်တော့်ကို သင်္ချာမသင်တော့သလို၊ ကျွန်တော်လည့် ငယ်ငယ်တည်းက အခုချိန်အထိ သင်္ချာကို ကြောက်တဲ့စိတ်ဝင်သွားတာ အဲဒီက စတယ်ထင်တာပဲဗျ။)

ဒီလိုနဲ့ အဝေးသင်မှာ စီးပွားရေးဘာသာရပ်များကို ဖယ်လိုက်ရင် ရေရှည်အသုံးဝင်နိုင်တယ်လို့ ယူဆရပြီး၊ အဖေကလည်း တိုက်တွန်းအားပေးတာကြောင့် ဥပဒေကို ယူလိုက်ပါတယ်။

စာလိုက်နိုင်ရဲ့လား မေးခွန်းနဲ့ ဥပဒေကျောင်းသား ဘ၀နဲ့ ဆက်စပ်ပြီး မှတ်မိသလောက်ပြောရရင်၊ အဝေးသင် တက်ခဲ့တဲ့ ငါးနှစ်အတွင်း နှစ်စဉ် ရက်(၂၀) လောက် တက်ရတဲ့ အနီးကပ်သင်တန်းကို မှန်မှန်တက်၊ ဆရာမတွေက ဘာသာရပ်တစ်ခုမှာ (၁၂) ပုဒ် ၀န်းကျင်သင်၊ အဲဒီအထဲက (၈) ပုဒ်ဝန်းကျင်ကို စာမေးပွဲမတိုင်မီ ကျောင်းပိတ်ရက် နဲ့ စာမေးပွဲ မဖြေခင် ရက်များမှာမှ အနီးကပ် ကျက်မှတ်ရင် အောင်ဖို့က သေချာပါတယ်။ (ကျွန်တော်တို့က ဥပဒေ (အဝေးသင်) ရဲ့ ပညာသင်နှစ် ငါးနှစ် တက်ရတဲ့ နောက်ဆုံးအသုတ် ကျောင်းသားတွေပေါ့ဗျာ။)

ဥပဒေပညာရပ်ဖြစ်တာကြောင့် ကျက်မှတ်ရတဲ့ စာတွေ၊ ဥပဒေ ဝေါဟာရတွေ ခက်ခဲပေမယ့် စာမေးပွဲအောင်ရမယ်ဆိုတဲ့စိတ်၊ အင်္ဂလိပ်စာ ၀ါသနာပါတဲ့ အခြေခံတွေကြောင့် အခက်အခဲ မရှိ ကျော်လွှားခဲ့နိုင်ပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံပညာတန်း၊ ဘွဲ့ကြိုတန်း များကို အထိုက်အလျောက်သော ကြိုးစားအားထုတ် များနဲ့ကျော်ဖြတ်လာခဲ့တော့ စာလိုက်နိုင်ရဲ့လား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သိပ်စဉ်းစားစရာ မရှိခဲ့သလို၊ မေးခွန်းထုတ်ခဲ့သူများကိုလည်း သိပ်နားမလည်ခဲ့ပါဘူး။ ဘာကြောင့် ဒီလိုမေးသလဲပေါ့။ စာဟာ မိမိကြိုးစားအားထုတ်ရင် လိုက်နိုင်မယ်၊ မကြိုးစားရင် မလိုက်နိုင်ဘူးပေါ့။ ဒီလို ရှင်းရှင်းလေးပဲ တွေးခဲ့ပါတယ်။

