Sunday, May 9, 2010

စာဖတ်ခန်း၊ စာဖတ်ဝါသနာ နဲ့ စာအုပ်ဆိုင်များ




(ကမ္ဘောဒီးယားနိုင်ငံက တပိုင်တနိုင် Book Cafe အိမ်ဆိုင်များ)

ကျွန်တော့်ဘ၀မှာ လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေ အတော်များများ ရှိပါတယ်။ အဲဒီအထဲက ဆန္ဒတစ်ခုကတော့...တပိုင်တနိုင် စာဖတ်ခန်းလေး တစ်ခု တည်ထောင်ချင်တာပါပဲ။

ကျွန်တော်တို့တွေ၊ လူငယ်တွေ စာတွေဖတ်ဖို့ လိုသေးတယ်ဗျာ။ စာတွေ မဖတ်တော့ မသိ၊ မသိတော့... ပိုဆိုးတော့တာပေါ့ဗျာ။ အဲဒီလိုပြောလို့ မင်းကကော စာတွေ ဘယ်လောက်ဖတ်နေလို့လဲ၊ ဘယ်လောက်များ သိနေလို့လဲလို့ မေးရင်တော့...ကျွန်တော်လည်း ကြိုးစားပြီးသာ ဖတ်နေတာ၊ ချပြလောက်အောင် များပြားတဲ့ အရေအတွက်တစ်ခု အထိ မဖတ်ဖြစ်သေးဘူး၊ ဘာမှ ပြောပလောက်အောင် မသိသေးဘူးလို့ပဲ ဆိုရမှာပါ။

စာဖတ်ခန်းတစ်ခု လုပ်ချင်တဲ့ စိတ်ကူးရဲ့အစ ကတော့ ကျွန်တော့်ရဲ့စာဖတ်ဝါသနာပါမှုက စတာပဲလို့ ဆိုရမှာပဲ။

ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတော့ စာတွေ အစုံဖတ်တယ်။ အစုံဖတ်တော့ အတွေးစုံတာပေါ့။ စာဖတ်တာကို အားပေးတဲ့၊ အမြင်ကျယ်တဲ့၊ အင်ဂျင်နီယာ အဖေက ကျွန်တော်တို့မောင်နှစ်မတွေကို ဘယ်စာကို ဖတ်ရမယ်၊ ဘယ်စာကို မဖတ်ရဘူးလို့ တားမြစ်ခဲ့တာ မရှိခဲ့ပါဘူး။

ဒါပေမယ့် မှတ်မှတ်ရရ ၆ တန်း၊ ၇ တန်းလောက်တုန်းကတော့ နီလေးမောင်ရဲ့ မှုခင်းစာအုပ်၊ ဦးနုရဲ့ ကာမတဏ္ဍာ စာအုပ်တွေကို ဖတ်နေတာတွေ့တော့၊ ငယ်သေးလို့ သိပ်မဖတ်စေချင်ကြောင်း အရိက်အမြွက်လောက် ပြောဖူးပါတယ်။ ဒါပေမယ့်လည်း အဖေက ဘာကြောင့် မဖတ်စေချင်တာလည်းဆိုပြီး သိချင်လို့၊ စူးစမ်းပြီး ပိုလို့တောင် ဖတ်ဖြစ်သွားပါသေးတယ်။

လိုရင်းကို ဆက်ရရင် ဒီလိုစာဖတ်ဝါသနာပါတော့ အရွယ်ရောက်လာတော့ စာအုပ်တွေ ၀ယ်တော့တာပေါ့။ ရသမျှ မုန့်ဖိုး၊ ရှိတဲ့ပိုက်ဆံ ကုန်အောင် စာအုပ်ဝယ်ပစ်တယ်။ စာအုပ်တွေ မြင်နေရရင် ပျော်တယ်။ စာအုပ်တွေကို ဖုန်သုတ်ပြီး၊ တသသ လုပ်နေရရင် ပျော်တယ်။ အဲဒီလောက်ကို စာအုပ်တွေကို ကြိုက်တာပါ။ ဒါ့ကြောင့် ဆရာတစ်ယောက်က ပြောဖူးတယ် မင်းက bibliophile တဲ့။ အဓိပ္ပာယ်က bibliophile = a person who loves or collects books ၊ စာဂျပိုးလို့ ဆိုကြတဲ့ bookworm နဲ့တော့ အဓိပ္ပာယ် အနည်းငယ် ကွာပါတယ်။ (bookworm = a person who reads a lot)

ဒါ့ကြောင့် အိမ်မှာလည်း စာအုပ်တွေ များသထက် များလာပါတယ်။ ဒီလိုများလာတော့ သိပ်မဖတ်ဖြစ်တဲ့ တစ်ချို့စာအုပ်တွေ၊ အဖေတို့လက်ထက်က စာအုပ်ဟောင်းတွေကို အိမ်အပြင်ဘက် အခန်းတစ်ခန်းမှာ ခွဲထားဖြစ်တော့ တဗီဒီုလုံး ချစားခံရတယ်။ အောင်သန်းရဲ့ အောင်ဆန်း စာအုပ်အပါအ၀င် စာအုပ်ဟောင်း၊ စာအုပ်ကောင်းတွေ ပါသွားတယ်။ အတော့်ကို စိတ်မကောင်း ဖြစ်ခဲ့တာပဲ။

