Friday, March 27, 2009

ရောက်တတ်ရာရာ ခရီးသွား အတွေ့အကြုံများ


ကျွန်တော် အခုရောက်နေတာ ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းက နာဂိုယာမြို့မှာပါ။






(ကျွန်တော်ရိုက်ထားတဲ့ နာဂိုယာဘူတာ တ၀ိုက်၊ မြို့လယ်မြင်ကွင်းများပါ။)

ဖွံ့ဖြိုးတိုးတက်ပေမယ့် တိုကျိုမှာလို ပျော်စရာ၊ ရွှင်စရာ သွားစရာ၊ လာစရာတွေ မပေါဘူးလို့ ယူဆတာကြောင့် အားရင်အားသလို တိုကျို၊ ဒါမှမဟုတ် အခြားသော စိတ်ဝင်စားစရာကောင်းပြီး၊ မရောက်ဖူးသေးတဲ့နေရာတွေ သွားဖို့ ကျွန်တော်အမြဲ အခွင့်အလမ်း ရှာပါတယ်။

ဂျပန်မှာက အားလုံးသိကြတဲ့အတိုင်း အစစအရာရာ ဈေးကြီးတာကြောင့် သွားမယ့်နေရာတွေကိုလည်း ချင့်ချိန်ရွေးချယ်ရပါတယ်။ ချင့်ချိန်ရွေးချယ်ရင်းနဲ့ပဲ ဂျပန်ကိုရောက်ပြီး (၉) လအတွင်းမှာ မရောက်ဖူးသေးတဲ့ နေရာအတော်များများကို သွားဖြစ်ခဲ့ပါတယ်။ ကျောင်းသားဖြစ်တာကြောင့် ကျောင်းအားရက်များမှာ သွားတာ များပါတယ်။

သွားခဲ့ဖူးတဲ့နေရာတွေ ပြန်စဉ်းစားကြည့်ရင် Tokyo, Yokohama, Tsukuba, Ushiku, Kyoto, Nara, Osaka, Hiroshima, Kagoshima (Kyushu) နဲ့ Gifu (Ski Trip) တို့ကို ရောက်ပြီးသွားပါပြီ။ အချိန်တိုတိုအတွင်း အထူးသဖြင့် ဒီဇင်ဘာ နဲ့ မတ်လ အားလပ်ရက်များအတွင်းမှာ ဒီလောက်ခရီးပေါက်ခဲ့တာကို ကိုယ့်ဘာသာ ကိုယ်လည်း အတော်ကျေနပ်အားရပါတယ်။

တစ်နေရာချင်းအလိုက် စိတ်ဝင်စားစရာတွေ၊ လေ့လာမှတ်သားသင့်တာတွေ အများကြီးပါပဲ။ အချို့သော ခရီး တွေကို သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းများနဲ့ သွားခဲ့တာဖြစ်ပြီး၊ အချို့ခရီးများကိုတော့ တစ်ယောက်တည်းပဲ သွားခဲ့ပါတယ်။

ကျွန်တော်က တစ်ယောက်တည်း ခရီးသွားရတာကို အတော်ကို နှစ်သက်ပါတယ်။ ကျွန်တော့်ကို တစ်ချို့က မေးကြပါတယ်။ တစ်ယောက်တည်း ခရီးသွားရတာ မပျင်းဘူးလားတဲ့။ မပျင်းတဲ့ အပြင် ပျော်တောင်ပျော်သေး။ ကျွန်တော်ကတော့ တစ်ခါတစ်ရံ တစ်ယောက်တည်းသွားရတာ ပိုအရသာရှိတယ် လို့ထင်တယ်ဗျာ။

နောက်တစ်ခုက ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုကို နားလည်သလို ပြန်ပြောရရင် လူတစ်ယောက်ဟာ တစ်ယောက်တည်း၊ တစ်ကိုယ်တည်း ဖြစ်နေချိန်မှာ မပျော်ရင် အဖော်အပေါင်းနဲ့လည်း ပိုမပျော်ဘူးလို့ ဆိုပါ တယ်။ ဆိုလိုတာက တစ်ကယ်ပျော်ရွှင်တဲ့လူတစ်ယောက်ဟာ တစ်ယောက်တည်းလည်း ပျော်တယ်၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူရှိနေချိန်မှာလည်း ပျော်တယ်ပေါ့ဗျာ။ ဘယ်လိုထင်ပါသလဲ ဒီအယူအဆကို...။

