Friday, January 22, 2010

Junior High School သို့ အလည် တစ်ခေါက်

ဒီနေ့ နာဂိုယာမှာရှိတဲ့ (၇) တန်း ကနေ (၉) တန်း အထိ သင်တဲ့ Junior High School ကို Volunteer အဖြစ် အတန်းဖော်သူငယ်ချင်းများနဲ့ လိုက်သွားဖြစ်ပါတယ်။ သွားရတဲ့အကြောင်းကတော့ Junior High School ကျောင်းသူကျောင်းသားတွေရဲ့ Presentation တွေကို နားထောင်ပြီး မှတ်ချက်ပေးဖို့၊ ကိုယ့်နိုင်ငံအကြောင်း သူတို့သိချင်တာ၊ မသိသေးတာတွေကို ရှင်းပြပေးဖို့ပါ။

ဂျပန်နိုင်ငံမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေက ဂျပန်နိုင်ငံရောက် နိုင်ငံတကာကျောင်းသားတွေကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာ နိုင်ငံများအကြောင်း ၄င်းတို့ကျောင်းသူကျောင်းသားများကို မိတ်ဆက်၊ ရှင်းပြစေတဲ့ အစီအစဉ်တွေ ဒီမှာ ခေတ်စားပါတယ်။ အချို့ အစီအစဉ်များဟာ Volunteer သက်သက်ဖြစ်ပေမယ့်၊ အချို့ အစီအစဉ်များကတော့ သွားရတဲ့ခရီးအကွာအဝေး ပေါ် မူတည်ပြီး ခရီးစရိတ်အနေနဲ့ ချီးမြှင့်ငွေ ယန်း ၃၀၀၀ ကနေ ယန်း ၅၀၀၀ လောက်အထိ ပေးပါတယ်။ ဒီလိုအစီအစဉ်တွေကို သတိပြုမိနေတာ ကြာပေမယ့် ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မပါဝင်ခဲ့ဖူးသေးပါဘူး။

ကျွန်တော့်ကိုလည်း ဒီလိုခပ်ဆင်ဆင်တူတဲ့ အစီအစဉ်များမှာ ပါဝင်ဖို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ဌာနက အတန်းဖော် ဂျပန်သူငယ်ချင်းများက ပြီးခဲ့တဲ့ သြဂုတ်လလောက် ကတည်းက ခေါ်နေခဲ့ပါတယ်။ သူတို့တွေက ဌာနက ဖွဲ့စည်းထားတဲ့ EIUP လို့ ခေါ်တဲ့ (Education for International Understanding Program) က အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ စီစဉ်တဲ့ နေ့ရက်တိုင်းမှာ ကိုယ်ယူထားတဲ့ အတန်းတစ်ခုခု ရှိနေတာကြောင့် လိုက်သွားဖို့ တစ်ခါမှ အဆင်မပြေခဲ့ပါဘူး။ အားတဲ့အချိန်နဲ့တိုက်ဆိုင်ရင်တော့ သွားမယ်လို့တော့ သူငယ်ချင်းကို ပြောခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း သူငယ်ချင်းက ၂၀၁၀၊ ဇန်န၀ါရီလလောက်မှာ လုပ်မယ့်အစီအစဉ်မှာပါဖို့ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၂) လ၊ (၃) လ ခန့်က စ ပြောလာပါတယ်။ ကျွန်တော့်ကတော့ အခု semester မှာ တက်ရတဲ့ အတန်းတွေ၊ စာတွေနဲ့ ပိနေတာကြောင့်၊ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး စိတ်မပါတော့ဘူး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ် လောက်က သူငယ်ချင်းက ထပ်ပြောတော့လည်း အဖြေအတိအကျ မပေးခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သွားဖို့အတွက် အချိန်ကို မပေးနိုင်၊ မပေးချင်ဘူး ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ (၂) ပတ်လောက်မှာတော့ သူက အတင်းအကျပ်ကို လိုက်ဖို့ပြောလို့ စိတ်မပါဘဲ သဘောတူခဲ့ရပါတယ်။ (စကားချပ်) သူငယ်ချင်းက ချောတဲ့ ဂျပန်မလေး ဖြစ်နေလို့ပါ :P

