Tuesday, September 15, 2009

အကဲဖြတ် သတ်မှတ်ချက် တစ်ခု (သို့) Grading

ဒီနေ့မမျှော်လင့်ဘဲ ပြီးခဲ့တဲ့ ဧပြီလကနေ အခု စက်တင်ဘာလ အစပိုင်းအထိ ရွေးချယ်တက်ရောက်ခဲ့တဲ့ First Term ဘာသာရပ်တွေ ထဲက ဘာသာအချို့ရဲ့ Grade တွေကို သိရပါတယ်။

မသိခင်က သိချင်သလောက် သိရတော့လည်း သိပ်ပြီးအထူးအဆန်းကြီး မခံစားရတော့ပါဘူး။ သိသိချင်းတော့ အမှန်အတိုင်း ပြောရရင် အနည်းငယ် စိတ်လှုပ်ရှားမိတာပေါ့ဗျာ။ သိရတဲ့ (၇) ဘာသာ ထဲမှာ (၆) ဘာသာစလုံး (A) ရပါတယ်။ ကျန်တဲ့ တစ်ဘာသာက အသွင်ထူးခြားပါတယ်။ အဲဒီဘာသာမှာ ကိုယ်ပဲ ဆရာ၊ ကိုယ်ပဲ တပည့် လုပ်ရပါတယ်။ ဒါ့ကြောင့် Grade သတ်မှတ်ပေးတာမျိုး မရှိဘဲ၊ ကျောင်းသားအားလုံးကို Pass သာပေးပါတယ်။ ဒီဘာသာအကြောင်း တော့ နောက်ရေးတာပေါ့ဗျာ။

ကြုံတုန်း ကျွန်တော်တို့ကျောင်းရဲ့ Grade သတ်မှတ်ချက်လေး ပြောပြချင်ပါတယ်။ နှိုင်းယှဉ်ကြည့်လို့ ရအောင်ပါ။ A=excellent, B=good, C=Pass, D=fail, Pass=Grade not applicable လို့ ဆိုပါတယ်။ (A+) တွေ ဘာတွေတော့ ယေဘုယျအားဖြင့် မရှိဘူးပေါ့ဗျာ။

ဒါပေမယ့်လည်း တက္ကသိုလ်ရဲ့ ဌာနခွဲအလိုက် နဲ့ သင်တန်းအစီအစဉ်အရတော့ အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ (ဌာနခွဲလို့ဆိုတာက ဥပမာ - ဥပဒေပညာဌာန၊ စီးပွားရေးပညာဌာန နဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပညာဌာန စတာကို ဆိုလိုပြီး၊ သင်တန်း အစီအစဉ်ဆိုတာက ပုံမှန် မဟာဘွဲ့ သင်တန်း၊ အချိန်တို (တစ်နှစ်) short-term student exchange programme စသည်တို့ကို အကြမ်းဖျင်း ဆိုလိုပါတယ်။)

ဂျပန်နိုင်ငံက ဘွဲ့လွန်သင်တန်းတွေမှာ ဘာသာရပ်တစ်ခုကို credit ၂ ခု ပေးပြီး၊ credit ၂ ခုအတွက် တစ်ချိန် မိနစ် (၉၀) ကြာ အတန်း (၁၅) တန်း တက်ရပါတယ်။ Intensive Course တွေဆိုရင်လည်း သုံး၊လေး ရက်ဆက်တိုက်မှာ မိနစ်(၉၀) x (၁၅) ချိန် ပြည့်အောင် သင်ပါတယ်။ အတော်ပင်ပန်းတယ်လို့ ပြောရမှာပါပဲ။ ပါမောက္ခတစ်ယောက်ကတော့ အမေရိကန်မှာ တစ်ချိန်ကို မိနစ် (၆၀) သာ သင်လေ့ရှိကြောင်း နဲ့ ဂျပန်မှာ တစ်ချိန်ကို မိနစ် (၉၀) သင်တာ လွန်ကြောင်း၊ ကျောင်းသားများ မိနစ် (၉၀) လုံး အာရုံစိုက်နိုင်စွမ်း မရှိကြောင်း ပြောပြပါတယ်။

Grading နဲ့ပတ်သက်လို့ ကျွန်တော်ယူတဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဌာနက အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ ဆက်စပ်ပြီး အသေးစိတ်ရှင်းပြရရင်၊ Grade ကို A=80 or more, B=79-70,C=69-60, F=below 60 လို့ သတ်မှတ်ပါတယ်။