တစ်ယောက်တည်း ခရီးသွားတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု (personal self confidence) ပိုတက်လာစေ တယ်လို့လည်း ထင်တယ်ဗျ။ နောက်တစ်ခုက နိုင်ငံခြားသား လူငယ်တွေ တစ်ယောက်တည်း ခရီးသွားလာ ကြတာ (Backpacking လုပ်တာ) ကို အားကျတာလည်း ပါတယ်လို့ ရိုးသားစွာ ၀န်ခံရမှာပါပဲ။ ဘာကို အားကျတာလဲဆိုတော့ ... သူတို့ဗျာ ငယ်ငယ်ရွယ်ရွယ် အသက် ၂၀ ၀န်းကျင်လောက်နဲ့ တစ်ခါမှ မရောက်ဖူး၊ မသွားဖူးတဲ့ နေရာတွေကို ကျောပိုးအိတ်တစ်လုံးလွယ်၊ Travel Guide Book ကိုင်၊ မြေပုံကိုင်ပြီး လျှောက်သွား စူးစမ်းကြတဲ့ စိတ်ဓါတ်ကိုပါ။

ကျွန်တော့်ရဲ့ နိုင်ငံရပ်ခြား တစ်ယောက်တည်း ပထမဆုံး Backpacking ခရီးသွားအတွေ့အကြုံက တော့ ၂၀၀၅ ခုနှစ်ခန့်က ဗီယက်နမ်နိုင်ငံကို သွားခဲ့တာပါပဲ။ ဘာ hotel reservation မှ မလုပ်၊ ဘာမှ Fixed လုပ်မထားဘဲ၊ တစ်ကယ့်ကို စိတ်လွတ်ကိုယ်လွတ် Backpacker လုပ်ခဲ့တာပါ။ ရင်ခုန်စရာ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါ တယ်။


(ကျွန်တော်ရိုက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးက ဈေးမြင်ကွင်း)

နောက်တစ်ခု Backpacker တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ယခင်က ထင်မြင်ခဲ့တဲ့ မှားယွင်းတဲ့ အယူအဆတစ်ခု ကို ပြောပြချင်ပါတယ်။

အရင်တုန်းက၊ ငယ်စဉ်တုန်းကပေါ့ဗျာ ကြားဖူးနားဝနဲ့ Tourist ဆိုရင် ဟိုတယ် အကောင်းစားမှာတည်း၊ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကောင်းကောင်းသွားတဲ့လူမှ တကယ့် Tourists လို့၊ Backpacker တွေဆိုတာ ကလေကချေတွေ၊ စုတ်တီးစုတ်ပြတ် ညစ်တီးညစ်ပတ်နဲ့ ပိုက်ဆံမရှိတဲ့ ကောင်တွေလို့ ကျွန်တော်ထင်ခဲ့တယ်ဗျ။ (တစ်ချို့ဆိုရင် ဈေးထဲ လူမြင်ကွင်းမှာ တီရှပ်တစ်ထည် အသစ်ဝယ်၊ လူမြင်ကွင်းမှာ ချွတ်လဲ၊ ၀တ်လာတာကို လွှတ်ပစ် စသဖြင့် ပြုမူချက်တွေကို တွေ့ဖူးတော့)

တစ်ကယ်တော့ ကျွန်တော့်ရဲ့ ဒီထင်မြင်ချက်မှားကြောင်း နောက်ပိုင်း ကိုယ်တိုင် Backpacker လုပ်၊ Backpacker တွေ တည်းတဲ့နေရာမှာတည်း၊ သူတို့တွေနဲ့ စကားစမြည် ပြောဆို ခင်မင်ရင်းနဲ့မှ သိမြင်လာ တယ်ဗျ။

ဥပမာဗျာ ကျွန်တော်တွေ့ဖူးတဲ့သူအချို့ အကြောင်းပြောရရင် ကမ္ဘာ့ကျောင်းကောင်းကြီးတွေက မဟာဘွဲ့၊ ပါရဂူဘွဲ့တွေ ရထားတဲ့သူများ၊ အချို့ဆိုရင် လက်ရှိ နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက် အောင်မြင်ခဲ့တဲ့ တက္ကသိုလ်များက အောင်မြင်ကြသူများ စသဖြင့် ပေါ့ဗျာ။ သူတို့တွေနဲ့ စကားပြောဆိုရတာ၊ ခရီးသွား အချင်းချင်း တစ်ယောက်အတွေ့အကြုံ တစ်ယောက် ဝေမျှကြရင်းနဲ့ ဗဟုသုတ အတော်ပဲတိုးပါတယ်။