ဒီလိုနဲ့ ဒီနေ့တော့ ရှောင်လို့မရတဲ့ ဒီအစီအစဉ်ကို လိုက်ဖို့ ကျွန်တော်တို့တွေ ၁၂ နာရီမှာ စုရပ်မှာ ဆုံကြပါတယ်။ သွားရမယ့်ကျောင်းက ကျွန်တော်တို့ တက္ကသိုလ်နဲ့ လမ်းလျှောက်သွားရင် မိနစ် (၂၀) လောက်ပဲကြာမှာမို့ အားလုံး တပျော်တပါး လမ်းလျှောက်သွားကြပါတယ်။ နေ့လည်စာ မစားရသေးတာကြောင့် ဦးဆောင်တဲ့ ကျွန်တော့်သူငယ်ချင်းမလေးက အားလုံးကို Onigiri (ဂျပန်ထမင်းလုံး) ၀ယ်ကျွေးပါတယ်။


ဒီတစ်ခေါက်သွားကြတဲ့ Volunteer တွေကတော့ ကျွန်တော်အပါအ၀င် ဟန်ဂေရီ၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မွန်ဂိုလီးယား ကျောင်းသားကျောင်းသူများနဲ့ ကျွန်တော့်တို့ တစ်ဦးချင်းအတွက် ဘာသာပြန်ပေးမယ့် ဂျပန်အတန်းဖော်တွေပဲ ဖြစ်ပါတယ်။


(Junior High School, Nagoya, Japan)


ကျောင်းရောက်တော့ ကျောင်းအုပ်ကြီးနဲ့ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ကို ဂျပန်ထုံးစံ ရေနွေးကြမ်း၊ မုန့် တို့နဲ့ ဧည့်ခံပြီး၊ ကျောင်းအကြောင်း အနည်းငယ်ရှင်းပြပါတယ်။ အခုကျောင်းမှာ ကျောင်းသားကျောင်းသူ (၆၀၀) ခန့်ရှိကြောင်း၊ ပညာရေးဆိုင်ရာ စည်းမျဉ်းအသစ်အရ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား (၃၀) ခန့်သာ ထားတော့ကြောင်း နဲ့ သူငယ်ချင်းရဲ့ ရှင်းပြချက်အရ ဂျပန်နိုင်ငံရဲ့ ကျောင်းများမှာ အခုနောက်ပိုင်း English နဲ့ပတ်သက်လို့ Native Speaker တစ်ယောက် (သို့) နှစ်ယောက် ခန့်ပါ ရှိနေပြီ ဖြစ်ကြောင်းကို သိရပါတယ်။

နောက် ကျွန်တော်တို့တွေရဲ့ ငယ်စဉ်ကျောင်းသားဘ၀ကို မေးတော့ ပါကစ္စတန်က သူငယ်ချင်းဖြေတာ ဗဟုသုတရဖွယ်ပါ။ သူငယ်ချင်းက ပါကစ္စတန်နိုင်ငံ၊ တရားရေးနယ်ပယ်မှာ ရာထူးတာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခဲ့တဲ့၊ ဗဟုသုတကြွယ်ဝတဲ့ လူလတ်ပိုင်းတစ်ဦးပါ။ သူက သူငယ်စဉ်က အမိုးအကာမရှိ သစ်ပင်အောက်မှာ လူ (၄၀၊ ၅၀) နဲ့အတူ ၀ိုင်းထိုင်၊ စာသင်ရင်း သူ့ဘ၀ကို ကျော်ဖြတ်လာကြောင်း ရှင်းပြပါတယ်။ ဘ၀မှာ ကိုယ့်ထက် ကြမ်းတမ်းခက်ခဲတဲ့ ခရီးကို ကျော်ဖြတ်ပြီး၊ အောင်မြင်နေသူတွေ အများကြီးရှိနေသေးတာ ဆင်ခြင်စရာပါပဲ။

