Wednesday, September 15, 2010

ပညာသင်ဆု၊ ဘ၀င်မြင့်ခြင်း၊ ဗဟုသုတ နှင့် အသိဉာဏ်ပညာ


(ဂျပန်နိုင်ငံက Academic Symposium တစ်ခုအတွင်းဝယ်)

အချက်အလက် ခိုင်မာချင်တာရယ်၊ တွေးစရာ ပါစေချင်တာရယ်ကြောင့် ပို့စ်တစ်ခုကို တော်တော်နဲ့ မရေးဖြစ်၊ အဆုံးမသတ်ဖြစ်ပါဘူး။ အချက်အလက်စု၊ လိုအပ်တာတွေ လိုက်ရှာဖတ်နေရင်းတုန်း ဦးစားပေးလုပ်ရမယ့် ကိစ္စက ပေါ်လာ၊ ဒီတော့ ရေးမယ်ရေးမယ် တေးထားပြီး မရေးဖြစ်တာတွေ များလာပါတယ်။

ဒါကြောင့် ဒီစာစုကိုတော့ အချက်အလက် (facts & references) ကို ဦးစားမပေးတော့ဘဲ စိတ်ထဲရှိတဲ့ တွေးမိတာတွေ ချရေးလိုက်တယ် ဗျာ။

ပထမဆုံးအနေနဲ့ ကတော့ လက်ရှိ နိုင်ငံတကာမှာ ပညာသင်ဆုတွေရလို့ အဆင့်မြင့် ဘွဲ့လွန်၊ ပါရဂူ ပညာရပ်များ သင်ကြားနေကြားတဲ့ ပညာသင်များနဲ့ ပတ်သက်ပြီး စဉ်းစားမိတဲ့ အချက်ပါပဲ။
ပညာသင်များလို့ ဒီနေရာမှာ ညွှန်းဆိုရာမှာ မြန်မာပညာသင်တွေကိုပဲ မဆိုလို ပါဘူး။ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ပညာသင်တွေ အားလုံးကို ယေဘုယျ ဆိုလိုတာပါ။
ဒီလိုပညာသင်ဆုတွေကို ဘယ်လိုလူတွေ ရကြပါသလဲ။ အများသိကြတဲ့အတိုင်း ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေကပေးတဲ့ ပညာသင်ဆုတွေကို သက်ဆိုင်ရာ ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများမှာ လက်ရှိ နေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက ပုဂ္ဂိုလ်တွေ နဲ့ နောက် ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတဲ့ နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ပညာသင်ဆုတွေ ရှာဖွေလျှောက်ကြရင်း ရကြတယ်လို့ ယေဘုယျ နားလည်ပါတယ်။

ဓနသဟာယ (Commonwealth) နိုင်ငံဝင် ဖြစ်ရင်လည်း၊ အဖွဲ့ဝင် ဖြစ်တဲ့အလျှောက် ရတဲ့ ပညာသင်ဆုတွေ၊ နောက် ဗြိတိသျှလက်အောက်ခံ ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့တဲ့အလျှောက် ရတဲ့ ကမ္ဘာကျော် ပညာသင်ဆုတွေ ရှိပါသေးတယ်။ ဥပမာ - Rhodes Scholarship လိုမျိုးပေါ့။ ကျွန်တော်တို့ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက ပညာတတ်တွေ အများကြီးပေါ်ထွက်နေတာ ဒီလိုပညာသင်ဆုတွေရဲ့ ကောင်းကျိုးပေါ့ဗျာ။

ဆိုလိုချင်တာက အခြေခံအားဖြင့် ပညာသင်ဆုတွေကို ဘာကြောင့် ပေးကြ၊ ရကြတာလဲ။ ဥပမာ - ဂျပန်နိုင်ငံ အနေနဲ့ ဆိုရင်တော့ စစ်လျော်ကြေးရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ စတင် ပေးခဲ့တာလို့ အကြမ်းဖျင်း သိပါတယ်။ စစ်လျော်ကြေးလို့ မသုံးဘဲ၊ ခေတ်ကာလအရ ODA (Official Development Assistance/ Aid) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်တယ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီ (Human Resources Development Aid) စသည်ဖြင့် သုံးနှုန်းတယ်လို့ ကျွန်တော် ယေဘုယျ သဘောပေါက်ပါတယ်။

နောက်တစ်ခုက ပညာတတ်တွေ နည်းပါးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေက ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးမှာ အထောက်အကူဖြစ်စေဖို့၊ ပြန်လည်ဖြန့်ဖြူး ဝေမျှပေးစေလို့တဲ့ (contribute လုပ်စေချင်တဲ့) ဆန္ဒ အလှူရှင်နိုင်ငံတိုင်းမှာ ရှိမှာပါ။ (Harvard က Professor Joseph Nye ထွင်ခဲ့သလို soft power ကြောင့်၊ ဘာကြောင့်လို့တော့ ထည့်မပြောလိုတော့ပါဘူး။ ဒါကို ခဏ ဘေးဖယ်ထားလိုက်ပါတယ်။)

ပညာသင်ဆုတွေ ရထားတဲ့ လူအချို့ကို ယေဘုယျ လေ့လာကြည့်လိုက်တော့ ဒီလိုအခြေခံအချက်လေးတွေကို မေ့ထားပြီး၊ ငါသိငါတော်ငါတတ်လို့ ပညာသင်ဆုရတယ် ဆိုတဲ့ စိတ်တွေက ၀င်နေကြတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ ကိုယ်ကြိုးစားအားထုတ်ခဲ့ရတယ်၊ ကံ၊ ဉာဏ်၊ ၀ီရိယ ပေါင်းဆုံပြီး ရတယ် ဆိုတာကို နားလည်ပါတယ်၊

ဒါပေမယ့်ဗျာ...ငါသိငါတော်ငါတတ် ပေမယ့်လည်း
အဖေတို့၊ အဖွားတို့ လက်ထက်က ခံခဲ့ရတဲ့ စစ်ဒဏ်ကြောင့် (တနည်းအားဖြင့်) မွဲနေ ဒုက္ခရောက်နေတဲ့ လူတွေအများကြီး ဘ၀တိုးတက်စေဖို့အတွက် ပေးတဲ့၊ ကိုယ်ရလာတဲ့ ပညာသင်ဆုက စဉ်းစားတတ်မယ်ဆိုရင် ကိုယ့်ပခုံးပေါ်မှာ အတော့်ကို တာဝန်ကြီးပါတယ်။ တာဝန်ယူစိတ်ရှိမယ်ဆို ၀န်ပိပါတယ်။

အဲ...နောက်တစ်ခုကတော့ ပညာသင်တွေ ဘာကိုမှ သေသေချာချာ စေ့စေ့ပေါက်ပေါက် မလေ့လာ၊ မသင်ယူရသေးဘူး တတ်ပြီအထင်နဲ့ ဘ၀င်မြင့်ကြတာပါပဲ။

ဒီနေရာမှာ အာဆီယံနိုင်ငံက ကျောင်းသားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်အကြောင်း ရယ်စရာ ပြောပြချင်ပါသေးတယ်။ သူက မဟာဘွဲ့ အတန်းတိုင်းမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် (intro) လုပ်တိုင်း ဘာသာရပ်တစ်ခုရဲ့ expert ဆိုတဲ့ အသုံးအနှုန်းကို အမြဲသုံးပါတယ်။ ဘာသာရပ်ကြီးတစ်ခုရဲ့ ခေါင်းစဉ်ခွဲတစ်ခုကိုတောင် နှစ်ပေါင်းများစွာ အသေးစိတ် လေ့လာကြတဲ့၊ လေ့လာနေတဲ့ ပါမောက္ခကြီးတွေတောင် ဒီလိုအသုံးအနှုန်းကို သုံးဖို့ အင်မတန် သတိထားကြတော့၊ သူမကြာခဏ ကိုယ့်ကိုယ်ကို expert လို့ ပြောဆို သုံးနှုန်း တာဟာ လူရယ်စရာ ဖြစ်သွားတာပေါ့ဗျာ။