ဒီလိုနဲ့ အကြောင်းတိုက်ဆိုင်လို့ အရှေ့တောင်အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ Australia နိုင်ငံက လာရောက်ဖွင့်လှစ်တဲ့ (International Relations, Public Speaking, Negotiation) စတဲ့ ဘာသာရပ်များ ပါဝင်တဲ့ အင်္ဂလိပ်စာ ဒီပလိုမာ တက်ခဲ့ပြီး၊ အမေရိကန်၊ သြစတြေးလျ စသော ဆရာများထံမှ ပညာဆည်းပူးခွင့် ရပြန်တော့လည်း အင်္ဂလိပ်စာ ၀ါသနာ အခံကြောင့် အထူးအထွေ အခက်အခဲမတွေ့ခဲ့ပါဘူး။ Debate ပြိုင်ပွဲများမှာတောင် ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။ (အချိန် နဲ့ အခြားသော အခက်အခဲများကြောင့် ကျွန်တော် ဒီပလိုမာ ဆုံးခန်းတိုင် မတက်နိုင်ခဲ့တာကိုတော့ တွေးတိုင်း စိတ်မကောင်းပါဘူး။)

ဒါတွေကတော့ ကျွန်တော်ရဲ့ (undergraduate) အဆင့်အထိ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးဆိုင်ရာ အခြေအနေ တွေပါပဲ။

စာလိုက်နိုင်ရဲ့လား မေးခွန်းနဲ့ ထိပ်တိုက်စတိုးတာကတော့ ကျွန်တော့်ရဲ့ ဘွဲ့လွန် (graduate) တန်း မှာပါပဲ။

ကျွန်တော် ဂျပန်နိုင်ငံမှာ မဟာဘွဲ့သင်ကြားဖို့ စရောက်တော့ သင်တန်းအစီအစဉ်အရ နဲ့ ကျောင်းစည်းကမ်းအရ၊ ကျွန်တော်တို့လို နိုင်ငံတကာကျောင်းသား အများစုကို မဟာဘွဲ့တန်း ကျောင်းသားအဖြစ် စတင်လက်မခံဘဲ၊ သုတေသနကျောင်းသားအဖြစ်သာ သတ်မှတ်လက်ခံပါ တယ်။ သုတေသနကျောင်းသားဘ၀ရဲ့ စာသင်နှစ်ဝက် (semester) တစ်ခုမှာတင် ဘာသာရပ် (၆) ခု လောက်ကို သင်ယူခဲ့ရတာကြောင့် ကျွန်တော့် အခြေအနေက သူများနဲ့မတူ ပင်ပန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်း နဲ့ပတ်သက်ရင် ကျွန်တော်အပါအ၀င် ကျွန်တော်တို့မြန်မာတွေ ယေဘုယျအားဖြင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နဲ့ နှိုင်းယှဉ်ပြီး သိပ်အထင်မကြီးကြပါဘူး။ ဒါပေမယ့် ဂျပန်မှာလည်း ပညာရေးအဆင့် မနိမ့်ဘဲ၊ resources တွေလည်း ပေါများကြောင်း ကိုယ်တွေ့အရ သိလာပါ တယ်။ ဘာသာစကား အခက်အခဲကြောင့် သင်ကြားမယ့်ဆရာ ရွေးချယ်မှု ကောင်းဖို့တော့ လိုပါတယ်။

မဟာဘွဲ့ကျောင်းသား ဖြစ်ပြီး နောက်ပိုင်းမှာလည်း စာတွေကို နေ့မအိပ်၊ ညမအိပ် ဖတ်ပြီး၊ တစ်နေ့ တစ်နေ့ အလျင်မီအောင် နဲ့ ဘာသာရပ်များကို သေသေချာချာ နားလည် သဘောပေါက်ဖို့ အတော့်ကို ကြိုးစား ရပါတယ်။ (အခု semester မှာ စာလောဘကြီးပြီး၊ အတန်းတွေများများ ယူလိုက်မိတာလည်း ပါတာပေါ့ဗျာ။)

ဒါကြောင့် အခုချိန်မှာ စာလိုက်နိုင်ရဲ့လား ... ဆိုတဲ့ မေးခွန်းကို ကောင်းကောင်း သဘောပေါက်လာပါတယ်။