အဲဒီနောက် ဒီနေ့အစီအစဉ်နဲ့ သက်ဆိုင်တဲ့အတန်းများက ကျောင်းသားကျောင်းသူတွေက ဆိုင်ရာနိုင်ငံများအကြောင်းကို လေ့လာထားပြီးဖြစ်ကြောင်း၊ ၄င်းတို့တွေက သူတို့လေ့လာထားတဲ့ အကြောင်းအရာတွေကို စာ၊ ပန်းချီ၊ ဓါတ်ပုံတွေနဲ့ ကျွန်တော်တို့ တွေကို ရှင်းလင်းပြီး Presentation လုပ်မှာဖြစ်ကြောင်း နဲ့ ကျွန်တော်တို့တွေက ကျောင်းသားလေးတွေရဲ့ ရှင်းလင်းတင်ပြချက်တွေ အပေါ်မှာ မှတ်ချက်ပေး၊ အမှားပြင်ပေး၊ မသိတာ ရှင်းလင်းပြောကြားပေးဖို့ ကျောင်းက မေတ္တာရပ်ခံပါတယ်။ နိုင်ငံခြားသား ကျောင်းသားတစ်ဦးစီက အတန်းတစ်ခုစီကို တာဝန်ယူ၊ ပါဝင်ရမှာဖြစ်လို့ ကျွန်တော်တို့တွေ ကိုယ်အုပ်စုနဲ့ကိုယ် ဆိုင်ရာအတန်းရှိရာကို ထွက်လာခဲ့ပါတယ်။


School Corridor

အတန်းပိုင်ဆရာ၊ ဘာသာပြန်ပေးမယ့် သူငယ်ချင်း နဲ့ ကျွန်တော်တို့တွေ အခန်းထဲ ၀င်တဲ့အခါမှာ စူးစမ်းပြီး ၀ိုင်းကြည့်ကြတာကတော့ လန့်ချင်စရာပါပဲ။ ဆရာက အတန်းနဲ့ကျွန်တော့်ကို စတင် မိတ်ဆက်ပေးပြီးတော့ ကျွန်တော်လည်း ကိုယ့်အကြောင်း အနည်းငယ် ပြောပြီး ထပ် မိတ်ဆက်ရပါတယ်။ အဲဒီနောက်တော့ ကျောင်းသားကျောင်းသူလေးတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ Presentation စတင်ပါတော့တယ်။ သူတို့လေးတွေကို တစ်ဖွဲ့မှာ ၄၊ ၅ ဦးခန့်နဲ့ အဖွဲ့ (၆) ခွဲထားတာပါ။ တစ်ဖွဲ့ချင်းစီက မတူတဲ့ အကြောင်းအရာတွေကို ဂျပန်လို ကျွန်တော့်ကို ရှင်းလင်းပြောပြကြပါတယ်။

ကျွန်တော်မှတ်မိသလောက် ပြန်ပြောရရင် ပထမအဖွဲ့က ရွှေတိဂုံဘုရားအကြောင်းကို ကျိုတိုမှာ ရှိတဲ့ ဂျပန်နိုင်ငံက အမြင့်ဆုံး Toji Temple နဲ့ နှိုင်းယှဉ်ပြီး သမိုင်းကြောင်းနဲ့တကွ ပြည့်ပြည့်စုံစုံ ပြောသွားပါတယ်။ (၅ ဆင့်ရှိတဲ့ Toji Temple ဟာ ၅၇ မီတာ (ပေ ၁၈၀) ရှိပြီး၊ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ဂျပန်နိုင်ငံက အမြင့်ဆုံး Temple ဖြစ်ပါတယ်။


Toji Temple, Kyoto (ကျွန်တော် ကျိုတိုသွားတုန်းက ရိုက်ခဲ့တဲ့ပုံပါ။)