ကျွန်တော်တို့တွေ ကိုယ်မသိတာကို မသိကြောင်း သိရပါမယ်။ မသိတာကို မသိကြောင်းပြောလို့ အထင်မကြီးလည်း ဂရုထားစရာ မလိုပါ။ ဆရာဒေါက်တာအောင်ထွန်းသက် အပြောနဲ့ဆို အဆင့်(၄) ဆင့် ခွဲခြား သိရမှာပါ။ မသိတာကို မသိ၊ မသိတာကို သိ၊ သိတာကို သိနဲ့ နောက်တစ်ခုတော့ မေ့နေပါတယ်။ (ကြိုဝန်ခံထားပါတယ်ဗျ။ ဒီပိုစ့်ကို reference တွေ မရှာတော့ဘဲ စိတ်ထဲ မှတ်မိတဲ့အတိုင်း ရေးကြောင်းကိုပါ။)

အနီးအနားက မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းအချို့ကို လေ့လာကြည့်မိတော့၊
မသိတာကို သိတယ် ထင်နေကြတဲ့ ပြဿနာကို သွားတွေ့ပါတယ်။ အတော်ကြောက်ဖို့ ကောင်းပါတယ်။ မသိတာကို သိတယ်လို့ ရိုးရိုးထင်ရင် အကြောင်းမဟုတ်ပါဘူး။ လူ့သဘောအတိုင်း မသိတာကို သိတယ်ထင်ပြီးနောက်၊ နောက်က တွဲကပ်ပါလာတဲ့ ဘ၀င်မြင့်မှုပါ။

ဒီစာစုဟာ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းရေးတဲ့ စာစု မဟုတ်၊ မဖြစ်လို တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ လိုလာပါပြီ။ လူဆိုတာ ကျင်လည်ရာ အသိုင်းအ၀ိုင်းအလိုက် ပြောင်းလဲတတ်တယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ရှိတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံ ယုံကြည်ပါတယ်။

ကျွန်တော် အခုလို ဘွဲ့လွန်ပညာ သင်ကြားဖို့ အခွင့်အရေး မရှိခဲ့စဉ်က ပညာရေး၊ ဘာသာရပ်နယ်ပယ်တွေ အကြောင်းကို သေသေချာချာ၊ ရည်ရည်လည်လည် မတွေးဖြစ်ခဲ့ပါဘူး။ မလေ့လာ ဖြစ်ခဲ့ဘူး။ ဥပမာ - မဟုတ်ကဟုတ်က website ကိုသာ ပိုက်ဆံ ပေးပြီး ၀င်ကြည့်ချင် ကြည့်မယ်၊ ပညာရေး (academic) ဆိုင်ရာ ဘာသာရပ် စာအုပ်ကိုတော့ Amazon က ၀ယ်ဖတ်ဖို့ သတိမရပါဘူး။ ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင်မှာသာ လိုအပ်တာ ဖြည့်ဆည်း လုပ်ကိုင်နေခဲ့တာပါ။

နောက်တစ်ခုက ကျွန်တော် ကျင်လည်ခဲ့တဲ့ ပညာရေးက အဝေးသင်။ အဝေးသင်ဆိုတဲ့အတိုင်း ဆရာ-တပည့် ထိတွေ့ဆက်ဆံမှုဆိုတာ တစ်နှစ်မှာ (၁၀) ရက်သာ ရှိခဲ့တာပါပဲလား။ ဒီရက်တိုမှာလည်း ပညာရဖို့ထက် စာမေးပွဲအောင်ဖို့ကသာ အဓိကသာ မဟုတ်ပါလား။ အဲဒီတော့ ကျွန်တော့်ကို ဘွဲ့ရခဲ့တဲ့ ပညာရပ်မှာ ဘွဲ့ရခဲ့စဉ်အထိ ဘာတတ်သလဲ မေးရင်၊ ဘာမှမတတ်ဘူးလို့သာ မရှက်ဘဲ ရိုးရိုးသားသား ဖြေရမှာပါပဲ။ ဒါကို အပြစ်တင်ရင်လည်း ခံရမှာပါပဲဗျ။

ဂျပန်ရောက်လို့ ဘွဲ့လွန်ပညာ ဆက်သင်ရတော့ ကိုယ့်ကိုယ်ကို သုံးသပ်မိတာတွေ ရှိပါတယ်။ အရင်က အင်္ဂလိပ်စာ ၀ါသနာနဲ့ နိုင်ငံတကာ သတင်းတွေ၊ ရုပ်ရှင်တွေ ၀ါသနာပါတာကြောင့်ရယ်၊ ရောက်ရာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာကိုတော့ တတ်အားသရွေ့ မဖြစ်မနေ ပုံမှန်ဖတ်တာကြောင့် ကိုယ့်ဘာသာကို ဟိုဟာကို သိ၊ ဒီဟာကိုသိလို့တော့ ထင်ခဲ့မိပါရဲ့။

ဒါတွေဟာ ဒီလိုအသိတွေဟာ တကယ်တမ်း academic နယ်ပယ်မှာ အသေးစိတ် ပြောဆိုဆွေးနွေးကြတော့ တကယ်ရေရေလည်လည် မသိသေးဘူးဆိုတာ ပေါ်လာပါတယ်။ အဲဒီမှာ ဆရာအောင်ထွန်းသက် စကားနဲ့ ပြောရရင် မသိတာတွေကို သိတယ်ထင်တဲ့ အနေအထားကနေ မသိတာတွေကို မသိကြောင်း ကိုယ့်ကိုယ်ကို သိလာပါတယ်။ အတော်ဝမ်းမြောက်မိပါတယ်။ မသိတာကို သိတယ်ထင်တာဟာ ကိုယ့်တိုးတက်မှုကို ရပ်တန့်လိုက်ကြောင်း သဘောပေါက်မိလာလို့ပါ။

ပညာရေးနယ်ပယ်က သီအိုရီတွေ၊ ယေဘုယျ သိသင့် မှန်ကန်တဲ့ (general truth) တွေ၊ ပြဌာန်းတည်ရှိပြီး လက်ရှိလက်ခံနေတဲ့ အခြေခံ အချက်အလက်အချို့ကို အခြေခံပြီး ဥပမာ ပေးရရင်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခု ဆိုပါတော့ သေသေချာချာ လေ့လာဖတ်ရှုမထားဘဲ အမှားကို အမှန်ထင်နေတဲ့အချက်ကို၊ နောက်ပိုင်း သေချာလေ့လာကြည့်လိုက်တော့ ကိုယ်နှစ်ပေါင်းများစွာ လက်ခံ သိလာတဲ့အချက်အား အမှားကြီးပါလား ဆိုတာကို သိမြင်လာတာမျိုးကို ယေဘုယျ ဆိုလိုတာပါ။

စကားလုံးတွေ အနေနဲ့ပဲ စဉ်းစားကြည့်မယ်ဆိုရင် transparency, accountability, rule of law, rule by law, top-down, bottom-up, centralized, decentralized စတဲ့ စကားလုံးတွေကို နိုင်ငံတကာနယ်ပယ်မှာ မကြာခဏ ပြောဆိုသုံးနှုန်းကြတာ ကြားဖူးပါတယ်။ တစ်ခါတစ်လေ ကျတော့ အဲဒီလို သုံးနှုန်းနေတဲ့ အသုံးအနှုန်းတွေကို စကားလုံးအနေနဲ့ ရင်းနှီးပေမယ့် တကယ့်ကို သဘောပေါက်မှုမှာ တစ်ခါတစ်ခါ ခဲယဉ်းနေတတ်ပါတယ်။