ကိုယ့်စာအုပ်တွေ ပျက်စီးမှ စိတ်မကောင်းဖြစ်တယ် မထင်ပါနဲ့။ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်တစ်အုပ်ထဲမှာ (သူလိုလူ လို့ ထင်တာပဲ) ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ စာအုပ် သေတ္တာ (၄) သေတ္တာလောက် ချစားခံရတယ်ဆိုတဲ့ ဖြစ်ရပ်မှန် ဖတ်ရတော့ ရင်ထဲနင့်ပြီး၊ အဲ့ဒီရက်ပိုင်း ထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။ အဲဒီစာအုပ် ပြန်ဖတ်ဖြစ်တိုင်းလည်း စာအုပ်တွေ ပျက်စီးတဲ့ အကြောင်းဖတ်ရရင် စိတ်မကောင်း ဖြစ်နေတုန်းပါပဲ။

ဆိုလိုချင်တာက စာအုပ်တွေကို ချစ်ရတာ တန်ဖိုးကြီးပါတယ်။ အမြဲထိန်းသိမ်းစောင့်ရှောက်နေဖို့လဲ လိုတာပါပဲ။ မထိန်းသိမ်းနိုင်တာနဲ့ ကိုယ်တန်ဖိုးကြီးပေးပြီး ၀ယ်ထား၊ စုထားရတဲ့ စာအုပ်တွေဟာ တခဏအတွင်း အနိစ္စသဘောနဲ့ ကိစ္စချော ကုန်တာကိုး။

နောက်ဖြစ်ချင်တော့ လွန်ခဲ့တဲ့ (၇) နှစ်လောက်ကစလို့ ကျွန်တော် မြန်မာပြည်မှာ မနေရတော့ပါဘူး။ ပထမ ကမ္ဘောဒီးယားကို အလုပ်ကိစ္စနဲ့ သွားရတော့ ကျွန်တော့်စာအုပ်တွေကို ကျွန်တော့် ထိန်းသိမ်းမှုအောက်က စခွဲရတော့တာပဲ။ ဒါတောင် မဖြစ်မနေဖတ်ချင်တဲ့ စာအုပ်တွေကို ဒေါ်လာဈေးကြီး ပေါင်ပို ပေးပြီး၊ ကမ္ဘောဒီးယားအထိ သယ်ခဲ့သေးတယ်။ ဥပမာ - ဆရာကြီးတက်တိုးရဲ့ ဟိုးအရင်က ထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (၂) အုပ်တွဲ ဆိုရင် ကျွန်တော်ဘယ်သွားသွား အမြဲပါအောင် ခေါ်စမြဲပါပဲ။ (အခုတော့ ဂျပန်က ကျွန်တော့်ရဲ့ကျောင်းက Study Room မှာ မိန့်မိန့်ကြီးပေါ့။)


(ကမ္ဘောဒီးယားက ကျွန်တော့်စာအုပ်များ)

ကမ္ဘောဒီးယားမှာ ရောက်နေတုန်းက ရန်ကုန်အိမ်ကို ဖုန်းဆက်တိုင်း ကျွန်တော့်စာအုပ်တွေကို အမေတို့တွေ ကောင်းကောင်းထိန်းသိမ်းရဲ့လား ဆိုတာ ခဏခဏ မေးလို့ အမေကတောင် စိတ်တိုပါတယ်။ ဒါတောင် ကမ္ဘောဒီးယား မထွက်ခင် ကျွန်တော်တို့ မောင်နှစ်မတွေ အဖေ့ကျေးဇူးနဲ့ စုထားတဲ့၊ စနစ်တကျ တွဲထားတဲ့ မြန်မာတိုင်းမ် (စထွက်ကတည်းက စုထားတဲ့ အင်္ဂလိပ်-မြန်မာ) စာစောင်တွေ၊ မဂ္ဂဇင်းအစုံတွေ (အုပ်ရေ၊ စောင်ရေ ၅၀၀ နီးပါးလို့ မှတ်မိပါတယ်) ကို ပြန်ကြားရေးအောက်က မရမ်းကုန်း ပြန်၊ဆက် စာဖတ်ခန်းကို လှူဖြစ်ခဲ့သေးတယ်။

နောက်ပြီး ရန်ကုန်ကအိမ်က ဆောက်ထားတာ နှစ် သုံး၊ လေးဆယ်လောက် ရှိတဲ့အပြင်၊ ဆောက်ထားတာ ပုံစံမကျတော့ အမိုးဘယ်လောက်ပြင်ပြင် ခဏခဏ မိုးယိုတတ်လို့ မိုးရာသီရောက်တိုင်း၊ မိုးသည်းတိုင်း ငါ့စာအုပ်တွေတော့ အကောင်းအတိုင်း ရှိသေးရဲ့လား လို့လည်း မကြာခဏ ပူပန်မိသေးတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်လောက် ကမ္ဘောဒီးယားက ပြန်ရောက်တော့ စာအုပ်တွေ စစ်ကြည့်တော့ အတော်များများ အခြေအနေ ကောင်းပါသေးတယ်။ ဒါပေမယ့် ကျွန်တော်မရှိတုန်းမှာ အမေတို့ အစ်မအလတ်တို့က အသုံးမလိုတဲ့ အချို့ စာအုပ်တွေ ရှင်းတယ်၊ လွှင့်ပစ်တယ်လို့တော့ သိရပါတယ်။

