Thursday, September 10, 2009

Lockerbie Case (၁)

မကြာသေးမီက အပြည်ပြည်ဆိုင်ရာဥပဒေ အခြေခံသိသင့်တာတွေကို စတင်လေ့လာတော့ Lockerbie Case ကို သတိထားမိလာပါတယ်။ ကမ္ဘာ့ဥပဒေရေးရာမှာ နာမည်ကြီးတဲ့ အဖြစ်အပျက်ဖြစ်လို့ နောက်အသေးစိတ် လေ့လာမယ်လို့ စိတ်ကူးနေတုန်း ယခုနှစ် သြဂုတ် နဲ့ စက်တင်ဘာလများမှာ ဒီကိစ္စရပ်ဟာ ကမ္ဘာကျော် ပြန်ဖြစ်လာပါတယ်။ ကဲ Lockerbie Case ရဲ့ ဖြစ်စဉ်သမိုင်းကို လေ့လာကြည့်ရအောင်...

ဒီဖြစ်ရပ်ကို ဗြိတိသျှသမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးသော အကြမ်းဖက်မှု (the worst terrorist atrocity) လို့လည်း ဆိုကြပါတယ်။ (Economist, “A long shadow” Aug 20th 2009.)

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းမယ့် PanAm လေယာဉ် အမှတ် (၁၀၃)၊ စကော့တလန်နိုင်ငံ Lockerbie မြိုပေါ်မှာ ဗုံးခွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီလေယာဉ် ဗုံးခွဲမှုကြောင့် လူပေါင်း (၂၇၀) ခန့်သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ တရားခံကတော့ လစ်ဗျားနိုင်ငံက ထောက်လှမ်းရေးအရာရှိ Mr. Abdelbaset al-Megrahi လို့ ဆိုပါတယ်။

Mr. Megrahi ကို စကော့တလန်ဥပဒေအရ နယ်သာလန်နိုင်ငံ မှာ ၂၀၀၀-၂၀၀၁ အတွင်း စစ်ဆေးခဲ့ပြီး၊ ထောင်ဒဏ် တစ်သက် (အများဆုံး ၂၇ နှစ်) ချမှတ်ခဲ့ပါတယ်။ သူဟာ ထောင်ဒဏ် (၈) နှစ်ခန့်ကျခံပြီးနောက် စကော့တလန်တရားရုံးက ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ လူသားချင်း စာနာမှုအရ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ကျွန်တော်စိတ်ဝင်စားသွားတဲ့ အချက်တစ်ချက်က သူ့ကို လစ်ဗျားနိုင်ငံက ကြိုဆိုပုံပါပဲ။ နိုင်ငံတကာသတင်းများ အရ ပြောရရင် Hero's welcome နဲ့ကြိုဆိုတယ်ပေါ့ဗျာ။ သူ့ကို ဘာကြောင့်လွှတ်သလဲ၊ ဘာကြောင့် ဒီလိုကြိုဆိုသလဲ မေးခွန်းတွေ၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါတယ်။

ပထမဆုံး စဉ်းစားစရာ အချက်က လစ်ဗျားနိုင်ငံနဲ့ ပတ်သက်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ခေါင်းဆောင်ဟာ Colonel Gaddafi ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ် သွေးထွက်သံယိုမှု မရှိတဲ့ အာဏာသိမ်းပွဲကနေ အာဏာ ရယူပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။ (နှစ် ၄၀ ကျော်ခဲ့ပါပြီ။) အာရပ်ကမ္ဘာရဲ့ သက်တမ်းအကြာဆုံးသော ခေါင်းဆောင်လို့လည်းဆိုကြပါတယ်။

Col. Gaddafi နဲ့ဆက်စပ်စဉ်းစားရရင် လစ်ဗျားနိုင်ငံမှာ သူမသိဘဲ၊ သူ့အမိန့်မရဘဲ ဘာမှ မဖြစ်ဘူး၊ လုပ်လို့မရဘူးလို့ဆိုကြပါတယ်။ ဒီတော့ ဒီဗုံးခွဲမှုမှာ လစ်ဗျားနိုင်ငံ ထောက်လှမ်းရေးအရာရှိ လုပ်ခဲ့တယ်လို့ဆိုရင် ဒီလူဟာ တကယ့်တရားခံလား ဒါမှမဟုတ် Col. Gaddafi ခိုင်းလို့ လုပ်ရတာတဲ့ ဓါးစာခံ (scapegoat) လား ဆိုတာ စဉ်းစားစရာပါပဲ။