ကလေးအတွေးနဲ့ ဥပမာတစ်ခုထပ်ပေးရရင် မြန်မာနိုင်ငံကူးလက်မှတ်ရုံးမှာ နိုင်ငံကူးလက်မှတ် (အနီ) ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လုပ်ဖူးစဉ်ကတော့ ဘာကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောပြတာလဲ၊ ဘာတွေက အခု လိုလိုက်-မလိုလိုက် ဖြစ်နေတာလည်း ဆိုတာကို ငယ်စဉ်က တကယ့်ကို မစဉ်းစားတတ်ပါဘူး။ အခုစာတွေ ပြန်လေ့လာခွင့် ရတော့မှ...ဒါဟာ လူတွေ ပြောပြောနေတဲ့ transparency ပါလားဆိုပြီး ခပ်ရေးရေး သဘောပေါက်မိလာသလိုပေါ့ဗျာ။

ဒီစာစုမှာ နောက်တစ်ခု ဆွေးနွေးချင်တာကတော့ ဗဟုသုတ (knowledge) နဲ့ အသိဉာဏ်ပညာ (wisdom) ပါပဲ။ (အင်္ဂလိပ်စကားကို နားလည်သလို ဘာသာပြန်ထားတာဖြစ်လို့ ပိုကောင်းမယ့် ဘာသာပြန်ချက်ကို ကြိုဆိုပါတယ်။)

ပါမောက္ခတစ်ယောက်နဲ့လည်း ဒီကိစ္စကို ဆွေးနွေးကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ပညာရေးမှာ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ၊ စာတမ်းတွေဖတ်၊ မသိတဲ့ အချက်အလက်တွေ မှတ်နဲ့ လုံးလည်ချာလည် လိုက်နေပြီး၊ တကယ်ကော ဘ၀မှာ လိုအပ်တဲ့ အသိဥာဏ်ပညာတွေရကြ၊ တတ်မြောက်သွားကြ ပါသလားလို့ပေါ့။ အများသိဖူးပြီးသား ဖြစ်နိုင်ပေမယ့်လည်း၊ ကိုယ့်ဆရာ ပြန်ဆွေးနွေးလို့ ခေါင်းထဲကျန်ခဲ့တဲ့ အချက်ကတော့
စာအုပ်စာတမ်းတွေ များများဖတ်တာ ဗဟုသုတ (knowledge) တွေ များများရကြောင်း၊ ဒါပေမယ့် တကယ့် အသိဉာဏ်ပညာ (wisdom) လိုချင်ရင်တော့ လူတွေနဲ့ များများ ပြောဆိုပေါင်းဖက်ဆက်ဆံရမယ် (socialize လုပ်ရမယ်) ဆိုတာကိုပါ။ ဒီနည်းနဲ့သာ (wisdom) ရမယ်လို့ သူက ဆိုတယ်ဗျ။

ဒီအဆိုကိုတော့ သဘောကျမိပါတယ်။ ဒီအဆိုနဲ့ ဆက်စပ်ပြီး စဉ်းစားစရာတွေလည်း အများကြီးရသွားပါတယ်။ knowledge vs. wisdom ကို နှိုင်းယဉ် (compare and contrast လုပ်) ကြည့်ရင်းနဲ့ အောက်က မေးခွန်းတွေကို တွေးမိတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်၊ မေးခွန်းထုတ်မိတယ်...

၁) နိုင်ငံတကာရောက် ပညာသင်တွေ ဘယ်သူတွေနဲ့ socialize လုပ်ကြပါသလဲ။
၂) ကိုယ့်နိုင်ငံသား အချင်းချင်းပဲလား။
၃) နိုင်ငံတကာ ကျောင်းသား အရေအတွက် ဘယ်လောက်များများ နဲ့ အချိန် ဘယ်လောက်များများ ပေးပြီး socialize လုပ်ကြပါသလဲ။
၎) လုပ်ဖြစ်ကြပါသလား။
၅) လုပ်ရန်ကော ကြိုးစားကြပါသလား။
၆) နိုင်ငံတူ၊ လူမျိုးတူ၊ ဘာသာတူချင်းနဲ့ပဲ ပြောဆိုပေါင်းဖက် ဆက်ဆံနေကြပါသလား။
၇) အတင်းအဖျင်း (gossiping) နဲ့သာ အချိန်ကုန်နေကြပါသလား။
၈) နိုင်ငံတကာပညာရေးရဲ့ အနှစ်အရသာကို သတိပြု၊ ခံစားမိကြပါရဲ့လား...။

ဗဟုသုတရမယ့် စာအုပ်စာပေတွေကော သတ်မှတ်အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အရေအတွက် ဘယ်လောက် ဖတ်ရှုပြီးပါပြီလဲ။ တချို့မိတ်ဆွေတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာတုန်းက စာဖတ်ဖို့ အချိန် မရ၊ အချိန် မရှိကြောင်းကိုပါ။
ပညာသင်အနေနဲ့ စာဖတ်ဖို့ အချိန်ရတော့ကော တကယ် စာဖတ်ဖြစ်ကြပါသလား။ ဘာသာရေး စကားနဲ့ ယေဘုယျပြောရရင် ပါပ (မကောင်းမှု၊ အပိုအလုပ်၊ အရှုပ်) တွေနဲ့ပဲ အချိန်ကုန်နေပြီလား။ (ဒီနေရာမှာ Facebook ကို ပါပ စာရင်းသွင်းသင့်- မသင့်)
ဖတ်ပြီးသမျှကိုကော ရေရေလည်လည် သဘောပေါက်ပါရဲ့လား။ မိမိသဘောပေါက် နားလည်တာဟာ တကယ်မှန်ကန်ကြောင်းကိုကော ကျွမ်းကျင်သူတွေနဲ့ ပြန်လည်ဆွေးနွေး ဖြစ်ခဲ့ပါလား။ (စာဖတ်တိုင်း အမှန် သဘောမပေါက်တာတွေ များလွန်းလှပါတယ်ဗျာ။)

အဆင့်မြင့်ပညာရေး နယ်ပယ်မှာ အမှန်တကယ် ပညာ တတ်မြောက်မှု-မတတ်မြောက်မှုကို ကနဦးအနေနဲ့ အလွယ်ကူဆုံး တိုင်းတာနိုင်တာ တစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ ထုတ်ဝေခြင်း (publication) ပါပဲ။ မိမိရဲ့ စာအုပ်၊ စာတမ်း (books & articles) တွေကို နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်ထုတ်ဝေရေးတွေ၊ ပညာရပ်နယ်ပယ်ဆိုင်ရာ ဂျာနယ်တွေက လက်ခံ ထုတ်ဝေတာပါပဲ။ ဒီလိုနည်းနဲ့တော့ မိမိ အမှန်တကယ် တတ်မြောက်ခြင်း ရှိ-မရှိ စိစစ်နိုင်ပါတယ်။

ဂျပန်နိုင်ငံ ပညာရေးနယ်ပယ်မှာ လေ့လာကြည့်ရသလောက် ယနေ့ခေတ် မြန်မာနိုင်ငံ အပါအ၀င် ဖွံဖြိုးဆဲ၊ ဖွံဖြိုးလတ္တံသော နိုင်ငံများက မဟာဘွဲ့ကျောင်းသားများကတော့ publication လုပ်နိုင်တာ အတော့်ကို ရှားပါးတယ်။ ပါရဂူဘွဲ့ ကျောင်းသားတွေတောင် ပါရဂူဘွဲ့ကျမ်းအတွက် မဖြစ်မနေ ထုတ်ဝေကြရမှာ ဖြစ်လို့ အနိမ့်ဆုံး ကိုယ့်တက္ကသိုလ်၊ ဌာနမှာ ထုတ်ဝေခွင့် ရအောင် မနည်း ကြိုးစားနေရတာ မဟုတ်ပါလားဗျာ။