ပြန်လာတော့ စာအုပ်တွေစစ်တော့ ကျွန်တော့်ထားခဲ့တဲ့ ပစ္စည်းတွေထဲမှာ အဖိုးလေးတစ်ယောက်ရဲ့ ဒိုင်ယာရီ စာအုပ် (၃) အုပ် ပျောက်နေတယ်လို့ မှတ်မိပါတယ်။ အဖိုးလေးက အရင်တုန်းက အခေါ်အဝေါ်နဲ့ ပြောရင် ချင်းဝိသေသတိုင်းမှာ ရာထူးကြီး ထမ်းဆောင် တာဝန်ယူခဲ့သူပါ။ (အရင်တုန်းက ချင်းကို ပြည်နယ်လို့ မခေါ်ဘဲ တိုင်းလို့ခေါ်တာ သမိုင်း စိတ်ဝင်စားသူတွေ မှတ်မိကြမှာပါ။ အခုခေတ်ဆိုရင်တော့ သူတာဝန်ယူခဲ့တဲ့ဌာနက ပြည်ထဲရေးအောက်က အထွေထွေအုပ်ချုပ်ရေးဌာနလို့ နားလည်ပါတယ်။) စစ်ကြီးအတွင်းက သူ့ဖြစ်ရပ်တွေ၊ သူတာဝန်ယူရတဲ့ အဖြစ်အပျက်တွေကို ဒိုင်ယာရီရေးထားတာ ဆိုတော့ ကျွန်တော့်အတွက်တော့ အတော့်ကို အဖိုးတန်တဲ့ စာအုပ်ပါပဲ။ စစ်လေယာဉ်တွေလာပြီး၊ ဗုံးတွေကျဲလို့ ဗုံးခိုကျင်းထဲ ၀င်ရတာ အစ ရေးထားလို့ သူ့လက်ရေးက ဖတ်ရခက်ပေမယ့်၊ တစ်ချိန် အင်မတန် တန်ဖိုးရှိမယ့် စာအုပ်ဆိုပြီး ကျွန်တော် သေသေချာချာ သိမ်းထားခဲ့တာပါ။ ပြန်လာတော့ ဘယ်သူ့မှ လွှတ်မပစ်ဘူး၊ သတိတောင်မထားမိဘူး ဆိုပေမယ့် ဘယ်လိုမှ ရှာလို့ မရတော့လို့ အတော့်ကို စိတ်ထိခိုက်မိတယ်။ ဒိုင်ယာရီစာအုပ်က အမှတ်တမဲ့ကြည့်ရင် သာမန်မှတ်စုစာအုပ်ကြမ်းနဲ့ ဘာမှမကွာဘဲကိုး။ မှားပြီး ပစ်တဲ့အထဲမှာ ပါသွားတယ်လို့ ထင်မိတယ်။ ထပ်တော့ ရှာကြည့်နေမိဦးမှာပါပဲ...

ဒီလိုနဲ့ ကမ္ဘောဒီးယားမှာလည်း ကျွန်တော် စာအုပ်တွေ ၀ယ်မြဲ၊ ၀ယ်နေဆဲ၊ စုမြဲ၊ စုနေဆဲ ပါပဲ။


(ကမ္ဘောဒီးယားက ကျွန်တော့်စာအုပ်များ)

ကမ္ဘောဒီးယားရောက်ပြီး နောက်ပိုင်း အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ ပိုများလာပါတယ်။ ၂၀၀၃ ၀န်းကျင်လောက် ကျွန်တော် ကမ္ဘောဒီးယား မသွားခင်က အင်္ဂလိပ်စာအုပ်ဆိုရင် အင်္ဂလိပ်စာ တိုးတက်ဖို့အတွက် ရေးတဲ့ English Learning စာအုပ်တွေသာ အဖတ်များပါတယ်။ မိဘဆွေမျိုးတွေက ကျွန်တော်တို့ကို အင်္ဂလိပ်စာ သိပ်တော်စေချင်တာကိုး။

အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် ကျွန်တော့်ရဲ့ အဖွားရင်းက အင်မတန် တော်တယ်လို့ သိရပါတယ်။ သူ့အချိန်အခါတုန်းက နိုင်ငံခြားသွား ပညာသင်ကြတာရှားလို့ အင်္ဂလန်မှာ ကျောင်းသွားတက်ခဲ့တဲ့ အဖွားကို ဘိလပ်ပြန်လို့တောင် တခမ်းတနား ခေါ်ရကြောင်း ပုံပြင်ဆန်ဆန် ကြားခဲ့ဖူးပါတယ်။၊ ဒါပေမယ့် သူ့ရဲ့ အင်္ဂလိပ်စာ အမွေတွေ ကျွန်တော်တို့မြေးတွေ ကောင်းကောင်း မရခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်မှာ အသက် ၇၅ နှစ်အရွယ်နဲ့ သူဆုံးခဲ့တော့ ကျွန်တော်ဆိုရင် ၁၀ နှစ်သားပဲ ရှိသေးတာကိုး။ အစ်ကိုဝမ်းကွဲက Journey ကို ဂျုံးနီး လို့အသံထွက်ရင်၊ ကျွန်တော် ကိုးတန်းကျောင်းသားဘ၀က tetanus (မေးခိုင်ရောဂါ) ကို တီတေးနပ် လို့ အသံထွက်ရင်၊ အမေက မင်းအဖွားသာရှိရင် အူတက်အောင်ရီမယ် ဒါမှမဟုတ် လဲသေလိမ့်မယ်လို့ ပြောဖူးတာတော့ မှတ်မိပါသေးတယ်။