နောက်တစ်ချက်က ဗြိတိသျှအစိုးရနဲ့သက်ဆိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြစ်မှုကြီး ကျူးလွန်သူကို လွယ်လွယ် နဲ့လွတ်ပေးဖို့ ဆုံးဖြတ်သလဲ ဆိုတာကိုပါ။ ဆရာဝန်တွေအဆိုရ Mr. Megrahi ဟာ ကင်ဆာရောဂါကြောင့် (၃) လအတွင်း သေဆုံးမယ်လို့ သိရပါတယ်။

နောက်ပိုင်းသတင်းများအရတော့ လစ်ဗျားနိုင်ငံရဲ့ သံဃံဇာတ (အဓိက ကတော့ ရေနံ) တွေအပေါ် ဗြိတိသျှအစိုးရက အကျိုးအမြတ် ရယူလိုတဲ့ ကိစ္စနဲ့ဆက်နွယ်တယ်လို့ ဆိုကြပါတယ်။ ကျွန်တော် လည်းပဲ ဒီအချက်ကို ဖြစ်နိုင်ချေရှိတယ်လို့ထင်ပါတယ်။ သေတော့မယ့် လူတစ်ယောက် နဲ့ နိုင်ငံအကျိုးစီးပွား (national interests) ချိန်ဆတဲ့သဘောပေါ့။

လစ်ဗျားနိုင်ငံဟာ ရေနံ၊ စွမ်းအင်စတဲ့ သံဃံဇာတတွေ ပေါများပြီး၊ Time Magazine အဆိုအရ ကမ္ဘာပေါ်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ အများဆုံးပိုင်ဆိုင်တဲ့ (၁၀) နိုင်ငံမြောက် နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။ (Time, “Was Oil Part of a Deal for the Lockerbie Bomber?” Aug 22nd 2009.)

ဘာပဲဖြစ်ဖြစ် ဒီသေတော့မယ့် တရားခံကို လွတ်ပေးလိုက်ခြင်းအားဖြင့်၊ လစ်ဗျားနဲ့ ဗြိတိန်တို့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းလာပြီး၊ ဗြိတိန်နိုင်ငံတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုပွင့်လာစေမှာတော့ အမှန်ပဲလို့ သုံးသပ်ရပါတယ်။

နောက်တစ်ချက်က တရားခံကို လွှတ်ပေးကြောင်း သတင်းများရေးရာမှာ ဗြိတိန်အစိုးရက လွှတ်ပေးတယ်လို့ မဖော်ပြဘဲ၊ စကော့တလန်တရားရုံး၊ စကော့တလန်အာဏာပိုင်များက လွှတ်ပေးတယ်လို့ ဖော်ပြတဲ့အချက်ပါပဲ။ ကျွန်တော်အနေ့နဲ့ ဗဟုသုတအားနည်းတော့ စကော့တလန်က လွှတ်လွှတ်၊ ဘယ်ကလွှတ်လွှတ်၊ ဗြိတိန်အစိုးရ က လွှတ်တယ်လို့ နားလည်ထားလို့ပါ။

အကြောင်းတိုက်ဆိုင်လို့ အတန်းအတူတက် ဗြိတိသျှသူငယ်ချင်းကို မေးကြည့်တော့မှ အင်္ဂလန်ဆိုပေမယ့် စကော့တလန်မှာ သူ့ရဲ့ကိုယ်ပိုင်တရားစီရေး ရှိကြောင်း၊ စကော့တလန် အာဏာပိုင်များအနေနဲ့ သူတို့ရဲ့နယ်ပယ်မှာ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိကြောင်း စသဖြင့် သိလာရပါ တယ်။ (ဥပမာ - ရသုံးမှန်းခြေငွေစာရင်း (Budget) နဲ့ပတ်သက်လို့ ဗြိတိန်အစိုးရက စကော့တလန် အတွက် ခွဲဝေပေးတယ် ဆိုနိုင်သော်လည်း၊ စကော့တလန်နယ်အတွင်း ၄င်းတို့ (Budget) ကို ၄င်းတို့စိတ်ကြိုက်ခွဲဝေ အသုံးပြုနိုင်ကြောင်း သိရပါတယ်။)

ဒါပေမယ့်လည်း ဒီလိုကြီးကျယ်တဲ့အမှုမျိုးမှာ အနည်းဆုံး ဗြိတိန်အစိုးရရဲ့ သဘောထား မပါဘဲ၊ အသိမပေးဘဲ မလုပ်ဘူးဆိုတာကတော့ တွေးဆကြည့်နိုင်ပါတယ်။ ကနဦးမှာတော့ ဗြိတိန် အစိုးရက ယခုဆုံးဖြစ်ချက်ကို ၄င်းတို့ ဆုံးဖြတ်တာ မဟုတ်ကြောင်း၊ စကော့တလန်အာဏာပိုင်များက ၄င်းတို့ သဘောဆန္ဒအရသာ ဆောင်ရွက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒီကိစ္စက ယခုတိုင် အငြင်းပွားဆဲပါ။