နောက်ပုဂံ အကြောင်း။ ဒုတိယအဖွဲ့ က ရှင်ပြု နဲ့ မင်္ဂဆောင်အကြောင်း။ ရှင်ပြု အကြောင်း ပြောတုန်းက မောင်ရင်လောင်းကို မြေကြီးနဲ့မထိအောင် ထမ်းပိုးကြပုံ၊ ရှင်လောင်းလှည့်ပုံ၊ ခေါင်းရိတ်တာကအစ အသေးစိတ်ပြောသွားပြန်ပါတယ်။ တတိယအဖွဲ့က မြန်မာစီးပွားရေး နဲ့ လုပ်ငန်းတွေအကြောင်း၊ နောက်မြန်မာနိုင်ငံက ဂျပန်နိုင်ငံက ကားဟောင်းတွေ တင်သွင်းတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံက ဈေးအလွန်မြင့်တဲ့ကားဈေးနှုန်းအကြောင်းတွေကို ဓါတ်ပုံနဲ့တကွ ပြောပါတယ်။ ၄ဖွဲ့မြောက် ကျောင်းသားတွေကတော့ အားကစားအကြောင်း။ မြန်မာ့လက်ဝှေ့၊ ခြင်းလုံး နဲ့ အခုနောက်ဆုံး Pro Football Club တွေ အကြောင်းကအစ ပြောနိုင်ကြပါတယ်။ ၅ဖွဲ့မြောက်အုပ်စုက မြန်မာစာလုံးများကို ကိုယ်တိုင်ရေးထားပြီး၊ မြန်မာ့ဂီတ၊ စောင်းအပါအ၀င် ရိုးရာတူရိယာတွေ နဲ့ ခေတ်ပေါ်နာမည်ကြီးအဆိုတော်အဖွဲ့တွေ အကြောင်း။ နောက်ကျွန်တော်သဘောကျမိတာကတော့ သူတို့ရဲ့ မြန်မာသီချင်းတွေနဲ့ ပတ်သက်တဲ့မှတ်ချက်ပါပဲ။ သူတို့တွေက မြန်မာတွေက အများသောအားဖြင့် သီချင်းတွေကို ကိုယ်ပိုင်မစပ်ဘဲ ကော်ပီတွေဆိုကြကြောင်း၊ အနောက်တိုင်း၊ အဓိကအနေနဲ့ အမေရိကန်သီချင်းတွေကို ကော်ပီလုပ်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ နောက်ဆုံးအဖွဲ့ကတော့ မြန်မာ့အစားအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီး နဲ့ မြန်မာဘီယာ ပါမကျန် ရွတ်ပြကြလို့ ကျွန်တော်တောင် တော်တော်လေးကို ဗိုက်ဆာသွားပါတယ်။ အစားအသောက်တွေရဲ့ မြန်မာနိုင်ငံက လက်ရှိဈေးနှုန်းတွေကိုလည်း ဂျပန်နိုင်ငံက ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်တင်ပြသွားပါတယ်။





သူတို့လေးတွေရဲ့ မြန်မာအကြောင်း Presentation တွေကို နားထောင်ပြီးတဲ့နောက် ကျွန်တော့်မှာ ခံစားမှုတွေ အတော်စုံသွားပါတယ်။