အမေပြောဖူးလို့ အဖွား မကြာခဏ စာအုပ်ငှားဖတ်ဖူးတယ်ဆိုတဲ့ FMI နဲ့ မျက်နှာချင်းဆိုင်လောက်က သိင်္ဂီမော် စာအုပ်ဆိုင် (လမ်းနံပါတ်တော့ မမှတ်မိတော့ပါဘူး၊ ဆိုင်ပိုင်ရှင်ကတော့ ကုလားစပ်လို့ မှတ်မိပါတယ်) ကိုလည်း သွားခဲ့ဖူးပါတယ်။ ထင်သလောက်တော့ မကောင်းတော့ပါဘူး။ ကျွန်တော်တို့ခေတ်က USIS နဲ့ BC (British Council) ခေတ်ကိုး။ သိင်္ဂီမော်ကို သွားတော့၊ အမေတို့ ပြောလို့ ကြားဖူးနေတဲ့ Sidney Sheldon တို့၊ Jeffrey Archer တို့၊ Denielle Steel တို့ကို တော့ စဖတ်မိပြီး Sidney Sheldon ရဲ့ ၀တ္ထုအချို့ကိုတော့ ကြိုက်တတ်ခဲ့ပါပြီ။

နောက် နိုင်ငံတကာ သတင်းတွေ၊ (Documentary) သတင်းမှတ်တမ်းကားတွေ၊ ရုပ်ရှင်တွေကို သိပ်ကြိုက်တဲ့ ကျွန်တော်၊ အကြောင်းတိုက်ဆိုင်လို့ သတင်းတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ ကမ္ဘာ့နိုင်ငံကြီးတွေက စာအုပ်ဆိုင်ကြီးတွေ အကြောင်း သိရမြင်ရကြားရ တဲ့အခါတိုင်းလည်း သိပ်ကို အားကျမိပါတယ်။

ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချို့စာအုပ်အရောင်းဆိုင်တွေမှာ စာဖတ်သူတွေကို စိတ်ကြိုက်နားနေပြီး၊ ရွေးချယ်ဖတ်ရှုဖို့ လုပ်ပေးထားတာ၊ ၀ယ်ချင်လည်းဝယ်၊ မ၀ယ်ချင်လည်း ပြန်နိုင်တဲ့ ကောင်းမွန်တဲ့စနစ်တွေ၊ နောက် Book Cafe လေးတွေ လုပ်ပေးပြီး စာဖတ်သူတွေကို ဆွဲဆောင်တဲ့ အစီအစဉ်တွေကို သိပ်သဘောကျပေါ့။ အခုနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အချို့စာအုပ်ဆိုင်တွေက ကိုယ်လိုချင်တဲ့ စာအုပ်တွေ (ရှေးဟောင်းစာအုပ်တွေ အပါအ၀င်) ကို e-book ကနေ ဈေးသက်သက်သာသာနဲ့ မိနစ်ပိုင်းအတွင်း print out လုပ်ပေးနိုင်တဲ့အထိ တီထွင်ပြီး၊ အရောင်းမြှင့်တင်နေတဲ့ သတင်းကြားရတာ အားတက်စရာပါပဲ။ အစပိုင်းက amazon လောက်သာ ကြားဖူးတဲ့ ကျွန်တော်၊ နောက်ပိုင်းမှာတော့ အမေရိကားက အကြီးဆုံး စာအုပ်အရောင်းဆိုင်ဖြစ်တဲ့ Barnes & Noble စာအုပ်ဆိုင်တွေ အကြောင်း စသိလာပါတယ်။


(Wiki က ယူထားတဲ့ Barnes & Noble စာအုပ်ဆိုင် ဓါတ်ပုံ)

နောက်ပိုင်း မြန်မာပြည်၊ ပြင်ပ ဘယ်ကိုပဲရောက်ရောက် ကျွန်တော်မဖြစ်မနေ စူးစမ်းသွားလာတဲ့ နေရာတွေထဲမှာ စာအုပ်ဆိုင်တွေ ပါလာပါတော့တယ်။ ဥပမာ - ဘန်ကောက်ကို ရောက်တိုင်းလည်း အချိန်လုပြီး Kinokuniya နဲ့ Asia Books စာအုပ်ဆိုင်တွေကို အပြေး သွားစမြဲပါပဲ။ ဗီယက်နမ်၊ ဟိုချီမင်းစီးတီးမှာ ၂၀၀၅ လောက်က တွေ့ခဲ့ရတဲ့ စာအုပ်ဆိုင် အချို့ကလည်း မြန်မာနိုင်ငံထက်တော့ သာနေပါပြီ။ အိန္ဒိယ၊ နယူးဒေလီ ရောက်တုန်းက မွှေခဲ့တဲ့ စာအုပ်ဆိုင်တွေကတော့ ထင်သလောက်၊ ကြားရသလောက် ဈေးမသက်သာပါဘူး။ (အချိန် အကန့်အသတ်ကြောင့် ကျွန်တော်စုံအောင် မသွားနိုင်တာလည်း ပါပါလိမ့်မယ်။)