ဒါကြောင့် Backpacker တွေနဲ့ပတ်သက်ရင် ကျွန်တော့် လက်ရှိထင်မြင်ချက်ကတော့ လူငယ်တွေ၊ အများအားဖြင့် ပညာတတ်တွေ၊ ခရီးသွားအတွေ့အကြုံများသူတွေ၊ ပိုက်ဆံနည်းနည်းနဲ့ နေရာဒေသ စုံလင် နှံ့စပ်အောင် သွားလိုတဲ့ Budget Traveller တွေလို့ ယူဆပါတယ်။ ဒါပေမယ့် စုံးပြူးတွေလည်း ရှိစမြဲပေါ့ဗျာ။

ဒီတော့ဗျာ ကျွန်တော်ကတော့ ကျွန်တော်တို့ လူမျိုးတွေ၊ အထူးသဖြင့် ကိုယ့်လို လူငယ်တွေကို ခရီးများများ ထွက်စေချင်၊ ခရီးသွား ဗဟုသုတ များများရစေချင်တယ်ဗျာ။ ဘာမဆို သူများပြောတဲ့ ကြားဖူးနားဝလောက်ကိုပဲ နားမယောင်ဘဲ ကိုယ်တိုင် actually witness လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုကတော့ ဒေးကာနက်ဂျီ နည်းလို့ပဲ ပြောရမလား လူစိမ်းနဲ့တွေ့ရင်၊ ကိုယ်နဲ့မသိ၊ မရင်းနှီးတဲ့သူတွေနဲ့တွေ့ရင်လည်း ကိုယ်ကစပြီး ပြုံးပြဖို့၊ စကားစပြောဖို့ ၀န်မလေးဖို့ပေါ့ဗျာ။ ဒါဆိုရင် တစ်ယောက်တည်းဖြစ်ဖြစ်၊ အပေါင်းအသင်း ရောင်းရင်းတွေနဲ့ ဖြစ်ဖြစ် အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ခရီးသွား Backpacking လုပ်နိုင်ကြမှာပါ။

4 comments:

  1. ခရီးသွားပို့စ်တွေ တင်ပေးတာကို ကျနော်တော့ အားပေးတယ်။ ကိုယ်တိုင်လဲ သွားဖြစ်တဲ့ ခရီးတွေကို ပုံတွေနဲ့ တင်ဖြစ်ခဲ့ဖူးတယ်။ ကိုလုံးတုံးကိုလဲ ပုံလေးတွေနဲ့တကွ... ခရီးသွားမှတ်တမ်းပို့စ်လေးတွေ တင်ဖြစ်ဖို့ တောင်းဆိုပါတယ်။ :)

    ReplyDelete
  2. ပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ်ရှင်

    ဘက်ပတ်တိုးရစ်တွေနဲံ့ပတ်သတ်ပြီး အရင်က အဲံလိုတွေးဖူးတယ် ထိုင်းရောက်မှ သူတို့အကြောင်းကို ပိုသိလာတယ်..လွတ်လပ်စွာ ခရီးသွားလာခြင်းကို ပိုမြင်ရတယ် ပို့စ်လေးကောင်းတယ် အားပေးနေမယ်နော်

    ReplyDelete
  3. တစ်ယောက်တည်း ခရီးသွားတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု (personal self confidence) ပိုတက်လာစေ တယ်လို့လည်း ထင်တယ်ဗျ။

    :)


    momiji

    ReplyDelete
  4. “လူတစ်ယောက်ဟာ တစ်ယောက်တည်း၊ တစ်ကိုယ်တည်း ဖြစ်နေချိန်မှာ မပျော်ရင် အဖော်အပေါင်းနဲ့လည်း ပိုမပျော်ဘူးလို့ ဆိုပါ တယ်။ ဆိုလိုတာက တစ်ကယ်ပျော်ရွှင်တဲ့လူတစ်ယောက်ဟာ တစ်ယောက်တည်းလည်း ပျော်တယ်၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူရှိနေချိန်မှာလည်း ပျော်တယ်ပေါ့ဗျာ။ ဘယ်လိုထင်ပါသလဲ ဒီအယူအဆကို...။” ကိုယ့်စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်လို့ အကိုလုံးကပြောချင်တာလားဗျ။ကိုယ့်အယူအဆနဲ့
    ကိုယ်ပေါ့ဗျာ။ ခရီးတွေအများကြီးသွားနိုင်တာတော့ တကယ်အားကျမိပါတယ်။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။