Wednesday, September 15, 2010

ပညာသင်ဆု၊ ဘ၀င်မြင့်ခြင်း၊ ဗဟုသုတ နှင့် အသိဉာဏ်ပညာ


(ဂျပန်နိုင်ငံက Academic Symposium တစ်ခုအတွင်းဝယ်)

အချက်အလက် ခိုင်မာချင်တာရယ်၊ တွေးစရာ ပါစေချင်တာရယ်ကြောင့် ပို့စ်တစ်ခုကို တော်တော်နဲ့ မရေးဖြစ်၊ အဆုံးမသတ်ဖြစ်ပါဘူး။ အချက်အလက်စု၊ လိုအပ်တာတွေ လိုက်ရှာဖတ်နေရင်းတုန်း ဦးစားပေးလုပ်ရမယ့် ကိစ္စက ပေါ်လာ၊ ဒီတော့ ရေးမယ်ရေးမယ် တေးထားပြီး မရေးဖြစ်တာတွေ များလာပါတယ်။

ဒါကြောင့် ဒီစာစုကိုတော့ အချက်အလက် (facts & references) ကို ဦးစားမပေးတော့ဘဲ စိတ်ထဲရှိတဲ့ တွေးမိတာတွေ ချရေးလိုက်တယ် ဗျာ။

ပထမဆုံးအနေနဲ့ ကတော့ လက်ရှိ နိုင်ငံတကာမှာ ပညာသင်ဆုတွေရလို့ အဆင့်မြင့် ဘွဲ့လွန်၊ ပါရဂူ ပညာရပ်များ သင်ကြားနေကြားတဲ့ ပညာသင်များနဲ့ ပတ်သက်ပြီး စဉ်းစားမိတဲ့ အချက်ပါပဲ။
ပညာသင်များလို့ ဒီနေရာမှာ ညွှန်းဆိုရာမှာ မြန်မာပညာသင်တွေကိုပဲ မဆိုလို ပါဘူး။ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ပညာသင်တွေ အားလုံးကို ယေဘုယျ ဆိုလိုတာပါ။
ဒီလိုပညာသင်ဆုတွေကို ဘယ်လိုလူတွေ ရကြပါသလဲ။ အများသိကြတဲ့အတိုင်း ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေကပေးတဲ့ ပညာသင်ဆုတွေကို သက်ဆိုင်ရာ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများမှာ လက်ရှိ နေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက ပုဂ္ဂိုလ်တွေ နဲ့ နောက် ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတဲ့ နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ပညာသင်ဆုတွေ ရှာဖွေလျှောက်ကြရင်း ရကြတယ်လို့ ယေဘုယျ နားလည်ပါတယ်။

ဓနသဟာယ (Commonwealth) နိုင်ငံဝင် ဖြစ်ရင်လည်း၊ အဖွဲ့ဝင် ဖြစ်တဲ့အလျှောက် ရတဲ့ ပညာသင်ဆုတွေ၊ နောက် ဗြိတိသျှလက်အောက်ခံ ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့တဲ့အလျှောက် ရတဲ့ ကမ္ဘာကျော် ပညာသင်ဆုတွေ ရှိပါသေးတယ်။ ဥပမာ - Rhodes Scholarship လိုမျိုးပေါ့။ ကျွန်တော်တို့ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက ပညာတတ်တွေ အများကြီးပေါ်ထွက်နေတာ ဒီလိုပညာသင်ဆုတွေရဲ့ ကောင်းကျိုးပေါ့ဗျာ။

ဆိုလိုချင်တာက အခြေခံအားဖြင့် ပညာသင်ဆုတွေကို ဘာကြောင့် ပေးကြ၊ ရကြတာလဲ။ ဥပမာ - ဂျပန်နိုင်ငံ အနေနဲ့ ဆိုရင်တော့ စစ်လျော်ကြေးရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ စတင် ပေးခဲ့တာလို့ အကြမ်းဖျင်း သိပါတယ်။ စစ်လျော်ကြေးလို့ မသုံးဘဲ၊ ခေတ်ကာလအရ ODA (Official Development Assistance/ Aid) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်တယ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီ (Human Resources Development Aid) စသည်ဖြင့် သုံးနှုန်းတယ်လို့ ကျွန်တော် ယေဘုယျ သဘောပေါက်ပါတယ်။