ကမ္ဘောဒီးယားအကြောင်း ပြန်ပြောရရင်၊ ဖနွမ်ပင်မှာတော့ အကောင်းဆုံးစာအုပ်ဆိုင်က Norodom လမ်းမကြီးပေါ်က Monument Books စာအုပ်ဆိုင်ပါပဲ။ သူကတော့ စာအုပ်အသစ်ဆိုင်ပါ။ ဈေးလည်း ကြီးပါတယ်။ ဘန်ကောက်က Kinokuniya စာအုပ်ဆိုင်လိုပါပဲ။ ဒါပေမယ့် ကမ္ဘောဒီးယားနဲ့ပတ်သက်တဲ့ စာအုပ်တွေစုံပြီး၊ အခြားစာအုပ်ကောင်းများစွာလည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတော့ မ၀ယ်နိုင်ဘဲ သွားသွားငေးရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။

ကမ္ဘောဒီးယားမှာ ကျွန်တော့်အတွက် အဆင်ပြေတဲ့၊ ကျွန်တော် ဗဟုသုတတွေ တိုးအောင် အထောက်အကူပြုခဲ့တဲ့ စာအုပ်ဆိုင် နှစ်ဆိုင်ရှိပါတယ်။ နှစ်ဆိုင်စလုံးက အဟောင်းဆိုင် (Used Books Shop) တွေပါ။

ပထမဆိုင်က ဖနွမ်ပင်၊ St. 240 က D’s Books ဖြစ်ပြီး၊ ဒုတိယဆိုင်က Riverside ဘုရင့်နန်းတော် (Royal Palace) နားက Bohr’s Books ပါပဲ။ ၀တ္ထုတွေ အများကြီးရှိသလို၊ အခြား ဘာသာရပ်ဆိုင်ရာ စာအုပ်ကောင်းတွေလည်း ရနိုင်ပါတယ်။ Bohr’s Books က ဆိုင်ရှင်ကိုယ်တိုင် ထိုင်တတ်တယ်၊ ဒီဗီဒီအခွေ အချို့ပါ တွဲရောင်းပြီး ဈေးပိုသက်သာပါတယ်။ ဈေးလျော့ခိုင်းလို့ ရပါတယ်။ D’s Books ကတော့ အရောင်းဝန်ထမ်းတွေသာ ရှိလို့ ဈေးသိပ်မလျော့တတ်ဘူး၊ အများကြီးဝယ်မှသာ စစ်လို့ရတယ်။ ဆိုင်ပိုင်ရှင်က ဘန်ကောက်မှာ အရင်ကနေခဲ့ဖူးတဲ့ အသက်ခပ်ငယ်ငယ် အဖြူကောင် (westerner တစ်ယောက်မို့ ကျွန်တော် အကြမ်းဖျင်း ခေါ်တာပါ) လို့ မှတ်မိပါတယ်။ နောက် နာမည် အတိအကျ မမှတ်မိတော့တဲ့ တပိုင်တနိုင် အင်္ဂလိပ်စာအုပ်တွေ ရောင်းတဲ့ အိမ်ဆိုင်လေးတွေ၊ Book Cafe တွေ ကမ္ဘောဒီးယား တစ်နိုင်ငံလုံးမှာ ကြိုကြားကြိုကြား ရှိတတ်ပါသေးတယ်။








(ကမ္ဘောဒီးယားနိုင်ငံက တပိုင်တနိုင် Book Cafe အိမ်ဆိုင်များ)

ကမ္ဘောဒီးယားက အဲဒီလို စာအုပ်ဆိုင်လေးတွေ အားလုံးမှာ စာအုပ်တွေကို စိမ်ပြေနပြေ ထိုင်ပြီး မြည်းစမ်းနိုင်အောင် သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံလေးတွေ ထားပေးထားတာ၊ ကြိုက်သလောက် အချိန်ယူနေနိုင်တာ၊ တစ်ချို့ဆိုင်တွေဆို အင်တာနက်ပါ တွဲထားပေးပြီး လိုသလိုသုံးနိုင်တာ စတဲ့ ကောင်းတဲ့အချက်တွေ သွားတွေ့ရပါတယ်။ ကိုယ့်မြန်မာနိုင်ငံထက် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေဆိုးတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာတောင် ဒီလို အခြေအနေကောင်းတွေ ဖန်တီး၊ တည်ရှိနေတာကို မြင်တော့ ကိုယ့်နိုင်ငံမှာလည်း ဒီလိုထွန်းကားစေချင်တာပေါ့ဗျာ။