ထပ်ပြီး စဉ်းစားတွေးကြည့်ရမှာကတော့ အခုလိုလွှတ်ပေးလိုက်ခြင်းဟာ ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ ၄င်းရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ် ဆိုတဲ့အချက်ပါပဲ။

ဥပမာ - အမေရိကန်နိုင်ငံ အနေနဲ့ ဒီဖြစ်စဉ် ဟာ စက်တင်ဘာ (၁၁) ရက် (နယူးယောက်မြို့၊ Twin Tower ဗုံးခွဲခံရတဲ့ ဖြစ်စဉ်) မဖြစ်ပေါ်စဉ်အထိ အမေရိကန်ပြည်သူလူထုအပေါ်မှာ အဆိုးဝါးဆုံး အကြမ်းဖက်ခံရမှုလို့ သတ်မှတ်ပါတယ်။ အမေရိကန်နိုင်ငံသား (၁၈၉) ဦး သေဆုံးခဲ့ရလို့ပါပဲ။ (ယခုအချိန်မှာတော့ လစ်ဗျားဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်နေပါပြီ။ ဒါပေမယ့် ယခုလို ဗြိတိန်က တရားခံကို လွှတ်ပေးခြင်းကိုတော့ အမေရိကန်အစိုးရက အပြင်းအထန် ရှုတ်ချနေတုန်းပါပဲ။)

နောက် Lockerbie Case မှာ ထူးခြားပြီး သတိပြုသင့်တဲ့ အချက်တွေ များစွာရှိပါတယ်။

ဒီအမှုကို အမှုဖြစ်ပွားရာ နိုင်ငံမှာ မစစ်ဆေးဘဲ၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးမှာ ခေါင်းဆောင်မှုနေရာကြောင့် ထင်ရှားတဲ့ နယ်သာလန်နိုင်ငံမှာ စကော့တလန်ဥပဒေနဲ့ စစ်ဆေးခဲ့တာ၊ ဒီအမှု စစ်ဆေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတို့က ရံပုံငွေတွေ ထောက်ပံ့ခဲ့တာ၊ ဒီအမှု စစ်ဆေးဖြစ်စေဖို့ ထိုစဉ်က အမေရိကန်သမ္မတ Bill Clinton နဲ့ သူရဲ့နိုင်ငံခြားရေးဝန်ကြီး Madeleine Albright၊ တောင်အာဖရိက သမ္မတ Nelson Mandela တို့Colonel Gaddafi နဲ့ သံတမန်ရေးအရ ကြိုးစားခဲ့ရတာ စတဲ့အချက်တွေကြောင့် အပြည်ပြည် ဆိုင်ရာတရားစီရင်ရေးနဲ့ သံတမန်ရေးရာမှာ ထင်ရှားတဲ့ ဖြစ်စဉ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့ ဒီဖြစ်စဉ်ရဲ့ တိုးတက်မှုဟာ စိတ်ဝင်စားစရာကောင်းပြီး၊ ဆက်လက်စောင့်ကြည့် နေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အခုလိုလွှတ်ပေးလိုက်တာဟာ စကော့တလန်အစိုးရ ပြောသလို တကယ့်ကို လူသားချင်းစာနာလို့ပဲလား၊ ဒါမှမဟုတ် ဗြိတိန်အစိုးရရဲ့ စီးပွားရေး အကျိုးအမြတ် အတွက်လား ဆိုတာ အချိန်ကပြောလိမ့်မယ် (the time will tell the truth) လို့ယူဆပါတယ်။

သူငယ်ချင်းတို့လည်း စောင့်ကြည့်ကြပေါ့။



2 comments:

  1. မြန်မြန်ဆက်ပါး)
    သိချင်လို့

    ReplyDelete
  2. တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ စီးပွားရေး။လူမှုရေး။နိုင်ငံရေးဆိုတာက တခုနဲ့တခု ဆက်စပ်နေတော့ အပြန်အလှန်အသုံးချပြီး အမြတ်ထုတ်နေကြတာပဲ ထင်တယ်။ ဒါပေမယ့်လူပေါင်း၂၇၀
    လောက်သတ်တဲ့ တရားခံကို Hero's welcome နဲ့ကြိုဆိုတယ်ဆိုတာကိုတော့ မနှစ်သက်ပါဘူး။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။