နောက်တစ်ခုက ပညာတတ်တွေ နည်းပါးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေက ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးမှာ အထောက်အကူဖြစ်စေဖို့၊ ပြန်လည်ဖြန့်ဖြူး ဝေမျှပေးစေလို့တဲ့ (contribute လုပ်စေချင်တဲ့) ဆန္ဒ အလှူရှင်နိုင်ငံတိုင်းမှာ ရှိမှာပါ။ (Harvard က Professor Joseph Nye ထွင်ခဲ့သလို soft power ကြောင့်၊ ဘာကြောင့်လို့တော့ ထည့်မပြောလိုတော့ပါဘူး။ ဒါကို ခဏ ဘေးဖယ်ထားလိုက်ပါတယ်။)

ပညာသင်ဆုတွေ ရထားတဲ့ လူအချို့ကို ယေဘုယျ လေ့လာကြည့်လိုက်တော့ ဒီလိုအခြေခံအချက်လေးတွေကို မေ့ထားပြီး၊ ငါသိငါတော်ငါတတ်လို့ ပညာသင်ဆုရတယ် ဆိုတဲ့ စိတ်တွေက ၀င်နေကြတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ ကိုယ်ကြိုးစားအားထုတ်ခဲ့ရတယ်၊ ကံ၊ ဉာဏ်၊ ၀ီရိယ ပေါင်းဆုံပြီး ရတယ် ဆိုတာကို နားလည်ပါတယ်၊

ဒါပေမယ့်ဗျာ...ငါသိငါတော်ငါတတ် ပေမယ့်လည်း
အဖေတို့၊ အဖွားတို့ လက်ထက်က ခံခဲ့ရတဲ့ စစ်ဒဏ်ကြောင့် (တနည်းအားဖြင့်) မွဲနေ ဒုက္ခရောက်နေတဲ့ လူတွေအများကြီး ဘ၀တိုးတက်စေဖို့အတွက် ပေးတဲ့၊ ကိုယ်ရလာတဲ့ ပညာသင်ဆုက စဉ်းစားတတ်မယ်ဆိုရင် ကိုယ့်ပခုံးပေါ်မှာ အတော့်ကို တာဝန်ကြီးပါတယ်။ တာဝန်ယူစိတ်ရှိမယ်ဆို ၀န်ပိပါတယ်။

အဲ...နောက်တစ်ခုကတော့ ပညာသင်တွေ ဘာကိုမှ သေသေချာချာ စေ့စေ့ပေါက်ပေါက် မလေ့လာ၊ မသင်ယူရသေးဘူး တတ်ပြီအထင်နဲ့ ဘ၀င်မြင့်ကြတာပါပဲ။

ဒီနေရာမှာ အာဆီယံနိုင်ငံက ကျောင်းသားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်အကြောင်း ရယ်စရာ ပြောပြချင်ပါသေးတယ်။ သူက မဟာဘွဲ့ အတန်းတိုင်းမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် (intro) လုပ်တိုင်း ဘာသာရပ်တစ်ခုရဲ့ expert ဆိုတဲ့ အသုံးအနှုန်းကို အမြဲသုံးပါတယ်။ ဘာသာရပ်ကြီးတစ်ခုရဲ့ ခေါင်းစဉ်ခွဲတစ်ခုကိုတောင် နှစ်ပေါင်းများစွာ အသေးစိတ် လေ့လာကြတဲ့၊ လေ့လာနေတဲ့ ပါမောက္ခကြီးတွေတောင် ဒီလိုအသုံးအနှုန်းကို သုံးဖို့ အင်မတန် သတိထားကြတော့၊ သူမကြာခဏ ကိုယ့်ကိုယ်ကို expert လို့ ပြောဆို သုံးနှုန်း တာဟာ လူရယ်စရာ ဖြစ်သွားတာပေါ့ဗျာ။