အရင့်အရင်ခေတ်များက မြန်မာပညာတော်သင်များ အတော်ထူးချွန်ကြပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ ဥပဒေနယ်ပယ်က ဥပမာတစ်ခု ထပ်ပြရရင်
ကျွန်တော်တို့တွေ အခုထုတ်ဝေခွင့် ရဖို့ ဝေးစွ၊ နားလည်သဘောက်ပေါက်အောင်တောင် မနည်းဖတ်နေရတဲ့ ကမ္ဘာ့ အဆင့်မီ International & Comparative Law Quarterly တို့လို ဂျာနယ်မှာ တစ်ခေတ်တစ်ခါက သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမောင်မောင်တို့လို့ မြန်မာပညာရှင်တွေ ကောင်းကောင်း ထုတ်ဝေနိုင်ခဲ့ပါတယ်။ လန်ဒန်၊ SOAS (School of Oriental and African Studies) က Bulletin တွေမှာ မြန်မာပညာရှင်တွေ ကောင်းကောင်း နေရာယူနိုင်ခဲ့ပါတယ်။

ယနေ့ခေတ် ပညာသင်ဆုရတဲ့ မြန်မာပညာသင်တွေကို လေ့လာကြည့်ရင် ဂျပန်ပြန်တွေ အပါအ၀င် အာရှပြန်၊ အရှေ့တောင်အာရှပြန် တွေ များလာပါတယ်။ ဒီနေရာမှာ ပီရူးနိုင်ငံက ကျွန်တော့်ရဲ့ အတန်းဖော်သူငယ်ချင်း ပြောပြတာကလည်း စဉ်းစားစရာပါ။ သူက သူ့ရဲ့အင်မတန်ကောင်းတယ်လို့ ယူဆရတဲ့ Term Paper တစ်ခုကို LSE (London School of Economics and Political Science) ကျောင်းတက် ညီမဖြစ်သူကို edit လုပ်ဖို့ ပေးပို့ရာမှာတော့ ညီမက မင်းရဲ့ စာတမ်းသာ LSE မှာဆိုရင် (C) Grade မပြောနဲ့ (F) Fail မဖြစ်ရင် ကံကောင်းကြောင်း မှတ်ချက်ပြုသဗျ။ (သူက ဂျပန်မှာတော့ straight A ကျောင်းသားပေါ့ဗျာ။)

ဒါကြောင့် public sector ကပဲ ဖြစ်ဖြစ်၊ private sector ကပဲဖြစ်ဖြစ် ပညာသင်ဆုများ ရရှိခဲ့ဖူးတယ်၊ ရရှိထားတယ် ဆိုရင်ဖြင့် မိမိတို့ တော်လို့တတ်လို့ ဆိုတာထက် ထမ်းထားရတဲ့ ၀န်ကို မြင်စေချင်ပါတယ်။ ကိုယ်တကယ် တတ်-မတတ် မှတ်ကျောက်တင် ခံနိုင်ပြီလား ဆိုတာကို ကိုယ့်ဘာသာ ကိုယ်သာ စိစစ်ကြဖို့ နဲ့ ကိုယ်စီကိုင စဉ်းစားထားတဲ့ လက်ဆင့်ကမ်း ပြန်လည်ဖြန့်ဖြူးပေးမယ့် အစီအစဉ် (contribution plans) လေးတွေကို ကြားချင်နေမိတယ်ဗျာ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင် မခံနိုင်ရင်၊ မဖြန့်ဖြူးပေးနိုင်ခဲ့ရင်တောင် ကိုယ့်လောက် ကံမကောင်း အကြောင်းမလှတဲ့ ကိုယ့်ပြည်က (less fortunate) တွေ အပေါ်မှာ public/ private sector က ပညာသင်တွေ အနေနဲ့ ဘ၀င်တော့ မမြင့်ထိုက်ကြောင်း တွေးဆနိုင်ပါစေဗျာ...။

13 comments:

  1. နှစ်သက်မိပါတယ်
    logicalဖြစ်တဲ့စာစုမို့ပါ။

    ReplyDelete
  2. ကိုလုံးတုံး စာတွေ ဖတ်ပြီးတိုင်း ကိုယ့်အတွက် အသိတခုရလိုက်လို့ ကျေးဇူးတင်တယ်။

    ReplyDelete
  3. ကိုလုံးတုန်းရေ
    မင်္ဂလာပါ။
    အများကြီးတွေးပြီးရေးထားလို့ ပြန်တွေးစရာတွေအများကြီးရစေပါတယ်။

    ကျွန်မကျောင်းတက်တုန်းက ဂျပန်အစိုးရပညာသင်ဆုနဲ့ လာတဲ့ အများစုက အစိုးရ၀န်ထမ်းတွေပါ။ဆရာ၊ ဆရာမနဲ့ အရာရှိကြီးတွေနဲ့ ၊၊ အစိုးရဖွဲ့စည်းတားတဲ့ အဖွဲ့က သူတွေကိုတွေ့ပဲတွေ့ရပါတယ်။

    မြန်မာပြည်ကနေ “အစိုးရပညာသင်ဆု” နဲ့လာတဲပ အရပ်သားဆိုရင် စက်မှုတက္ကသိုလ်က များပါတယ်။

    အဲဒါကတော့ ကျွန်မကြုံရတဲ့ ပတ်ဝန်းကျင်သေးသေးလေးပေါ့။

    အလွတ်ကိုယ့်ဘာသာကို ကျောင်းလားတက်တဲ့သူတွေကတော့ ဒီရောက်ပြီးမှ စာမေးပွဲ (သို့) စည်းကမ်းချက်များ နဲ့ ရွေးချယ်ခြင်းခံရတဲ့ ပညာသင်ဆုကြေး အမျိုးမျိုးပါ။ လွယ်တဲ့ စာမေးပွဲ (သို့) စည်းကမ်းချက်များ ရှိသလို ၊ ခက်တဲ့ စာမေးပွဲ (သို့) စည်းကမ်းချက်များလည်း ရှိပါတယ်။
    အဲဒီကတဆင့် ခက်ပြီး အောင်မှတ်ရအောင်ဖြေနိုင်တယ်။ စည်းကမ်းချက်လည်း အကျုံးဝင်တယ်ပဲထားဦး ပေးမယ့်ဦးရည်က ကန့်သတ်လို့ ဘာမှာ မကွာပဲနဲ့ ကျောင်းဝင်ခွင့် စီနီယာနဲ့ ဖြတ်ချခံရသူမျိုးလည်း တွေ့ခဲ့ဘူးပါတယ်။

    ဒီပို့စ်ကို ဖတ်ရတာ ကိုယ်ရတဲ့ ပညာသင်ဆုရဲ့ အတိမ်အနက်၊ တာဝန်ဝတ္တရားကို သိဘို့လို့ သဘောပေါက်မိပါတယ်။

    ⇒ 

    ReplyDelete
  4. ဒီနေရာမှာ ကျွန်မတွေးမိတာကတော့ ကျွန်မပတ်ဝန်းကျင်မှာ ဂျပန်အစိုးရ ပညာသင်ဆုကို သာမန်အစိုးရ၀န်ထမ်းမဟုတ်သူတွေရကြတာ တခြားနိုင်ငံခြားကျောင်းသားတွေထက် မြန်မာကျောင်းသားတွေက မရှိသလောက်နည်းပါတယ်။