နောက် Grading Policy က Attendance တစ်ချိန်အတွက် ၂ မှတ်၊ အကြောင်းအရာ (topic) (၁၁) ခုအတွက် စာတမ်းငယ် (နှစ်မျက်နှာခန့်) ၁၁ ခု အပတ်စဉ် တင်ရပြီး၊ တစ်ခုအတွက် ၅ မှတ်၊ စာတမ်း ကောင်းရင် ထူးချွန်မှတ် ၂ မှတ် ပိုရပြီး၊ ညံ့ရင် သို့မဟုတ် Plagiarism တွေ့ရင် ၂ မှတ် အနှုတ်ခံရပါတယ်။ (အဲဒီဘာသာတက်တုန်းက အထူးပိတ်ရက်များကြောင့် ၁၅ ချိန်အစား ၁၃ ချိန် တက်ရပြီး၊ Intro အချိန်မပါ၊ ၁၂ ချိန်အတွက် အတန်းမှန်မှန်တက်ရင် တစ်ချိန် ၂ မှတ်နဲ့ (၂၄) မှတ်၊ အဆင့်မီ စာတမ်း (၁၁) ခုအတွက် တစ်ခု ၅ မှတ် နဲ့ (၅၅) မှတ်၊ စုစုပေါင်း (၇၉) မှတ်နဲ့ (B) ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အတန်းမှန်မှန်တက်၊ Paper (၁၁) ခုတင်၊ အနည်းဆုံး Paper (၁) ခုမှာ ထူးချွန်မှတ် ရပါမှ (A) ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Paper ကို အပတ်စဉ် နောက်တစ်တန်း မစခင်မှာ တင်ရပါတယ်။ နောက်ကျရင် အမှတ်လျော့ပါတယ်။

ကျွန်တော့်အတွေ့အကြုံပြောရရင် တစ်ရက်တော့ ကျွန်တော် စာတွေများတာကြောင့် Paper အချိန်မီ မတင်နိုင်ဘူး ဖြစ်သွားပါတယ်။ နေ့လည် (၁) နာရီ တင်ရမယ့် စာကို အဲဒီနေ့ည (၉) နာရီလောက်မှ တင်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော် (၂) မှတ်လျော့ခံရတယ်လို့ သိရပါတယ်။ ကျွန်တော့်မှာ အတန်းပုံမှန်တက်၊ Paper အကုန်တင်ရဲ့သားနဲ့ (Paper တစ်ခု နောက်ကျတာကြောင့်) အလိုလိုကို (၇၇) မှတ် ဖြစ်သွားပါတယ်။ ဒါကြောင့် (A) လိုချင်လို့ ကျန်တဲ့ Paper များမှာ ထူးချွန်အမှတ်ရအောင် အတော်ကို ကြိုးစားရပါတယ်။ အခု Grade သိရတော့ အဲဒီဘာသာမှာ (A) ရလို့ အတော်ကို ပျော်ပါတယ်။

ပြီးခဲ့တဲ့ First Term (Spring Term) ပတ်သက်ပြီး ပြန်သုံးသပ်ရရင် တွေးစရာတွေ အများကြီးပါပဲ။ တစ်အချက်က တက်ခဲ့တဲ့အတန်း တွေမှာ ခက်ခဲပင်ပန်းတဲ့ အတန်းတွေ ပါသလို သာမန်လောက်ပဲ ကြိုးစားအားထုတ်ရတဲ့ အတန်းတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့အတန်းဆို ခက်လွန်းလို့ အတော်ကို စိတ်ဓါတ်မကျအောင် ကြိုးစားခဲ့ရပါတယ်။ နောက်တစ်ခုက ဇွဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခက်လွန်းလို့ ဒီဘာသာကို ဖြုတ်လိုက်တော့မယ်လို့ အခါခါစဉ်းစားပြီး အားတင်းဆက်တက်ခဲ့လို့ နောက်ပိုင်း ထင်သလောက် မခက်တော့တာ၊ ကိုယ် အများကြီး improve ဖြစ်လာတာ စသဖြင့်ပေါ့ဗျာ။

နှစ်အချက်က Grading နဲ့ပတ်သက်လို့တော့ ဂျပန်နိုင်ငံရဲ့ အချို့သော ပါမောက္ခများရဲ့ အကဲဖြတ်ချက်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်ဘ၀င်မကျပါဘူး။ အချို့သောဘာသာရပ်များမှာ၊ အချို့သော ပါမောက္ခများက စည်းကမ်းတိကျ တင်းကျပ်ပေမယ့် အချို့က flexible ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာသာရပ်တစ်ခု၊ နှစ်ခုမှာ အားလုံးနီးပါး (A) ရကြတယ်လို့ ထင်ပါတယ်။ ကိုယ်အပါအ၀င် အားလုံး (A) လိုချင်တာ မှန်ပေမယ့်၊ တစ်ဦးချင်းစီရဲ့ အားထုတ်မှုချင်း မတူတာ၊ အတန်းထဲမှာတင် ကိုယ့်အချင်းချင်း သိကြ၊ အတိုင်းအတာ တစ်ခုအထိ အကဲဖြတ်နိုင်တာမို့ အားလုံးသာ (A) ရကြရင် တကယ်ကြိုးစားသူအတွက် နစ်နာပါတယ်။ သိပ်မကြိုးစားသူကလည်း ငါပေါ့ပေါ့လုပ်လည်း အဆင့်ကောင်းမှာပဲလို့ မှတ်ယူသွားရင်၊ တစ်ဦးချင်းစီသာမကာ ရေရှည် ဂျပန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းပါ ကျဆင်းသွားနိုင်တယ်လို့ ယူဆပါတယ်။