အခု ဂျပန်နိုင်ငံမှာတော့ စိတ်ကြိုက်စာအုပ်ဆိုင်ရယ်လို့ ကောင်းကောင်း မတွေ့ပါဘူး။ ဈေးတွေက သိပ်ကြီးတာကိုး။ အကြမ်းအားဖြင့် အင်္ဂလိပ်စာအုပ် ၀ယ်ရတာ ခက်တယ်လို့လည်း ဆိုနိုင်ပါတယ်။ နာဂိုယာမှာတော့ Sakae က Maruzen ကို မကြာခဏ သွားဖြစ်ပါတယ်။ (၃) ထပ်မှာ အင်္ဂလိပ်စာအုပ် တွေကို ရောင်းပါတယ်။ ထိုင်ဖတ်လို့လည်းမရ၊ ၀ယ်ဖို့ကလည်း ဈေးတွေက amazon.com / amazon.co.jp တို့ထက်ကြီးတာမို့ ဘာစာအုပ်တွေ တင်ထားတယ်၊ ဘာစာအုပ်တွေ ထွက်နေတယ်ဆိုတာလောက်ပဲ အကြမ်းဖျင်း သွားကြည့်ဖြစ်ပြီး၊ လိုချင်တာကို online ကပဲ ၀ယ်တာ များပါတယ်။ ပိုလည်း တန်ပါတယ်။




(ဂျပန်က ကျွန်တော့် စာအုပ်များ)

တိုကျို Shinjuku နားက Kinokuniya စာအုပ်ဆိုင်တွေကိုတော့ မရောက်ဖြစ်သေးပါဘူး။ တိုကျိုရောက်တိုင်း ကျွန်တော် မဖြစ်မနေ သွားမွှေဖြစ်တဲ့ စာအုပ်ဆိုင်ကတော့ မြန်မာတွေ အနေများတယ်လို့ သိရတဲ့၊ မြန်မာဆိုင်တွေရှိတဲ့ Takadanobaba က Blue Parrot စာအုပ် အဟောင်းဆိုင်ပါပဲ။ ကံကောင်းရင် စာအုပ်ကောင်းတွေကို ဈေးအသင့်အတင့်နဲ့ ရနိုင်ပါတယ်။ ဆိုင်ရှင် ဂျပန်မကြီးက အင်္ဂလိပ်လို ပြောရတာ သဘောကျပြီး၊ ဈေးဆစ်လို့ရပါတယ်။ တစ်ခါတစ်လေ သူခန့်ထားတဲ့ အနောက်နိုင်ငံသူ ၀န်ထမ်းကောင်မလေးများကလည်း သူ့ကွယ်ရာမှာ သူ့ထက်ကို ဈေးပိုလျော့ ပေးတတ်ပါသေးတယ်။


(Blue Parrot စာအုပ်ဆိုင် အ၀င်ဝ)

တိုကျိုက နောက်တစ်ဆိုင်ကတော့ Ebisu က Good Day Books ဆိုင်ပါပဲ။ ဆိုင်က Blue Parrot ထက်ပိုကြီးပြီး၊ တစ်ချို့စာအုပ်တွေမှာ Blue Parrot ထက် ဈေးပိုသက်သာပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက် စာအုပ်တွေကတော့ Good Day Books မှာ သိပ်မရှိလို့ တစ်ခါတစ်လေ၊ အချိန်ပိုမှပဲ သွားဖြစ်ပါတယ်။


(Good Day Books စာအုပ်ဆိုင် အ၀င်ဝ)

မြန်မာနိုင်ငံမှာ ဆိုရင် ကျွန်တော့်တို့ ခေတ်မှာ မှတ်မှတ်ရရ၊ ၂၀၀၃ မတိုင်ခင်က USIS, BC ကလွဲရင် အင်းဝ စာအုပ်တိုက် တစ်ခုလောက်ပဲ အင်္ဂလိပ်စာအုပ်နဲ့ ပတ်သက်ရင် ရှိတာကိုး။ ၂၀၀၁-၂၀၀၂ ၀န်းကျင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ iCafe ဆိုပြီး အင်းဝက အင်္ဂလိပ်စာအုပ်၊ အင်တာနက်နဲ့ ကော်ဖီဆိုင် တွဲဖွင့်ခဲ့ဖူးလို့၊ ကျွန်တော်တောင် member လုပ်ခဲ့ပါသေးတယ်။ နောက်တော့လည်း ဘာကြောင့်မှန်းမသိ ပိတ်လိုက်တာ membership fees တောင် ပြန်မရပါဘူး။

အခုနောက်ပိုင်းတော့ ဆရာကြီးဦးသော်ကောင်းရဲ့သား ဒေါက်တာသန့်သော်ကောင်း ရဲ့ စာအုပ်ဆိုင်ပေါ်လာတာ၊ နောက် ကမ္ဘောဒီးယားမှာရှိတဲ့ Monument Books ကလည်း မြန်မာနိုင်ငံမှာ ဆိုင်ခွဲတွေ ဖွင့်လာပြီလို့သိရတာ အင်မတန် ၀မ်းမြောက်စရာပါပဲ။ နောက်မြို့ထဲမှာ member ၀င်ပြီး အင်္ဂလိပ်စာအုပ်တွေ ငှားလို့ရတဲ့ စာကြည့်တိုက်ငယ်တစ်ခု ဖွင့်ထားပြီလို့လဲ ကြားပါတယ်။ အဲဒီအကြောင်းတော့ သေသေချာချာ မသိသေးပါဘူး။ ဒါပေမယ့် ပြဿနာက ငွေကြေးမတတ်နိုင်တဲ့၊ USIS, BC တို့ကိုလည်း သွားဖို့ အလှမ်းမမီတဲ့ လူငယ်တွေ အတွက် စာဖတ်စရာ၊ ဗဟုသုတ ယူစရာ နေစရာတွေ ကောင်းကောင်း၊ ပေါပေါများများ မရှိသေးတာပါပဲ။