    အဲဒါကို အချက်အလက်အထောက်အထားနဲ့ မပြနိုင်ပေမယ့် အများစုကြုံတွေ့ဘူးကြလို့ လက်ခံနိုင်မယ်ထင်ပါတယ်။

    ဒီရောက်မှ အရည်အချင်းစစ်များကို ကျော်လွှားပြီး ပညာသင်ဆုရတဲ့ အစိုးရ၀န်ထမ်းမဟုတ်တဲ့သူတွေလည်းတော်တော်ရှိပါတယ်။

    အချုပ်ပြောရရင်တော့
    ၁။ တချိ့တိုင်းပြည်များအတိုင်း ကိုယ့်တိုင်းပြည်စထွက်ကတည်းက ဂျပန်အစိုးရပညာသင်ဆုနဲ့ လာတဲ့ အစိုးရ၀န်ထမ်းမဟုတ်တဲ့ကျောင်းသားတွေများလာစေချင်ပါတယ်။
    (ဘယ်လိုလုပ်ရမယ်ဆိုတာတော့ မသိဘူးပေါ့နော်)
    ၂။ ပညာသင်ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာပြည်အတွက်ဆိုပြီး
    publicationလုပ်ဘို့အတွက် ဂျပန်နိုင်ငံအတွင်းမှာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လွန် နဲ့ ပါရဂူဘွဲ့ယူတဲ့ အချိန်မှာတော့ ထုတ်ပြန်ကြတယ်လေ။ မထုတ်လို့လည်းမရဘူးဆိုတော့။ သို့သော်မြန်မာပြည်အတွက် ဆိုပြီး ထုတ်ပြန်ဘို့ကတော့စာအုပ်ထုတ်။ မဂ္ဂဇင်းတွေမှာရေးပဲရှိတယ်လေ။အဲဒါကလည်း ဂျပန်မှာဆက်လက်အလုပ်လုပ်သူတွေ အတွက်က ကိုယ်တတ်တဲ့ပညာကို မြန်မာပြည်ကို contribute လုပ်ဘို့ခက်ပါတယ်။ (ကျွန်မအတွက်)
    တကယ်လို့ကိုယ်က မြန်မာပြည်က တက္ကသိုလ်တွေကိုသွားပြီး ကိုယ်သင်ခဲ့ရတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး ဗဟုသုတတွေဖြန့်ဝေချင်တယ် ဒါမှမဟုတ် သက်ဆိုင်ရာဘာသာရပ်စာစောင်တွေကိုထည့်ချင်ပေမယ့် ဒါကလည်း ဘယ်သူမှ မလုပ်ဘူးသလို၊ အစိုးရကလည်း လက်ခံဦးမှဖြစ်မယ်။

    ကျွန်မကတော့ အဲလိုတွေးမိတာပါပဲ။

    ReplyDelete
  5. အများစုရည်ရွယ်ချက်က စကော်လာသည် ပိုက်ဆံတဲ့။ ကျနော်တို့ နိုင်ငံတကာ ကျောင်းသားအချင်းချင်းဆွေးနွေးဖြစ်တယ်။ ကျနော်တို့ ဆီမှာကျတော့ လာကတည်းက ဂျပန်အစိုးရစကော်လာနဲ့လာသူတော်၂များ၂ဟာ အစိုးရကစေလွှတ်သူတွေဖြစ်ပီး ပန်းချီ ပန်းပုလိုဟာမျိုးက အစချီပီး လွှတ်ပေးခြင်းခံရသူတွေထဲမှာ အင်ဂျင်နီယာပါဝင်မှုဟာ ၁% ပဲရှိပါတယ်။

    ကျနော်ကတော့ ဂျပန်ကိုလာရတဲ့ ရည်ရွယ်ချက်က
    ၁။ ဘွဲ့လွန်ကို နိုင်ငံခြားမှာပဲယူဖို့ ငယ်ကတည်းကဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် စကော်လာကို နည်းမျိုးစုံ ရှာပီး ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ တော်လွန်းလို့တော့ မထင်ပါဘူး။အဆင့်ပေါင်းများစွာ နှစ်ပေါင်းများစွာ အပြင် ဂျပန်ကလာလုပ်တဲ့ အင်တာဗျူးတွေမှာ ကျနော်ပါခဲ့တာကြီးပါပဲ။ အကြောင်းမတိုက်ဆိုင် ကံအဆင်မပြေတော့ မရဘူးပေါ့ဗျာ။ ကျနော်ကတော့ နောက်ဆုံးစိတ်လျှော့ချိန်ကျမှပဲ စကော်လာဆိုတာကို လက်ဝယ်ရရှိခဲ့ပါတယ်။
    ၂။ ဒါကတော့ ပွင့်လင်းစွာပြောရရင် စကော်လာကနေ ရတဲ့ပိုက်ဆံဟာ မြန်မာပြည်ပြန်ရင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်တယ်လို့ယုံကြည်လို့ပါပဲ

    ကျနော်ကတော့ နီုင်ငံတကာ ကျောင်းသားတွေနဲ့ဆွေးနွေးရတာ သဘောကျတယ်။ ပတ်ဝန်းကျင်မှာလဲ မြန်မာသိပ်မရှိတာလဲပါတာကိုး။
    ကျနော်တို့ တွေ ဟာ အာရှကလာတယ်..သိတဲ့အတိုင်း ဂျပန်ကပေးတဲ့စကော်လာဟာ ကျနော်တို့တွေရဲ့ ဘိုးဘွားတွေလက်ထပ်က အကြောင်းကို ဖုံးလွှမ်းစေချင်လို့ဆိုတာ ကျနော်တို့အားလုံးလက်ခံထားကြတယ်။ အချင်းချင်းဆို ပြောဖြစ်ကြတာများပါတယ်။ ဥပမာ..တရုပ် ကိုးရီးယား အပါအ၀င် အခြားနိုင်ငံခြားသားတွေပေါ့။

    မြတ်နိုး

    ReplyDelete
  6. ကျနော် ဂျပန်ကိုမလာခင်ကတော့ ကျနော်ဟာ ဒီနိုင်ငံမှာ ဒေါက်တာပီးတဲ့အထိနေဖို့ရည်ရွယ်ခဲ့တာပါပဲ။ ဒါမဲ့.. ဒီကိုရောက်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ ပညာသင်ကြားရေး အဆင့်အတန်းကိုကြည့်ပီး ... ကိုယ့်လိပ်ပြာကိုယ်မလုံသလိုခံစားရတယ်။ ကိုယ်တိုင်ကလဲ သိပ်တော့ မတော်ပါဘူး..ဒါမဲ့..။ သိပ်လွယ်ကူလွန်းနေတဲ့ ဘွဲ့တခုရဖို့ .. ဆရာနဲ့ပြေလည်ရင်ပြေလည်သလိုရဖို့... ၀င်ခွင့်စာမေးပွဲဖြေခါနီး ဆရာအားပေးတဲ့စကားကိုကြားရပီးတဲ့နောက်မှာ မာစတာပီးတာနဲ့ပြန်ပီးအခြားယူကေတို့လို ဥရောပတို့လိုတွေမှာ ဒေါက်တာဆက်တက်ချင်လာပါတယ်။ ဒီမှာ လိုကိုမလိုချင်တော့တာပါ။ အဲလိုပြောလို့ ကိုယ်သိပ်တော်နေတယ်လို့မထင်ပါနဲ့။ ဆရာ့စကားက ဘာလဲဆိုတော့ .. နင်ဟာ အလည်အလပ်လောက် ဖြစ်နေရင်တောင်အောင်တယ်။ သိပ်တော်ရင်တော့ပိုကောင်းတာပေါ့တဲ့။ ငါတို့တွေက နိုင်ငံခြားသားတပည့်လိုချင်လို့..တဲ့ဒါတောင်ဂျပန်နိုင်ငံက သိပ္ပံပညာရှင်အများဆုံးထွက်တဲ့ နာမည်၂ နေရာကကျောင်းနော်။