ဦးဆုံးကတော့ နိုင်ငံရပ်ခြားမှာ နိုင်ငံခြားသားကလေးတွေ ကိုယ့်နိုင်ငံအကြောင်းကို တခမ်းတနား ရှင်းပြတာ နားထောင်ရလို့ ဂုဏ်ယူမိတာပါပဲ။ နောက်အချက်က ဒီ အသက် (၁၃၊ ၁၄) နှစ်အရွယ် ကလေးတွေက မြန်မာနိုင်ငံအကြောင်းကို ကျွန်တော်အပေါ်မှာ ရေးပြခဲ့တာတွေအပါအ၀င် သီတင်းကျွတ် မီးထွန်းပွဲ၊ ဗုဒ္ဓအကြောင်းပါမကျန် အကြောင်းအရာစုံ ကို တကယ့်ကို နှံနှံစပ်စပ် ပြောဆိုရှင်းပြနိုင်လို့ပါပဲ။ မြန်မာအသံထွက်တွေဖြစ်တဲ့ ခြင်းလုံး၊ မုန့်ဟင်းခါး၊ နန်းကြီး၊ အုန်းနို့ခေါက်ဆွဲ စတာတွေကိုလည်း ပီပီသသ ထွက်နိုင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် Powerpoint မသုံးတာကလွဲလို့ သူတို့အရွယ်နဲ့ သူတို့ တင်ပြသွားတာဟာ တချို့သော ဘွဲ့ကြို၊ ဘွဲ့လွန်တက်ကျောင်းသားတွေထက် သာတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ပြောသွားတဲ့အထဲမှာ ကိုယ်မသိတာလည်း ပါရဲ့။ နောက်တစ်ခု ချီးကျူးမိတာကတော့ သူတို့ရဲ့ Presentation တိုင်းရဲ့အဆုံးမှာ မေးခွန်း (သို့) comments တစ်ခုခု ပါစမြဲပါ။ ဆရာတိုက်တွန်းတာကြောင့်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ် ဒီလို imaginative ဖြစ်တာဟာ အင်မတန်ကောင်းတဲ့ အလေ့အကျင့်ပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက ဒါရေး၊ ဒါကျက် စနစ်ကြောင့် အခုအရွယ်အထိ မေးခွန်းမေးပါ၊ comments ပေးပါဆိုရင် လွယ်လွယ်ကူကူနဲ့ ထွက်မလာသေးပါဘူး။ imaginative ဖြစ်ဖို့ အတော့်ကို ကြိုးစားနေရတုန်းပါ။ ကလေးတွေရဲ့ Presentation တွေ အားလုံးအပြီး၊ Q&A section လာပါတယ်။ ကျွန်တော့်ကို သိချင်တဲ့မေးခွန်းများ မေးဖို့ အတန်းပိုင်ဆရာပြောတော့ လက်ထောင်ကြတာ ကျောင်းသားတ၀က်နီးပါးလောက်ပါပဲ။ လယ်ယာစိုက်ပျိုးရေး ကစလို့၊ လက်ဝှေ့ထိုးဖူးသလား၊ မြန်မာနိုင်ငံမှာ ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေများတာလဲ၊ နောက်ကျောင်းသူတစ်ယောက်ကတော့ အိုးစည်၊ ဗုံ တွေကို တိရစ္ဆာန်သားရေတွေနဲ့ လုပ်တယ်ကြားဖူးလို့၊ ဘယ်အကောင်ရဲ့ သားရေနဲ့လုပ်တာလဲ ကအဆုံး စေ့စေ့စပ်စပ် မေးကြပါတယ်။ ကျွန်တော်လည်း မေးသမျှကို မဖြေနိုင်ပါဘူး။ မသိတာကို မသိဘူးသာ ရိုးသားစွာ ၀န်ခံခဲ့ရပါတယ်။

နောက်ဆုံး ကျွန်တော့်ဘက်ကလည်း အသင့်ပြင်ဆင်ထားတဲ့၊ ဓါတ်ပုံများများပါတဲ့ မြန်မာ Country Profile Presentation ကို သူတို့လေးတွေ လုပ်ခဲ့တဲ့ Presentation နဲ့ တိုက်ဆိုင်ရှင်းပြခဲ့လို့ သူတို့တွေ အတော်စိတ်လှုပ်ရှား၊ ၀မ်းသာကြပါတယ်။ ဥပမာ လိုရင်းပြောရရင်၊ ရွှေတိဂုံဘုရားအကြောင်း Present လုပ်သူက ရွှေတိဂုံဘုရားပုံပြပြီး ကျွန်တော်က ပြန်ရှင်းပြလို့ပျော်၊ ရှင်ပြု အကြောင်းပြောသူက ကိုရင်လေးတွေ ဓါတ်ပုံမြင်ရလို့ပျော်၊ နောက် မင်္ဂလာဆောင်အကြောင်း ပြောသူကလည်း မြန်မာမင်္ဂလာဆောင်ပုံတွေ တွေ့ရလို့၊ ခြင်းလုံးသမားကလည်း ခြင်းလုံးပုံ မြင်ရလို့ ၀မ်းသာနဲ့ပေါ့။

နောက်ကြုံတုန်းပြောရရင် ဂျပန်မှာလုပ်တဲ့ ကျွန်တော့်ရဲ့ Presentation တွေမှာ မြန်မာအက္ခရာ နဲ့ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးဓါတ်ပုံတွေ ပြရင် ကြည့်ရှုသူတွေ အတော်စိတ်ဝင်စားကြပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်တော့ မြန်မာငွေကြေးပေါ်မှာ ဘာကြောင့် အကောင်ပုံတွေ ဖော်ပြရတာလဲဆိုတဲ့ မေးခွန်းကတော့ မကြာခဏ အမေးခံရပြီး၊ အဖြေရ ကြပ်စေပါတယ်။ :) ကျွန်တော်က မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကို ဓါတ်ပုံနဲ့အတူ ရှင်းပြတော့လည်း အတန်းပိုင်ဆရာအပါအ၀င် သူတို့လေးတွေ အတော်စိတ်ဝင်စားကြပါတယ်။ နောက် break တိုင်းမှာ ကျွန်တော့်ကို အမှတ်တရ လက်မှတ်တွေ ၀ိုင်းထိုင်းခိုင်းကြလို့ ဘယ်ကနေဘယ်လို celebrity ဖြစ်မှန်းမသိ ဖြစ်သွားပါသေးတယ်။