နိုင်ငံတကာ အဆင့်မီ ပညာရေးမှာ နိုင်ငံတကာကျောင်းသားများနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ အရည်အသွေးမီ မေးခွန်းများ မေးနိုင်ဖို့၊ ပါဝင်ဆွေးနွေးနိုင်ဖို့၊ မိမိလေ့လာဆည်းပူးနေတဲ့ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အရှင်းလင်းဆုံးစကားနဲ့ စာလိုက်နိုင်ဖို့ တကယ်ကို အားထုတ်ရပါတယ်။ မလွယ်ပါဘူး။ နိုင်ငံတကာ အဆင့်မီ ပညာရေးမှာ အားကုန်ထုတ် ကြိုးစားတိုင်းလည်း စာလိုက်နိုင်ဖို့ တကယ့်ကို မလွယ်ပါဘူး။

အဲဒီတော့ သူငယ်ချင်းတို့ကော ဘယ်လိုလဲ။ စာလိုက်နိုင်ရဲ့လား ...

4 comments:

  1. ဟုတ်ပ့ရှင်... စာလိုက်နိုင်ရဲ့လားဆိုလို့... အခုတစ်လော စာတွေဖတ်တယ်... ပြီးသွားတယ်... ခေါင်းထဲဘာမှမကျန်ခဲ့ဘူး... အူကြောင်ကြောင်ဖြစ်ကျန်နေခဲ့တယ်... စိတ်မပါပဲ ဖတ်မိရင်ပိုဆိုးတယ်.. အစ်ကို့ blog လေးက စိတ်ဝင်စားဖို့ကောင်းတယ်.. အခုမှစဖတ်မိတာပါ...ကျေးဇူးပါ...

    ReplyDelete
  2. ကျွန်တော့် blog လေးကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောလို့ ၀မ်းသာပါတယ်ဗျာ။ ဆက်ပြီးရေးနိုင်အောင် ကြိုးစားပါ့မယ်။

    ReplyDelete
  3. interesting some post.

    i ll visit later.

    momiji

    ReplyDelete
  4. “ငယ်ငယ်တုန်းက အိမ်မှာ အမေက ကျွန်တော့်ကို သင်္ချာသင်ပေးပါတယ်။ သင်္ချာသင်တိုင်း အိမ်က Blackboard မှာကော၊ ကျွန်တော့်ရဲ့ နဖူးမှာကော အမေစိတ်တိုလို့ မြေဖြူနဲ့ ခေါက်ထားလို့ ဖြူဖွေးနေတတ်ပြီး၊ ကျွန်တော်လည်း သင်္ချာအသင်ခံရတိုင်း ငိုခဲ့တာကို မှတ်မိပါတယ်။ ”
    ဟားဟား ဒီတခါတော့ ငသော်နဲ့ဆန့်ကျင်ဘက်ပဲ။ ငသော်က သချာင်္အရမ်းကြိုက်တယ်။ ဒီလည်းထွက်တယ်။ ကျက်စာတော့ ငပျင်းဗျ။မြန်မာစာဟာ ငသော့်အတွက် ခက်တဲ့ဘာသာပါ။
    အကိုလုံးက အမေနဲ့စာသင်တာပြောပြတော့ ငသော်လည်း ၆တန်းနှစ်လောက်က အမေရိုက်တာခံရတာပြောပြချင်ပါတယ်။
    (ငသော့်အမေက ရိုက်လေ့ရိုက်ထမရှိဘူးဗျ။ အဲဒါကြောင့်မှတ်မိနေတာ) အပြစ်က မြန်မာစာ စာသီစာကုံးကို ငသော်က ကျက်လို့တဲ့။ အမေက မြန်မာစာအရမ်းတော်တယ်။ “စာသီစာကုံးက ကျက်စရာမဟုတ်ဘူးဟဲ့။ကျက်စရာမဟုတ်ဘူးဟဲ့။”ဆိုပြီးရိုက်တယ်။ အဲတုန်းကတော်တော်ငိုလိုက်ရတယ်။ အဲဒါကြောင့် အကိုလုံးမြန်မာစာ ဒီထွက်တာ လေးစားတယ်လို့ပြောတာပါ။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။