    အဲလိုပဲ ကိုလုံးတုံးပြောသလို စကော်လာရလို့ ငါတို့သိပ်တော်တယ်လို့ပြောသလိုမျိုးခံစားရတဲ့ ဗမာတွေလည်းတွေ့ခဲ့ဘူးပါတယ်။ သူတို့လဲ ကျနော်တို့ကျောင်းကပါပဲ။ ဌာနမတူတော့ စည်းမျဉ်းမတူဘူးပေါ့။ သူတို့ဆို စကော်လာရရင် ၀င်ခွင့်မလိုဘူးဆိုပဲ။ ပြောလိုက်ရတယ်။ ၀င်ခွင့်မှာ စကော်လာရပီး ကျသွားတဲ့ကျောင်းသားတွေ ရှိနေဆဲပါလို့။ ၀င်ခွင့်ကလည်း ရီစရာတော့ ကောင်းပြန်ပါသေးတယ်။ ဌာနတခုမှာ ကိုယ်က ၀င်ခွင့်လျှောက်ပီဆိုပါဆို့..စကော်လာရနေပေမဲ့လဲ .. အဲ့ဒီဌာနမှာ ကျောင်းသားဦးရေ သတ်မှတ်ချက်ထက်ကျော်ပီဆိုရင် အတော်ကိုကြိုးစားရပါပီ။ သတ်မှတ်ကျောင်းသား မရှိဘူးဆိုရင်တော့ တခါတော်တော်မတော်တော် လက်ခံပြန်ပါတယ်.. ဒါတွေက နဲနဲပဲ ရှိသေးတယ်နော်.. ပြောလိုက်ရင် သိပ်များနေမှာမို့ ဒီမှာပဲ ရပ်လိုက်မယ်။ ဒီအကြောင်းကတော့ ..

    ဒါမဲ့ကျနော်ကျောင်းပီးတော့ ဒီမှာပဲအလုပ်ဆက်လုပ်လို့ ဒေါက်ပြန်ယူဖို့လုပ်နေတယ်. ပီးမပီးတော့ မသိသေးဘူးပေါ့..။ ကိုယ့်လိပ်ပြာတော့ ကိုယ်မလုံပါဘူး။ တရားဝင်သတ်မှတ်ချက်က အင်တာနေရှင်နယ်မှာ ပေပါအနဲဆုံး၁စောင်ဆိုပေမဲ့ မျက်စိရှေ့မှာတင် ဆရာနဲ့မတဲ့လို့ ဘွဲ့မရသူတွေရယ် .. အင်တာနေရှင်နယ်၁စောင်မှမထုတ်နိုင်ပဲ ဒေါက်ရသွားသူတွေရယ်..
    သုတေသန မပီးသေးပဲနဲ့ ဆရာထောက်ခံချက်နဲ့ ရသွားသူတွေရယ်ကိုတွေ့နေရတော့... ဟင်းးးးး သက်ပြင်းမောကိုချလျက်.. ကိုယ့်လိပ်ပြာကိုယ်မလုံလျက်... ရှိနေပါကြောင်း

    မြတ်နိုး

    ReplyDelete
  7. ကျနော်အပေါ်ကပြောခဲ့တာ ပညာရေးနဲ့ပက်သက်တဲ့ ဂျပန်ကအကြောင်းပါ။ ဒါမဲ့ တခုကြိုက်တာက ကိုယ့်ကို စာတွေဖတ်ခိုင်းတဲ့အခါ ကိုယ်ကြိုက်သလိုစာတမ်းတွေ ရေးရတဲအခါ ကိုယ့်မှာ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေတိုးပါတယ်။

    အများစုက တော့ လိုအပ်ချိန်မှ စာဖတ်ပီး အင်တာနက် သုံးချိန်များပါတယ်။ ကျနော့်အပါအ၀င်ပေါ့။

    ကျနော်ရဲ့နောက်ဆုံးသုံးသပ်ချက်က ဂျပန်က ဘွဲ့ရတယ်ဆိုတိုင်း ကျနော်ကတော့ .... အင်း.. အထင်ကြီးဖို့ ခက်တယ်ဆိုတာပါပဲ။ ကျောင်းပေါ်လဲမူတည်သလို ဆရာပေါ်လဲမူတည်ပါတယ်။ ကျနော်လဲ ညံ့ပါသေးတယ်။ ကြိုးစားဖို့အတော်လိုပါသေးတယ်။

    ကျန်ခဲ့လို့..ကျနော့်သူငယ်ချင်းဆို တောကျောင်းမှာတက်ခဲ့ရတယ်.. ပစည်းမစုံဘာမစုံနဲ့ ယောင်္ကျားလေးမို့သာတော်တော့တယ်။ ဆရာကပင်စင်ယူခါနီးလို့ အစိုးရကချပေးသမျှတွေဘုန်း.. ပြောမယ်ဆိုအများကြိး စာအုပ်ဖတ်ချင်ပေမဲ့ ကျောင်းက မပံ့ပိုးလို့ကျနော့်ကျောင်းကနေ အတော်များ၂ သူ့အတွက်ဒေါင်းပေးခဲ့ရဘူးတယ်။ သူလား..ဒေါက်မရသွားခဲ့ဘူး ဆရာနဲ့မတဲ့လို့။ ဘယ်လောက်ဆိုးလဲဆို သူလုပ်ချင်တာ လုပ်ခွင့်မရလို့ ဆရာ့ဘာသာနဲ့ သူစိတ်ဝင်စားတာနဲ့မကိုက်လို့ ဆရာပြောင်းတာကအစ ခွင့်မပေးဘူး.ဘယ်ပေးမလဲ ဂျပန်မှာ စကော်လာတယောက်ကို ဆရာတယောက်ကလက်ခံရင် ကိုယ်တွေရတဲ့ပိုက်ဆံထက် ၂ဆလောက်နီးနီးဆရာက ရတယ်။ ပီးတော့စာအုပ်စာတမ်းကြေးပါရတယ်လေ။ ဒါကို ဆရာတွေက ကျောင်းသားတွေအတွက် သုံးတဲ့သူတွေရှိသလို မသုံးတဲ့သူတွေ၇ှိတယ် ..) အင်း... အဲဒါကြောင့် မြန်မာပြည်အစိုးရက အင်ဂျင်နီယာတွေ (မောင်သောင်းတပည့်ကလွဲလို့) နိုင်ငံခြားပညာသင်မလွှတ်တာနေမယ် ..ကျနော်သိသလောက် အင်ယာတွေကိုယ့်ဘာသာကိုယ်ကြိုးစားပီးလာရသူတွေများတယ်။

    မြတ်နိုး

    ReplyDelete
  8. တစ်က ကိုယ့်ဆီက နေ-- စ-- ပြင်ပြီး နမူနာ လုပ်ပြပါ။ ပို့စ်တွေ ရေးတာလဲ ရေးပေါ့။ ဘာတွေ ကိုယ်လုပ်ခဲ့ပြီး ပြီဆိုတာကို ပို့စ်မှာတင်ရင် သူများ က ဘာလုပ်လို့ရတယ် ဆိုတာသိလိမ့်မယ်။