နောက်ဆုံးအစီအစဉ်အနေနဲ့ ကျွန်တော့်ရဲ့ အချိန်တို Powerpoint ဓါတ်ပုံပြရင်း ကုန်ဆုံးခဲ့တဲ့ ဒီနေ့ Volunteer အစီအစဉ်ဟာ ကျွန်တော်ရော၊ သူတို့လေးတွေပါ တစ်ကယ့်ကို အမှတ်တရ ဖြစ်နေမှာပါ။ ယေဘုယျသုံးသပ်ရရင် ဒီလိုအစီအစဉ်တွေဟာ ဂျပန်ကျောင်းသားလူငယ်တွေရဲ့ ဗဟုသုတ၊ အတွေးအခေါ် ကို တိုးတက်စေရုံသာမကဘဲ သူတို့ကို အပြုသဘောဆောင်တဲ့ စေ့ဆော်မှု motivation ဖြစ်စေမယ်လို့လည်း ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်ဘက်က ကျောင်းသားလေးတွေ နဲ့ အတန်းပိုင်ဆရာကို ပြန်မေးခဲ့တာကတော့ ဒီလိုကောင်းမွန်ပြည့်စုံတဲ့ Presentation တွေလုပ်နိုင်ဖို့ သူတို့တွေ အချိန်ဘယ်လောက်ယူခဲ့ရသလဲဆိုတာကိုပါ။ သိရှိခဲ့တဲ့အဖြေကတော့ ကျောင်းသူကျောင်းသားလေးတွေကို စာသင်နှစ် ပထမနှစ်ဝက်မှာ ဂျပန်အကြောင်းလေ့လာခိုင်းတယ်၊ ဒုတိယနှစ်ဝက်မှာ သက်ဆိုင်ရာ သူတို့Present လုပ်မယ့် နိုင်ငံကို comparative study သဘောနဲ့ ဂျပန်နိုင်ငံနဲ့ နှိုင်းယှဉ်လေ့လာစေတယ်လို့ ဆိုပါတယ်။

သူတို့လေးတွေဆီက မြန်မာနိုင်ငံအကြောင်းလေ့လာရင်းနဲ့ မြန်မာနိုင်ငံကို သွားချင်လာတယ်ဆိုတဲ့စကားတွေ၊ ကျွန်တော်ဖြည့်စွက် ရှင်းလင်းပြသခဲ့တဲ့ Presentation ကြောင့် သူတို့ မြန်မာနိုင်ငံကို ပိုစိတ်ဝင်စားလာတယ်ဆိုတာတွေ ကြားရလို့ ကျွန်တော်မအားတဲ့ကြားထဲက အချိန်ပေးရကျိုးနပ်တယ်လို့ ၀မ်းမြောက်စွာ ယူဆမိပါတယ်။ နောက် ကျွန်တော်ပြန်ခါနီး အခန်းထဲက ထွက်ဖို့ပြင်တော့ တညီတညွတ်တည်း မြန်မာလို ၀ိုင်းနှုတ်ဆက်ကြတဲ့
နောက်ပြန်ဆုံကြသေးတာပေါ့
ဆိုတဲ့စကားသံများကို ကြားယောင်ရင်း ဒီပို့စ်လေးကို ဒီနေ့တွေ့ခဲ့ရတဲ့ Junior High School က ဂျပန်ကျောင်းသူကျောင်းသားများအတွက် မှတ်တမ်းတင်ရေးလိုက်ရပါကြောင်း။

6 comments:

  1.ွှThanks for Nice Sharing.
    ဂျပန်က အထက်တန်းကျောင်းသားလေးတွေ မြန်မာနိုင်ငံအကြောင်း presentation လုပ်တယ်ဆိုတာသိရလို့ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ နောက်ထပ်လာဖတ်ပါအုံးမယ်။