ကျွန်တော်တို့တွေ ကိုယ်မသိတာကို မသိကြောင်း သိရပါမယ်။ မသိတာကို မသိကြောင်းပြောလို့ အထင်မကြီးလည်း ဂရုထားစရာ မလိုပါ။ ဆရာဒေါက်တာအောင်ထွန်းသက် အပြောနဲ့ဆို အဆင့်(၄) ဆင့် ခွဲခြား သိရမှာပါ။ မသိတာကို မသိ၊ မသိတာကို သိ၊ သိတာကို သိနဲ့ နောက်တစ်ခုတော့ မေ့နေပါတယ်။ (ကြိုဝန်ခံထားပါတယ်ဗျ။ ဒီပိုစ့်ကို reference တွေ မရှာတော့ဘဲ စိတ်ထဲ မှတ်မိတဲ့အတိုင်း ရေးကြောင်းကိုပါ။)

အနီးအနားက မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းအချို့ကို လေ့လာကြည့်မိတော့၊
မသိတာကို သိတယ် ထင်နေကြတဲ့ ပြဿနာကို သွားတွေ့ပါတယ်။ အတော်ကြောက်ဖို့ ကောင်းပါတယ်။ မသိတာကို သိတယ်လို့ ရိုးရိုးထင်ရင် အကြောင်းမဟုတ်ပါဘူး။ လူ့သဘောအတိုင်း မသိတာကို သိတယ်ထင်ပြီးနောက်၊ နောက်က တွဲကပ်ပါလာတဲ့ ဘ၀င်မြင့်မှုပါ။

ဒီစာစုဟာ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းရေးတဲ့ စာစု မဟုတ်၊ မဖြစ်လို တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ လိုလာပါပြီ။ လူဆိုတာ ကျင်လည်ရာ အသိုင်းအ၀ိုင်းအလိုက် ပြောင်းလဲတတ်တယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ရှိတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံ ယုံကြည်ပါတယ်။

ကျွန်တော် အခုလို ဘွဲ့လွန်ပညာ သင်ကြားဖို့ အခွင့်အရေး မရှိခဲ့စဉ်က ပညာရေး၊ ဘာသာရပ်နယ်ပယ်တွေ အကြောင်းကို သေသေချာချာ၊ ရည်ရည်လည်လည် မတွေးဖြစ်ခဲ့ပါဘူး။ မလေ့လာ ဖြစ်ခဲ့ဘူး။ ဥပမာ - မဟုတ်ကဟုတ်က website ကိုသာ ပိုက်ဆံ ပေးပြီး ၀င်ကြည့်ချင် ကြည့်မယ်၊ ပညာရေး (academic) ဆိုင်ရာ ဘာသာရပ် စာအုပ်ကိုတော့ Amazon က ၀ယ်ဖတ်ဖို့ သတိမရပါဘူး။ ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင်မှာသာ လိုအပ်တာ ဖြည့်ဆည်း လုပ်ကိုင်နေခဲ့တာပါ။

နောက်တစ်ခုက ကျွန်တော် ကျင်လည်ခဲ့တဲ့ ပညာရေးက အဝေးသင်။ အဝေးသင်ဆိုတဲ့အတိုင်း ဆရာ-တပည့် ထိတွေ့ဆက်ဆံမှုဆိုတာ တစ်နှစ်မှာ (၁၀) ရက်သာ ရှိခဲ့တာပါပဲလား။ ဒီရက်တိုမှာလည်း ပညာရဖို့ထက် စာမေးပွဲအောင်ဖို့ကသာ အဓိကသာ မဟုတ်ပါလား။ အဲဒီတော့ ကျွန်တော့်ကို ဘွဲ့ရခဲ့တဲ့ ပညာရပ်မှာ ဘွဲ့ရခဲ့စဉ်အထိ ဘာတတ်သလဲ မေးရင်၊ ဘာမှမတတ်ဘူးလို့သာ မရှက်ဘဲ ရိုးရိုးသားသား ဖြေရမှာပါပဲ။ ဒါကို အပြစ်တင်ရင်လည်း ခံရမှာပါပဲဗျ။