မကြာသေးခင်က ဦးကျော်သူ နဲ့ နာရေးကူညီမှုအသင်းက စာကြည့်တိုက်ထောင်တာ၊ နာရေးကူညီမှု အသင်းဝင် လူငယ်တွေကို စာအုပ်ဖတ်နိုင်အောင် စီစဉ်ပေးတာ ကြားသိရတော့ အတော်ကို သာဓုခေါ်မိပါတယ်ဗျာ။ ကျွန်တော့်တို့ နိုင်ငံမှာ ဒါမျိုးတွေ တကယ်လိုအပ်နေတာပါ။ မလိုအပ်တဲ့ ပကာသန အလှူတွေအစား လိုအပ်တဲ့ အလှူတွေ၊ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေဘက် ကျွန်တော်တို့တွေ လှည့်သင့်နေပါပြီ။

ဒီပို့စ်ကို အဆုံးသတ်ဖို့ အစက ပြန်ကောက်ရရင်...ကမ္ဘာပေါ်က လုပ်ငန်းကိစ္စတွေ ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်သေးသေး အောင်မြင်ဖို့ရာ စိတ်ကူစိတ်သန်းက စရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။

နိဒါန်းမှာ ဆိုခဲ့သလို ကျွန်တော့်ရဲ့ စိတ်ကူးကတော့ တပိုင်တနိုင် စာဖတ်ခန်းလေး ဒါမှမဟုတ် ကိုယ်ပိုင် စာကြည့်တိုက်လေးတစ်ခု တချိန်မှာ ဖြစ်မြောက်အောင် တည်ထောင်ချင်တာပါပဲ။

ကိုယ်ပိုင်ဆိုင်တဲ့၊ စုထားတဲ့ စာအုပ်တွေကို ကိုယ်တစ်ယောက်တည်း သိမ်းပြီး၊ ဖတ်နေမယ့်အစား share လုပ်နိုင်မယ်ဆိုရင်...

နောက်ပြီး ကျွန်တော် ငွေကြေး မတတ်နိုင်သေးလို့၊ တစ်နေရာရာမှာ ကြီးကြီးမားမား မလုပ်နိုင်သေးရင်တောင်၊ အိမ်မှာပဲဖြစ်ဖြစ် စလုပ် ဖြစ်နိုင်မယ်ဆိုရင်...

ကျွန်တော် စုဆောင်းထားတဲ့ အင်္ဂလိပ်၊ မြန်မာ စာအုပ်တွေ၊ အကျိုးရှိ ဗဟုသုတရမယ့် documentary တွေ၊ ရုပ်ရှင် ဒီဗီဒီ တွေကို အစီအရီထားလို့၊ Air-con၊ အင်တာနက်၊ Audio/ Video facilities တွေအပါအ၀င် သက်တောင့်သက်သာ ထိုင်နိုင်၊ အိပ်ဖတ်နိုင်မယ့် နေရာလေးတွေနဲ့ လူငယ်တွေ၊ စိတ်ဝင်စားသူတွေ အတွက် တပိုင်တနိုင် စာဖတ်ခန်းလေးတစ်ခု မကြာတော့မယ့် တချိန်မှာ လုပ်နိုင်ခဲ့မယ်ဆိုရင်...

12 comments:

  1. စာဖတ်ဝါသနာပါသူတစ်ယောက်အတွက်တော့ အလွန်စိတ်သ၀င်စားစရာကောင်းတဲ့ ပို့စ်လေးပါပဲရှင်။ book cafe လေးတွေအကြောင်းမျှဝေပေးတာလဲ ကျေးဇူးတင်ပါတယ်။ကိုလုံးတုံးရဲ့ စိတ်ကူးကိုလည်း သဘောကျမိပါတယ်။ အကောင်အထည်ပေါ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ ကျွန်မကတော့ ကိုယ်စုထားတဲ့စာအုပ်တွေကို ငှားလိုက်ရမှာသိပ်နှမြောတယ်။ စည်းကမ်းမရှိတဲ့သူတွေနဲ့ပဲကြုံဖူးလို့လားမသိဘူး။ :P