    ReplyDelete
  9. ပညာသင်တွေအားလုံး ဖတ်ဖို့သင့်တဲ့ ပိုစ်တစ်ခုပါ။ ဒီပိုစ်ဖတ်ပြီး လက်တွေ့ မလုပ်ဆောင်နိုင်သေးခင်မှာ တွေးစရာတွေ အများကြီးရပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ဘ၀င်မြင့်ဖို့ နေနေသာသာ သူတို့ ဂျပန်ကျောင်းသားတွေနဲ့ level တူလိုက်ဖို့ မနည်းရုန်းနေရတယ်။

    ReplyDelete
  10. ကိုLonetone ဘလော့ကိုလာဖတ်ဖြစ်ပါတယ်။ တွေးမိတာတွေရေးပါလို့တိုက်တွန်းပါတယ်။ ဂျပန်မှာ မြန်မာကျောင်းသားတွေတက္ကသိုလ်တက်ပြီးကော်လံဖြူအလုပ်မျိုးလုပ်တာပိုပြီးမြင်ချင်ပါတယ်။

    ကျွန်မလည်းဒီပို့စ်ကို ဖတ်အပြီးမှာ အထက်မှတယောက်ရေးထားတဲ့ သဘောမျိုး သူများတွေကထားလိုက်ပါတော့ ကိုlonetone ရဲ့ပြန်လည်ဖြန့်ဖြူးပေးမယ့် အစီအစဉ် (contribution plans) လေးတွေကို ကြားချင်မိပါတယ်။့ (ကျွန်မခန့်မှန်းသလောက်ကိုlonetone ရဲ့အနီးပတ်ဝန်းကျင်က အစိုးရဝန်ထမ်းကျောင်းသားတွေဖြစ်ပုံရတယ်။ မှားသွားရင်တော့ sorryပါ ။တခြားနိုင်ငံတွေတော့ထည့်မပြောတော့ပါဘူး။ဂျပန်မှာစကော်လားရှစ်အကောင်းစားတွေ-ဥပမာ JDS ဆိုရင် သူများနိုင်ငံမှာ private နဲ့မျှရ ပေမဲ့ မြန်မာမှာတော့အစိုးရဝန်ထမ်းပဲရကြတာပဲ၊ တခြားကောင်းတဲ့စကော်လားရှစ်တွေဆိုရင်လည်း private ကျောင်းသားတွေအတွက် competition အရမ်းများတယ်။ အဲဒီတော့ဂျပန်မှာတက္ကသိုလ်တက်တဲ့မြန်မာတွေထဲမှာ အကြမ်းအားဖြင့် privateကျောင်းသားတွေထက်အစိုးရဝန်ထမ်းတွေကပိုများတယ်ဆိုတော့အနီးပတ်ဝန်းကျင်က ဘယ်သူတွေဖြစ်နိုင်မလဲလို့ခန့်မှန်းကြည့်တာပါ)

    (ဂျပန်စာကျောင်းကနေတက္ကသိုလ်ဆက်တက်တဲ့သူတွေ၊ မြန်မာပြည်ကနေဂျပန်စာပြီးအောင်တက်ပီး၊ ဒီမှာဂျပန်လိုသင်တဲ့တက္ကသိုလ် တွေတက်တဲ့မြန်မာ Private sectorကကျောင်းသားတွေလဲများလာတယ်လို့ကြားပါတယ်။အဲဒီ areaတော့ကျွန်မမသိပါ။)

    ဆိုတော့ ကျွန်မအတွေ့ အကြုံအရဆိုရင် သူတို့တွေတော်တော်များများကသူတို့တွေရဲ့ပြိုင်ဖက်ဝန်ထမ်းတွေဘယ်လိုဖြတ်တက်ပြီးဘယ်လိုစကော်လားရှစ်ရလာခဲ့တယ်ဆိုတာ အရမ်းဂုဏ်ယူပီးပြောတတ်ပါတယ်။ အဲဒါကိုဘဝင်မြင့်တယ်လို့ခေါ်တယ်လား ကျွန်မမသိပါ။ ဒါပေမဲ့ တကယ်တမ်းကျောင်းမှာစာသင်ရင် ၊ ဝင်ခွင့်တုန်းက TOEFLအမှတ်တွေ့ပြိုင်ဖက်ဝန်ထမ်းထက်ဘယ်လောက်သာတယ်ပြောတဲ့သူတွေကသက်ဆိုင်ရာဘာသာရပ်ကိုသင်ယူဖို့နဲ့ reporting, Thesis တွေအတွက်မရှိမဖြစ်လိုတဲ့ အင်္ဂလိပ်စာကိုအားနည်း ကြတာ၊ ကွန်ပြူတာဘယ်လိုသုံးရမှန်းမသိကြတာ၊ semesterတခုပီးရင် GPAတွေမြင်မကောင်းလောက်အောင်နဲကြပါတယ်။ အားလုံးကိုမဆိုလိုပါ။ အင်္ဂလိပ်စာကိုလည်း Nativeလောက်ပြောနိုင်ရေးနိုင်ပီး၊ ဆရာတွေပြင်ပေးတာကိုတောင်လက်မခံပဲ ပြန်ချေပပြောနိုင်၊ ကျောင်းကိုလည်းထိပ်ဆုံးကနေအောင်သွားတဲ့ ဒေါင်ဒေါင်မြည် မြန်မာအစိုးရဝန်ထမ်းတချို့လည်းရှိတယ်လို့ကြားဖူးပါတယ်။ ကျွန်မဆိုလိုချင်တာက အစိုးရဝန်ထမ်းကျောင်းသားများနဲ့ private ကျောင်းသားတွေမှာ စာကိုသင်ယူချင်တဲ့စိတ် ဓာတ် ၊သင်ယူနိုင်တဲ့စွမ်းအား၊ နောက်ခံအခြေအနေ၊ pressure တွေကမတူ ကြပါဘူး။ Private ကျောင်းသားတွေက ကိုယ့်ရဲ့ပညာရေး နောက်ခံundergrad &etc တွေအမှတ်တွေကလည်းကောင်းရဦးမယ်၊ စကော်လားရှစ်နဲ့ကျောင်းတွေကိုလည်းကိုယ့်အားကိုယ်ကိုးရှာဖွေရ၊ ကျောင်းပီးရင်လည်းကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲဖြစ်ဖြစ် အလုပ်ကောင်းရဖို့ စကော်လားရှစ်မပြုတ်ဖို့ ပိုမြင့်တာကိုတက်ဖို့တို့အတွက် GPA ကောင်းဖို့ စာကိုဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားသင်ယူကြရတာပါပဲ။