ဂျပန်ရောက်လို့ ဘွဲ့လွန်ပညာ ဆက်သင်ရတော့ ကိုယ့်ကိုယ်ကို သုံးသပ်မိတာတွေ ရှိပါတယ်။ အရင်က အင်္ဂလိပ်စာ ၀ါသနာနဲ့ နိုင်ငံတကာ သတင်းတွေ၊ ရုပ်ရှင်တွေ ၀ါသနာပါတာကြောင့်ရယ်၊ ရောက်ရာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာကိုတော့ တတ်အားသရွေ့ မဖြစ်မနေ ပုံမှန်ဖတ်တာကြောင့် ကိုယ့်ဘာသာကို ဟိုဟာကို သိ၊ ဒီဟာကိုသိလို့တော့ ထင်ခဲ့မိပါရဲ့။

ဒါတွေဟာ ဒီလိုအသိတွေဟာ တကယ်တမ်း academic နယ်ပယ်မှာ အသေးစိတ် ပြောဆိုဆွေးနွေးကြတော့ တကယ်ရေရေလည်လည် မသိသေးဘူးဆိုတာ ပေါ်လာပါတယ်။ အဲဒီမှာ ဆရာအောင်ထွန်းသက် စကားနဲ့ ပြောရရင် မသိတာတွေကို သိတယ်ထင်တဲ့ အနေအထားကနေ မသိတာတွေကို မသိကြောင်း ကိုယ့်ကိုယ်ကို သိလာပါတယ်။ အတော်ဝမ်းမြောက်မိပါတယ်။ မသိတာကို သိတယ်ထင်တာဟာ ကိုယ့်တိုးတက်မှုကို ရပ်တန့်လိုက်ကြောင်း သဘောပေါက်မိလာလို့ပါ။

ပညာရေးနယ်ပယ်က သီအိုရီတွေ၊ ယေဘုယျ သိသင့် မှန်ကန်တဲ့ (general truth) တွေ၊ ပြဌာန်းတည်ရှိပြီး လက်ရှိလက်ခံနေတဲ့ အခြေခံ အချက်အလက်အချို့ကို အခြေခံပြီး ဥပမာ ပေးရရင်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခု ဆိုပါတော့ သေသေချာချာ လေ့လာဖတ်ရှုမထားဘဲ အမှားကို အမှန်ထင်နေတဲ့အချက်ကို၊ နောက်ပိုင်း သေချာလေ့လာကြည့်လိုက်တော့ ကိုယ်နှစ်ပေါင်းများစွာ လက်ခံ သိလာတဲ့အချက်အား အမှားကြီးပါလား ဆိုတာကို သိမြင်လာတာမျိုးကို ယေဘုယျ ဆိုလိုတာပါ။

စကားလုံးတွေ အနေနဲ့ပဲ စဉ်းစားကြည့်မယ်ဆိုရင် transparency, accountability, rule of law, rule by law, top-down, bottom-up, centralized, decentralized စတဲ့ စကားလုံးတွေကို နိုင်ငံတကာနယ်ပယ်မှာ မကြာခဏ ပြောဆိုသုံးနှုန်းကြတာ ကြားဖူးပါတယ်။ တစ်ခါတစ်လေ ကျတော့ အဲဒီလို သုံးနှုန်းနေတဲ့ အသုံးအနှုန်းတွေကို စကားလုံးအနေနဲ့ ရင်းနှီးပေမယ့် တကယ့်ကို သဘောပေါက်မှုမှာ တစ်ခါတစ်ခါ ခဲယဉ်းနေတတ်ပါတယ်။