    ReplyDelete
  2. ကျွန်တော်ကျတော့ အဖတ်ထက် အစုကို ပိုပြီး သဘောကျသလားလို့.. စာတော့ သိပ်မဖတ်နိုင်ဘူးရယ်။ ဖတ်ပြီးရင် မေ့တတ်လွန်းတယ်။ စာအုပ်တွေ ၀ယ်ရတာ အရမ်းဝါသနာပါတယ်။ ဖတ်ဖတ်မဖတ်ဖတ် စာအုပ်စင် မြင်နေရရင်ကို ကြည်နူးတာ။ မြန်မာပြည်က အိမ်မှာလည်း ရတန်းကျောင်းသားဘ၀ကတည်းက စာအုပ်တွေ ၀ယ်စုတာ ဘီရိုတစ်လုံးစာလောက်ရတယ်။ အခုလည်း စကာင်္ပူမှာ ၀ယ်တာ စာအုပ်စင်လေးနှစ်စင်စာ ရနေပီ။ ဒါပေမယ့်တစ်ခုဆိုးတာက အပြောင်းအရွှေ့ဆို အတော့်ကို ကတီကလင်နိုင်လှတယ်။ ကျွန်တော့်စိတ်ကူးအိမ်လေးမှာ စာအုပ်စင်ရယ်၊ Walk-in wardrobe မှာ အ၀တ်အစားတွေ အပြည့်ရယ်ဆို လုံလောက်ပါပီ.. ဟီး

    ReplyDelete
  3. ကျနော်ကျတော့ စုတာထက်ဖတ်တာဝါသနာပါတယ်။တွေ့သမျှဖတ်ချင်တယ်။ ဘာမှလုပ်စရာမရှိရင်စာအုပ်ဖတ်နေတာများတယ်။ စာဖတ်တော့ ဗဟုသုတစုံတယ်။စုံတော့ စကားကြီးစကားကျယ်ပြောနိုင်တယ်။ တခါ့တလေလည်းငြင်းလို့ရတာပေါ့။ ငြ်းလို့ခွင့်မပေးတဲ့သူနဲ့တွေ့ရင်တော့လဲ နောင်သူဘာပြောပြော ဝ်ေင်ဝေါင်ရှေးပေါ့..။

    မြတ်နိုး

    ReplyDelete
  4. I love books too.
    Thanks for linking my blog.
    Wishing your dream may come true!

    ReplyDelete
  5. ဟုတ်တယ်ဗျာ..စာအုပ် စင်တွေ အကြောင်းဖတ်ရတာ အတော်စိတ်ဝင်စား
    စရာပါ...ကျွန်တော်လဲ စာအုပ်ကြိုက်၏...

    ReplyDelete
  6. ကိုသက်ပိုင်သူဆီက တဆင့်လာဖတ်တာပါ။အားပေးတယ်အကို။ တနေ့ဖြစ်ကိုဖြစ်လာမှာပါ။ တခြားစာတွေလည်း ဖတ်သွားပါဦးမယ်။

    ReplyDelete
  7. ၀ါသနာတူချင်းတွေ့ ရလို့ အရမ်းဝမ်းသာတယ်ဗျာ..ဒါပေမဲ့ ကျွန်တော် အကို့ လောက် စာအုပ်ဝယ်မစုနိင်သေးဘူးဗျ
    အကိုပြောတဲ့ စာအုပ်ဆိုင်လေးကိုရောက်အောင်သွားကြည့်ပါဦးမယ်
    တိုကျိုနဲ့ လည်းတော်တော်ဝေးတော့တစ်ခေါက်တစ်ခေါက်ကိုမနည်းရောက်အောင်သွား၇တယ် အကိုရေ...လင်ခ့်ယူသွားတယ်ဗျ..ခွင့်ပြုပါါနော် ဆိုက်မှာချိတ်ထားချင်လို့ ဗျာ

    ReplyDelete
  8. ဏီလင်းညိုJune 9, 2010 at 6:44 AM

    ကိုလုံးတုံး......

    အချေးအငှားဝါသနာပါလို့......
    မိုးမိုး(အင်းလျား) နဲ့ နုနုရည်(အင်းဝ) လေးများရှိရင်.....တစ်အုပ်စီလောက်လုပ်ပါဦး........း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  9. Bravo! A good post and it gives me many thoughts. I like this post. Thank you so much for this post. Be happy!

    ReplyDelete
  10. 私も本は大好きです。でもあまり集めてないです。お兄ちゃんの本を見て羨ましいですねー。

    ReplyDelete
  11. ငသော်လည်း စာဖတ်ရတာ အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် သိပ်မစုနိုင်ပါ။ ကိုယ်ပိုင်စာအုပ်စင်လေး လုပ်ချင်တာ ငယ်ငယ်ထဲက အိမ်မက်ပါ။ အကို့စာအုပ်တွေကို သားရေကျသွားပါတယ်။ စာအုပ်နဲ့ပက်သက်တဲ့ စိတ်ကူးလေးကိုလည်း နှစ်သက်မိပါတယ်။ အကောင်အထည်ဖော်နိုင်ပါစေ။ လေးစားအားကျလျက်

    ReplyDelete
  12. အိမ်မှာလဲအမေ့ကိုစာဖတ်ခန်းလုပ်ပေးဖို့ပူဆာနေတာနှစ်လလောက်ရှိပြီ။ခုထက်ထိ
    အရိပ်တောင်မမြင်ရသေးဘူး..အဟိ။ဒါပေမယ့်မလျှော့သောဇွဲနဲ့ပူဆာနေတုန်းပဲ။ကိုယ်တွေဘ၀ကသူတို့လုပ်ပေးမှဖြစ်မှာလေ။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။