    ဒါပေမဲ့ကျွန်မအမြင်ကတော့ Public sector ကျောင်းသားပဲဖြစ်ဖြစ် Private sector ကျောင်းသားပဲဖြစ်ဖြစ် “ဘာကိုမှ သေသေချာချာ စေ့စေ့ပေါက်ပေါက် မလေ့လာ၊ မသင်ယူရသေးဘူး တတ်ပြီအထင်နဲ့ ဘဝင်မြင”့် ရင်တော့ပုံမှန်ဘာသာရပ် Presentation တွေထဲကစထိမှာပဲလို့ထင်ပါတယ်။ thesis & dissertations တွေဆိုရင်ရင်တော့ပြောမနေပါနဲ့တော့။ ကိုLonetone လည်းရေးထားပါတယ်။ (“ဒါတွေဟာ ဒီလိုအသိတွေဟာ တကယ်တမ်း academic နယ်ပယ်မှာ အသေးစိတ် ပြောဆိုဆွေးနွေးကြတော့ တကယ်ရေရေလည်လည် မသိသေးဘူးဆိုတာ ပေါ်လာပါတယ်။” )ကြိုးစား ပန်း စား နှစ်နဲ့ချီရေးထားတဲ့ Thesis တခုရဲ့ primary presentation မှာ Supervisorမဟုတ်တဲ့တခြားပါမောက္ခကြီးတယောက် ရဲ့ မေးခွန်းတခုထဲနဲ့ကို ရေးထားသမျှမြောင်းထဲလွှင့်ပစ်လိုက်ရမလိုဖြစ်သွားတဲ့ မျက်ရေစက်လက်နဲ့ Masterကျောင်းသူတယောက်ကိုလည်းတွေ့ဖူးပါတယ်။ စာတော်တယ်လို့ပြောကြတဲ့ကျောင်းသားတယောက်ရဲ့dissertations တခုမှာ ပါမောက္ခကြီးတွေ ၇၊ ၈ ယောက်လောက် ဝိုင်းထောက်မေးလိုက် ကြ တာ နောက်ဆုံးအဲဒီကျောင်းသား ချွေးသီး ချွေးပေါကကျပီး ပြန်မဖြေနိုင်တော့တာလဲကြုံလိုက်ဖူးတယ်၊ ကိုLonetone ရဲ့expert လို့ပြောတဲ့ကျောင်းသားလည်းနောက်ကျရင်ပြောနိုင်တော့မယ် မထင်ပါ။ ပါမောက္ခကြီးတွေထက်ပိုတော်တဲ့ကျောင်းသားတွေလည်းအများကြီးရှိပါတယ်၊ ဒါပေမဲ့တကယ်တော်တဲ့သူတွေကသူတို့ ကိုယ် သူတို့expertလို့တော့မပြောကြပါ။ တော်တဲ့ကျောင်းသားတွေနဲ့ပါမောက္ခကြီးတွေရဲ့ပညာပြိုင်ပွဲတွေက လေကြီးမိုးကြီးမပြောကြပဲ
ဲပညာ သား ပါပီးပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ >>>>to be continue>>>
    TD

    ReplyDelete
  11. အချုပ်ဆိုရရင် အစပိုင်းမှာမသိတာကိုသိသလိုလိုဟန်ဆောင်ဘဝင်မြင့်လို့ရပေမဲ့နောက်ပိုင်းမှာတကယ်မသိတဲ့အတိုင်းပေါ်လာမယ်လို့ထင်ပါတယ်။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းစနစ်ကွာခြားမှု၊ သင်ကြားတဲ့ဆရာများ၊ တက်ရောက်လာတဲ့ကျောင်းသားများရဲ့အရည်အချင်းကွာခြားမှုပေါ်မူတည်ပီး ပညာ တတ်မြောက်တာထိရောက်မှုအနည်းအများကွာကောင်းကွာပါလိမ့်မယ်။အချိန်အားမရအောင် မဖြစ်မနေစာဖတ်ရတာ၊နိုင်ငံတကာ ကျောင်းသား အချင်းချင်းဆွေးနွေးဖလှယ်နိုင်မှုအနည်းအများကွာကောင်းကွာပါလိမ့်မယ်။

    အရင့်အရင်ခေတ်များက မြန်မာပညာတော်သင်များ အတော်ထူးချွန်ကြပါလိမ့်တယ်။ အခုခေတ်မြန်မာပညာတော်သင်များ လည်း ကျွန်မပတ်ဝန်းကျင်မှာတော့ထူးချွန်ကြပါတယ်။ မြန်မာပြည်ရဲ့ပညာရေးစံနစ်ကြောင့် အစပိုင်းမှာတော့အခက် အခဲရှိတတ်ကြတယ်လို့တော့ထင်ပါတယ်။

    Wisdom consists of making the best use of knowledge. လို့ဆိုထားပါတယ်။ လောလောလတ်လတ် ဂျပန်ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ (Taro) Aso နဲ့(Yukiko) Hatoyama တို့ကအရမ်းနာမည်ကြီးတဲ့အနောက်တိုင်း Stanford university ထွက်တွေပါ၊ (ကျွန်မအမှတ်မမှားဘူးဆိုရင်ပေါ့။) ဒါပေမဲ့ (Junichiro) Koizumi ကိုထားလိုက်ဦး အတန်းပညာလောက်လောက်လားလားမရှိခဲ့တဲ့ သူတို့ရဲ့ဟိုးရှေးက (Kakuei) Tanaka လုပ်ပေးသွားပုံတွေကို (Scandalsခဏဘေးချိတ်)ယှဉ်ကြည့်ရင်ကိုယ်သိထားတဲ့ Knowledge ကိုဘယ်လောက်အကောင်းဆုံးအသုံးချနိုင်တယ်ဆိုတဲ့Wisdom ကလည်းတော်တော်အရေးပါပါတယ်။ ဘယ်နာမည်ကြီးတဲ့အနောက်တိုင်းတက္ကသိုလ်ထွက်မှရယ်လို့မဟုတ်ပါဘူး။ မြတ်နိုး ရေ အနောက်တိုင်းမသွားဖြစ်သေးရင်လည်း စိတ်မညစ်နဲ့၊
    ကျွန်မရဲ့လက်ဆင့်ကမ်း ပြန်လည်ဖြန့်ဖြူးပေးမယ့် အစီအစဉ်ဆိုရင်အခုအချိန်မှာမဖြစ်နိုင်သေးပါဘူး။ အစိုးရပြောင်းလဲရင် (သို့မဟုတ်) အပြောင်းအလဲဖြစ်ရင်ကိုယ့်နိုင်ငံပြန်ပီးအလုပ်အကျွေးပြုမယ်လို့လည်းမပြောချင်တော့ပါဘူး။ စောင့်ခဲ့ရတဲ့နှစ်ပေါင်းလည်းမနဲတော့ဘူး။ လောလောဆယ်ကိုယ်လုပ်နိုင်တာက ကိုယ်နဲ့လက်လှမ်းမီသလောက် ဂျပန်မှာကျောင်းတက်ချင်တဲ့သူတွေ၊ မြန်မာမှာကျောင်းတက်ချင်ပီးအခက်အခဲရှိတဲ့လူတွေကိုဘဲ တတ်နိုင်တဲ့အကူအညီကိုပေးနိုင်တယ်။ထမ်းထားရတဲ့ ၀န်တွေက ပိုများလာသလိုတောင်ခံစားရတယ်။ ဒါပေမဲ့ မြန်မာပညာတတ်တွေများလာရင်၊ အမြင်ပိုကျယ်လာကြရင်တဖြေးဖြေးပြောင်းလဲတိုးတက်မှုက အနှေးနဲ့အမြန်ဖြစ်လာမယ်လို့မျှော်လင့်ရတာပဲ။

    မကောင်းမွန်ဝင်းရေ ဘာသာရပ်ဆိုင်ရာတွေရေးချင်ရင်ပြည်တွင်း မဂ္ဂဇင်း စာစောင်တွေမှာရေးလို့ရမယ်ထင်တယ်။ Political scienceလိုဆိုရင်တော့ NOပေါ့။မရရင်လည်းဘလော့မှာရေးရင်လာဖတ်ပါ့မယ်။ ကို Lonetone ပို့စ်တင်မကအထက်မှcomment များဖတ်ပီး ကိုယ်ထင်ရာမြင်ရာရေးသွားပါတယ်။ အမှားပါရင်ခွင့်လွှတ်ကြပါ။


    TD

    ReplyDelete
  12. ပို့စ်သာမက တခြားဘလော့ကာများရဲ့ ဆွေးနွေးချက်များကိုပါ ဖတ်သွားပါတယ်။ တကယ်ဗဟုသုတ ဖြစ်ရပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  13. Most Myanmar scholors do as like a national player. A national player's ambition is to become a national player, not to be a international.
    When he return to home country, he is pleased by wearing national team T-shirt and envied eyes in tea shop. He'll frequently talk about past story and pointing out several causes that he could not carry out further movement.
    I do appreciate to some researchers who resume respective field in both places. Thanks !

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။