ကလေးအတွေးနဲ့ ဥပမာတစ်ခုထပ်ပေးရရင် မြန်မာနိုင်ငံကူးလက်မှတ်ရုံးမှာ နိုင်ငံကူးလက်မှတ် (အနီ) ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လုပ်ဖူးစဉ်ကတော့ ဘာကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောပြတာလဲ၊ ဘာတွေက အခု လိုလိုက်-မလိုလိုက် ဖြစ်နေတာလည်း ဆိုတာကို ငယ်စဉ်က တကယ့်ကို မစဉ်းစားတတ်ပါဘူး။ အခုစာတွေ ပြန်လေ့လာခွင့် ရတော့မှ...ဒါဟာ လူတွေ ပြောပြောနေတဲ့ transparency ပါလားဆိုပြီး ခပ်ရေးရေး သဘောပေါက်မိလာသလိုပေါ့ဗျာ။

ဒီစာစုမှာ နောက်တစ်ခု ဆွေးနွေးချင်တာကတော့ ဗဟုသုတ (knowledge) နဲ့ အသိဉာဏ်ပညာ (wisdom) ပါပဲ။ (အင်္ဂလိပ်စကားကို နားလည်သလို ဘာသာပြန်ထားတာဖြစ်လို့ ပိုကောင်းမယ့် ဘာသာပြန်ချက်ကို ကြိုဆိုပါတယ်။)

ပါမောက္ခတစ်ယောက်နဲ့လည်း ဒီကိစ္စကို ဆွေးနွေးကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ပညာရေးမှာ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ၊ စာတမ်းတွေဖတ်၊ မသိတဲ့ အချက်အလက်တွေ မှတ်နဲ့ လုံးလည်ချာလည် လိုက်နေပြီး၊ တကယ်ကော ဘ၀မှာ လိုအပ်တဲ့ အသိဥာဏ်ပညာတွေရကြ၊ တတ်မြောက်သွားကြ ပါသလားလို့ပေါ့။ အများသိဖူးပြီးသား ဖြစ်နိုင်ပေမယ့်လည်း၊ ကိုယ့်ဆရာ ပြန်ဆွေးနွေးလို့ ခေါင်းထဲကျန်ခဲ့တဲ့ အချက်ကတော့
စာအုပ်စာတမ်းတွေ များများဖတ်တာ ဗဟုသုတ (knowledge) တွေ များများရကြောင်း၊ ဒါပေမယ့် တကယ့် အသိဉာဏ်ပညာ (wisdom) လိုချင်ရင်တော့ လူတွေနဲ့ များများ ပြောဆိုပေါင်းဖက်ဆက်ဆံရမယ် (socialize လုပ်ရမယ်) ဆိုတာကိုပါ။ ဒီနည်းနဲ့သာ (wisdom) ရမယ်လို့ သူက ဆိုတယ်ဗျ။

ဒီအဆိုကိုတော့ သဘောကျမိပါတယ်။ ဒီအဆိုနဲ့ ဆက်စပ်ပြီး စဉ်းစားစရာတွေလည်း အများကြီးရသွားပါတယ်။ knowledge vs. wisdom ကို နှိုင်းယဉ် (compare and contrast လုပ်) ကြည့်ရင်းနဲ့ အောက်က မေးခွန်းတွေကို တွေးမိတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်၊ မေးခွန်းထုတ်မိတယ်...