    ReplyDelete
  2. wow! good experience.


    momiji

    ReplyDelete
  3. ဒီလိုမျိုးပြည့်စုံစွာနဲ့ရေးပြထားတာရော.မြန်မာအကြောင်းကိုပြည့်စုံအောင်သိနေတာကိုသိရလို့ bloggerကြီးကိုကျေးဇူးတင်တယ်။နောက်ထပ်ဖတ်ဖို့လည်းမျှော်လင့်နေပါတယ်။

    ReplyDelete
  4. မြန်မာရဲ့အကြောင်းသူတို့လေးတွေနှံစပ်စွာသိနေတာကိုသိရလို့ကျေနပ်မိတယ်။

    ReplyDelete
  5. ကူးလွေ့April 27, 2010 at 2:04 AM

    ဟို ကြည့် ဒီကြည့်နဲ့ ရောက်လာ ခဲ့ပါတယ်။ ဗဟုသုတဖြစ် စရာ ပို့စ်တွေဖြစ်တာကြောင့် အချိန်ယူပြီး ဖတ်သွားပါတယ် ခင်ဗျာ။ ကလေးတွေရဲ့ လေ့လာမှု က ချီးကျူး ဖွယ်ပါပဲ။ အနီးကပ်မေးခွန်း တို့၊ ခန့်မှန်းတို့နဲ့ လုံးထွေးခဲ့တဲ့ ငယ်ဘဝ ကို ပြန်သတိရမိတယ်။

    ReplyDelete
  6. ဟီး“သူငယ်ချင်းက ချောတဲ့ ဂျပန်မလေး ဖြစ်နေလို့ပါ :P” ထင်တော့ထင်သား။ နောက်တာပါ။ စိတ်မဆိုးပါနဲ့ အကိုလုံး။
    “ဘ၀မှာ ကိုယ့်ထက် ကြမ်းတမ်းခက်ခဲတဲ့ ခရီးကို ကျော်ဖြတ်ပြီး၊ အောင်မြင်နေသူတွေ အများကြီးရှိနေသေးတာ ဆင်ခြင်စရာပါပဲ။
    “ ဟုတ်တယ်နော်။ တခါတလေ ကိုယ့်ဘဝကိုယ်ဆိုးလှပြီထင်တာ။
    ကိုယ့်ထက်ဆိုးပြီး ကြံ့ကြံ့ခံနိုင်တဲ့လူတွေ တွေ့တော့ ကိုယ်ညည်းညူမိတာကို ရှက်မိပါရဲ့။
    “ကျွန်တော့်မှာ ခံစားမှုတွေ အတော်စုံသွားပါတယ်။

    ဦးဆုံးကတော့ နိုင်ငံရပ်ခြားမှာ နိုင်ငံခြားသားကလေးတွေ ကိုယ့်နိုင်ငံအကြောင်းကို တခမ်းတနား ရှင်းပြတာ နားထောင်ရလို့ ဂုဏ်ယူမိတာပါပဲ။ နောက်အချက်က ဒီ အသက် (၁၃၊ ၁၄) နှစ်အရွယ် ကလေးတွေက မြန်မာနိုင်ငံအကြောင်းကို ကျွန်တော်အပေါ်မှာ ရေးပြခဲ့တာတွေအပါအ၀င် သီတင်းကျွတ် မီးထွန်းပွဲ၊ ဗုဒ္ဓအကြောင်းပါမကျန် အကြောင်းအရာစုံ ကို တကယ့်ကို နှံနှံစပ်စပ် ပြောဆိုရှင်းပြနိုင်လို့ပါပဲ။ မြန်မာအသံထွက်တွေဖြစ်တဲ့ ခြင်းလုံး၊ မုန့်ဟင်းခါး၊ နန်းကြီး၊ အုန်းနို့ခေါက်ဆွဲ စတာတွေကိုလည်း ပီပီသသ ထွက်နိုင်ကြပါတယ်။ ” အံ့သြစရာပဲဗျနော်။ တခုခုလုပ်ရင် စေ့စေ့စပ်စပ် လုပ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိတာတော့ တကယ်ပဲနော်။ အဲဒါတော့ ငသော်လည်း သတိထားမိတယ်။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။