ဘာပဲဖြစ်ဖြစ်၊ Grade A, B ဆိုတာ အကဲဖြတ် သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပြီး၊ ဘာသာရပ်တစ်ခု အပေါ်မှာ ကိုယ်ဘယ်လောက် တတ်ကျွမ်းသွားသလဲ၊ တစ်ကယ်ပဲ မှတ်ကျောက်တင်ခံနိုင်ပြီလား ဆိုတာက A, B ထက် ပိုပြီး တန်ဖိုးရှိမယ်လို့ ထင်ပါတယ်ဗျာ။


ကဲ နောက်ပိုစ့်များမှာမှပဲ ဂျပန်နိုင်ငံက ခက်တဲ့ဘာသာ၊ လွယ်တဲ့ဘာသာ သင်ပုံသင်နည်း ဆက်စဉ်းစားကြတာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ အခုသိရတဲ့ ဘာသာအချို့ အဆင့်ကောင်းခဲ့တာကြောင့် နောက်ထပ်ယူမယ့် ဘာသာတွေအတွက် ပိုကြိုးစားစေဖို့ motivation ရတာတော့ အမှန်ပါပဲ။

(ဖြည့်စွက်ချက်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု အတော်များများ ရခဲ့ပါတယ်။ ဖတ်ရှုသူအချို့က ကျွန်တော့်ကို ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးတယ်လို့ ထင်မှတ်မှားကြတယ် ထင်ပါရဲ့။ အမည်မဖော်ဘဲ လာလာ မေတ္တာပို့ကြလို့ C-Box ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပို့စ်ကို ဖျက်ပစ်ရင် ကောင်းမလားလို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့ပါတယ်။ ဒါပေမယ့် သေသေချာချာ ဖတ်မိကြမယ်ဆိုရင်တော့၊ ကျွန်တော့်ရဲ့ ဆိုလိုရင်း နဲ့ ကိုယ်ပိုင် ထင်မြင်ချက်ကို နားလည်သဘောပေါက်မယ် ထင်လို့ ဒီပို့စ်ကို မဖျက်တော့ပါ။ ဒါပေမယ့် နောက်နောင် ပို့စ်များ ရေးသားရာမှာ ဆင်ခြင်ဖို့ သင်ခန်းစာတစ်ခုတော့ ထပ်ရခဲ့ပါတယ်။)

5 comments:

  1. ကျွန်မက ထိုင်းနိုင်ငံ ရမ်ဂမ်ဟမ်တက္ကသိုလ်မှာ Master of Art in Mass Communication တက်နေပါတယ်။ ထိုင်းမှာ မာစတာကျောင်းသားတွေကို ဂရိတ်ပေးပုံက A A- B+ B ပေါ့တကယ်လို့ C အောက်ကျရင်တော့ ပြန်ဖြေ ပြန်တက်ပေါ့။ ဒါပေမယ့် ခုနက ပြောသလိုပဲ ဆရာတွေပေးတဲ့ ဂရိတ်က တစ်ခါတစ်လေ မတရားသလိုပဲ အထူးသဖြင့် ထိုင်းတွေကို ဘက်လိုက်တယ်လို့ထင်တယ် ထမင်းစားရေသောက်တောင် မနည်းပြောယူရတဲ့ ထိုင်းမတွေကို A ပေးလိုက်တာမျိုးပေါ့..အခုစာသင်နှစ်တော့ A နှစ်ခု B+ တစ်ခုရထားတယ် ဘာပဲပြောပြော နောက်ဆုံးပြောထားသလိုပဲ ဒီဘာသာကို တကယ်ပဲ နားလည်တဲ့အပေါ် စိတ်ဝင်စားတဲ့အပေါ် လေ့လာ တဲ့အပေါ် မူတည်ပြီး ကျွမ်းကျင်မယ်လို့ထင်ပါတယ် ဂျပန်ဂရိတ်ပေးနည်းတွေ ဖတ်သွားပါတယ် ကျေးဇူးပါ

    ReplyDelete
  2. မဆုမွန်ရေ၊ အစ်မတို့ Thesis လုပ်ရပုံကော ဘယ်လိုလဲ။ နောက်ကြုံရင် အစ်မဘလော့ဂ်မှာ ရေးပါဦး။ နှိုင်းယှဉ်ကြည့်လို့ရတာပေါ့ဗျာ။ နောက်ဘာသာတွေ Grade ပိုကောင်းဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်လည်း အခု 2nd Term ပြန်စပြီဖို့ စာတွေနဲ့ ပြန်ရှုပ်နေပါတယ်။

    ReplyDelete
  3. ကိုယ်ချင်းစာပါတယ်။ကြိုးစားတဲ့သူကပိုခံစားရတယ်ဆိုတာ။ဒီလိုခံစားချက်မျိုးကို။ဒါဟာဘယ့်သူကိုမှထိခိုက်ခြင်းလည်းမရှိတာမို့အတွေးမမှားဘူးလို့သာအားပေးခွင့်ပြုပါ။

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်ခင်ဗျား။

    ReplyDelete
  5.ွကွန်ဂရက်ကျူလေးရှင်းပါ အကိုလုံးတုံး။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။