၁) နိုင်ငံတကာရောက် ပညာသင်တွေ ဘယ်သူတွေနဲ့ socialize လုပ်ကြပါသလဲ။
၂) ကိုယ့်နိုင်ငံသား အချင်းချင်းပဲလား။
၃) နိုင်ငံတကာ ကျောင်းသား အရေအတွက် ဘယ်လောက်များများ နဲ့ အချိန် ဘယ်လောက်များများ ပေးပြီး socialize လုပ်ကြပါသလဲ။
၎) လုပ်ဖြစ်ကြပါသလား။
၅) လုပ်ရန်ကော ကြိုးစားကြပါသလား။
၆) နိုင်ငံတူ၊ လူမျိုးတူ၊ ဘာသာတူချင်းနဲ့ပဲ ပြောဆိုပေါင်းဖက် ဆက်ဆံနေကြပါသလား။
၇) အတင်းအဖျင်း (gossiping) နဲ့သာ အချိန်ကုန်နေကြပါသလား။
၈) နိုင်ငံတကာပညာရေးရဲ့ အနှစ်အရသာကို သတိပြု၊ ခံစားမိကြပါရဲ့လား...။

ဗဟုသုတရမယ့် စာအုပ်စာပေတွေကော သတ်မှတ်အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အရေအတွက် ဘယ်လောက် ဖတ်ရှုပြီးပါပြီလဲ။ တချို့မိတ်ဆွေတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာတုန်းက စာဖတ်ဖို့ အချိန် မရ၊ အချိန် မရှိကြောင်းကိုပါ။
ပညာသင်အနေနဲ့ စာဖတ်ဖို့ အချိန်ရတော့ကော တကယ် စာဖတ်ဖြစ်ကြပါသလား။ ဘာသာရေး စကားနဲ့ ယေဘုယျပြောရရင် ပါပ (မကောင်းမှု၊ အပိုအလုပ်၊ အရှုပ်) တွေနဲ့ပဲ အချိန်ကုန်နေပြီလား။ (ဒီနေရာမှာ Facebook ကို ပါပ စာရင်းသွင်းသင့်- မသင့်)
ဖတ်ပြီးသမျှကိုကော ရေရေလည်လည် သဘောပေါက်ပါရဲ့လား။ မိမိသဘောပေါက် နားလည်တာဟာ တကယ်မှန်ကန်ကြောင်းကိုကော ကျွမ်းကျင်သူတွေနဲ့ ပြန်လည်ဆွေးနွေး ဖြစ်ခဲ့ပါလား။ (စာဖတ်တိုင်း အမှန် သဘောမပေါက်တာတွေ များလွန်းလှပါတယ်ဗျာ။)

အဆင့်မြင့်ပညာရေး နယ်ပယ်မှာ အမှန်တကယ် ပညာ တတ်မြောက်မှု-မတတ်မြောက်မှုကို ကနဦးအနေနဲ့ အလွယ်ကူဆုံး တိုင်းတာနိုင်တာ တစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ ထုတ်ဝေခြင်း (publication) ပါပဲ။ မိမိရဲ့ စာအုပ်၊ စာတမ်း (books & articles) တွေကို နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်ထုတ်ဝေရေးတွေ၊ ပညာရပ်နယ်ပယ်ဆိုင်ရာ ဂျာနယ်တွေက လက်ခံ ထုတ်ဝေတာပါပဲ။ ဒီလိုနည်းနဲ့တော့ မိမိ အမှန်တကယ် တတ်မြောက်ခြင်း ရှိ-မရှိ စိစစ်နိုင်ပါတယ်။

ဂျပန်နိုင်ငံ ပညာရေးနယ်ပယ်မှာ လေ့လာကြည့်ရသလောက် ယနေ့ခေတ် မြန်မာနိုင်ငံ အပါအ၀င် ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက မဟာဘွဲ့ကျောင်းသားများကတော့ publication လုပ်နိုင်တာ အတော့်ကို ရှားပါးတယ်။ ပါရဂူဘွဲ့ ကျောင်းသားတွေတောင် ပါရဂူဘွဲ့ကျမ်းအတွက် မဖြစ်မနေ ထုတ်ဝေကြရမှာ ဖြစ်လို့ အနိမ့်ဆုံး ကိုယ့်တက္ကသိုလ်၊ ဌာနမှာ ထုတ်ဝေခွင့် ရအောင် မနည်း ကြိုးစားနေရတာ မဟုတ်ပါလားဗျာ။

အရင့်အရင်ခေတ်များက မြန်မာပညာတော်သင်များ အတော်ထူးချွန်ကြပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ ဥပဒေနယ်ပယ်က ဥပမာတစ်ခု ထပ်ပြရရင်
ကျွန်တော်တို့တွေ အခုထုတ်ဝေခွင့် ရဖို့ ဝေးစွ၊ နားလည်သဘောက်ပေါက်အောင်တောင် မနည်းဖတ်နေရတဲ့ ကမ္ဘာ့ အဆင့်မီ International & Comparative Law Quarterly တို့လို ဂျာနယ်မှာ တစ်ခေတ်တစ်ခါက သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမောင်မောင်တို့လို့ မြန်မာပညာရှင်တွေ ကောင်းကောင်း ထုတ်ဝေနိုင်ခဲ့ပါတယ်။ လန်ဒန်၊ SOAS (School of Oriental and African Studies) က Bulletin တွေမှာ မြန်မာပညာရှင်တွေ ကောင်းကောင်း နေရာယူနိုင်ခဲ့ပါတယ်။

ယနေ့ခေတ် ပညာသင်ဆုရတဲ့ မြန်မာပညာသင်တွေကို လေ့လာကြည့်ရင် ဂျပန်ပြန်တွေ အပါအ၀င် အာရှပြန်၊ အရှေ့တောင်အာရှပြန် တွေ များလာပါတယ်။ ဒီနေရာမှာ ပီရူးနိုင်ငံက ကျွန်တော့်ရဲ့ အတန်းဖော်သူငယ်ချင်း ပြောပြတာကလည်း စဉ်းစားစရာပါ။ သူက သူ့ရဲ့အင်မတန်ကောင်းတယ်လို့ ယူဆရတဲ့ Term Paper တစ်ခုကို LSE (London School of Economics and Political Science) ကျောင်းတက် ညီမဖြစ်သူကို edit လုပ်ဖို့ ပေးပို့ရာမှာတော့ ညီမက မင်းရဲ့ စာတမ်းသာ LSE မှာဆိုရင် (C) Grade မပြောနဲ့ (F) Fail မဖြစ်ရင် ကံကောင်းကြောင်း မှတ်ချက်ပြုသဗျ။ (သူက ဂျပန်မှာတော့ straight A ကျောင်းသားပေါ့ဗျာ။)

ဒါကြောင့် public sector ကပဲ ဖြစ်ဖြစ်၊ private sector ကပဲဖြစ်ဖြစ် ပညာသင်ဆုများ ရရှိခဲ့ဖူးတယ်၊ ရရှိထားတယ် ဆိုရင်ဖြင့် မိမိတို့ တော်လို့တတ်လို့ ဆိုတာထက် ထမ်းထားရတဲ့ ၀န်ကို မြင်စေချင်ပါတယ်။ ကိုယ်တကယ် တတ်-မတတ် မှတ်ကျောက်တင် ခံနိုင်ပြီလား ဆိုတာကို ကိုယ့်ဘာသာ ကိုယ်သာ စိစစ်ကြဖို့ နဲ့ ကိုယ်စီကိုင စဉ်းစားထားတဲ့ လက်ဆင့်ကမ်း ပြန်လည်ဖြန့်ဖြူးပေးမယ့် အစီအစဉ် (contribution plans) လေးတွေကို ကြားချင်နေမိတယ်ဗျာ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင် မခံနိုင်ရင်၊ မဖြန့်ဖြူးပေးနိုင်ခဲ့ရင်တောင် ကိုယ့်လောက် ကံမကောင်း အကြောင်းမလှတဲ့ ကိုယ့်ပြည်က (less fortunate) တွေ အပေါ်မှာ public/ private sector က ပညာသင်တွေ အနေနဲ့ ဘ၀င်တော့ မမြင့်ထိုက်ကြောင်း တွေးဆနိုင်ပါစေဗျာ...။