Thursday, July 15, 2010

မိသားစုဆွေးနွေးပွဲ

တလောက အမေရိကား ရောက်နေတဲ့ ကျွန်တော့်ရဲ့ အခင်ဆုံး ငယ်သူငယ်ချင်းတစ်ယောက်က လှမ်းမေးတယ်။ ဟေ့ကောင် မင်းတို့ အိမ်မှာ မိသားစုဆွေးနွေးပွဲတွေ လုပ်နေတုန်းပဲလားတဲ့။ သူ့စကားကြားတော့မှ ကျွန်တော်လည်း အတွေးထဲ ပြုံးမိတယ်။ ဒီကောင်တောင် ကွဲသွားတာ (၁၀) နှစ်လောက် ရှိပြီ၊ မမေ့သေးပါလားလို့ပေါ့။

သူငယ်ချင်းက မေးတော့မှ၊ တဆက်တည်း လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က ကျွန်တော်နဲ့ ကမ္ဘောဒီးယားမှာ တွေ့ဆုံခင်မင်သွားတဲ့၊ ကျွန်တော်လေးစားတဲ့၊ အစ်ကိုကြီးတစ်ယောက်က မေးဖူးတဲ့ မေးခွန်းကိုပါ ပြန်သတိရသွားတယ်။ သူက လုပ်ငန်းကြီးတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့၊ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက်ပါ။ သူက သူ့ရဲ့မိသားစုကို ပြုစုပျိုးထောင်ဖို့အတွက် အင်မတန်မှ လစာဝင်ငွေကောင်းတဲ့ လက်ရှိ အလုပ်ကို စွန့်လွှတ်ပြီး၊ မြန်မာနိုင်ငံ ပြန်ဖို့ ရည်ရွယ်ထားသူပါ။ သူ့မေးခွန်းက ညီရေ မင်းတို့ကို မင်းတို့ မိဘတွေက ဘယ်လိုပြုစုပျိုးထောင်သလဲ (brought up လုပ်သလဲ) ဆိုတာကိုပါ။ သူက ကျွန်တော်ရော၊ ကျွန်တော့်အစ်မနဲ့ပါ ရင်းနှီးတယ်လေ။

ကျွန်တော်ကြီးပြင်းလာတဲ့ ငယ်ဘ၀ကို ပြောရမယ်ဆိုရင် အဖေ့ရဲ့ မိသားစုဆွေးနွေးပွဲ စကားဝိုင်းက မပါမဖြစ် အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မိသားစုတွင်း ဆက်ဆံရေးကို ဦးဆုံး ပြောပြဖို့ လိုပါလိမ့်မယ်။ အဖေ၊ အမေ၊ အစ်မ နှစ်ယောက်နဲ့ ကျွန်တော်ပါဝင်တဲ့ အိမ်မှာ ကျွန်တော်တို့တွေ ဘယ်သူ့ကိုမှ ထူးထူးထွေထွေ ကြောက်ရတယ်လို့ မရှိပါဘူး။ မိဘနဲ့သားသမီး၊ မောင်နဲ့အစ်မ ဆက်ဆံရေးမှာ အားလုံး တပြေးညီပါပဲ။

ထူးခြားချက်ကတော့ အမေပါပဲ။ အမေကတော့ အဖေပြောသမျှကို အမြဲလိုလို လက်သင့်ခံလေ့ ရှိပါတယ်။ ဆန့်ကျင်တာမျိုး မရှိသလောက်ပါပဲ။ (ကိုယ့်ထူးကိုယ်ချွန် ကြိုးစားတဲ့ YIT ကျောင်းသား၊ ကျူရှင်ဆရာ အဖေ စာပြရင်းနဲ့ အမေနဲ့ အကြောင်းဆက် ပေါင်းဖက်မိတယ်လို့ သိရတယ်ဗျ။ အဖေကတော့...ငါ့ကို မင်းအမေက အမိဖမ်းတာတဲ့ဗျ :P) အဲဒီလို အဖေ့သဘောထားကို အမြဲလက်သင့်ခံလို့ အမေ့သြဇာ အရှိန်အ၀ါ ကျဆင်းတယ်လို့တော့လည်း မထင်လိုက်ပါနဲ့။ အမေ့ရဲ့ ပြည့်ဝတဲ့ မိခင်စိတ်ဓါတ်ကြောင့် ကျွန်တော်တို့ သားသမီးတွေရဲ့ ချစ်ခင်မှုကို အပြည့်ရရှိထားသူပါ။

မိဘတွေကို ကျွန်တော်တို့ မောင်နှမတွေ သူငယ်ချင်းလို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မိဘကို သူငယ်ချင်းလို ဆက်ဆံတယ်ဆိုပေမယ့်၊ မိသားစုတွင်း အပြောအဆိုတော့ မရိုင်းကြပါဘူး။ ပတ်ဝန်းကျင်က အချို့သော ဆွေမျိုး၊ သူငယ်ချင်း မိသားစုများလို အဖေ့ ကြောက်ရတယ်၊ အမေ့ ကြောက်ရတယ်၊ အစ်မ ကြောက်ရတယ်လည်း မရှိပါဘူး။ ကျွန်တော့်တို့အိမ်မှာ ကြောက် ဆိုတဲ့ စကားလုံး အတွက် နေရာမရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။

နောက်တစ်ခုက အိမ်မှာ မိသားစုအားလုံး ကိုယ်စီကိုယ်င ပြောရေးဆိုခွင့် (have a say) ရှိကြတာပါပဲ။ တနည်းအားဖြင့် ကျွန်တော်တို့ အားလုံး အာဏာ (authority) ရှိတယ်လို့ ခံစားရတာပါပဲ။ အဖေနဲ့ အမေ ဟာ ဘယ်ကိစ္စကိုမှ
ငါတို့မိဘတွေပဲ ငါကြိုက်တာ ငါလုပ်မယ်။ မင်းတို့တွေ ဘာမှဝင်ပြောစရာမလိုဘူး၊ မင်းတို့ ကလေးတွေ ဘာမှ နားမလည်ပါဘူး
စသဖြင့် ပြောဆို ဆုံးဖြတ်ပြုမူသွားတာ မတွေ့ရသလောက်ပါပဲ။ ငယ်စဉ်ကတည်းက ဒီလို နေရာထား၊ ပါဝင်ဆွေးနွေးခွင့် ပေးထားတာကြောင့် ကျွန်တော်တို့ မောင်နှမတွေ ကြီးလာတော့ ကိုယ့်ကို ကိုယ်ယုံကြည်မှု (self-confident) အပြည့်အ၀ ရှိလာတယ်လို့ ထင်ပါတယ်။ အရေးပါတဲ့ ကိစ္စရပ်တိုင်း လိုလိုမှာလည်း မိသားစုအားလုံး စုစည်းတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာချည်းပါပဲ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ မောင်နှမတွေရဲ့ ဘ၀လမ်းကြောင်းများကို တည့်မတ်ပေးတဲ့ ကိစ္စလို့ ပြောရမယ် ထင်ပါတယ်။ အိမ်မှာ ငယ်စဉ်ကတည်းက ကျွန်တော်တို့ကို မိဘတွေက ဘယ်ဟာကိုဖြင့် လုပ်ကို လုပ်ရမယ်၊ ဘယ်ဟာကိုဖြင့် မလုပ်ရဘူး စသဖြင့် အတင်းအကျပ် တိုက်တွန်း လိုက်နာခိုင်းတာမျိုး လုံးဝကို မရှိတာပါပဲ။

အဖေနဲ့အမေဟာ ကျွန်တော်တို့ကို ဘယ်ဟာဖြင့် ဖြစ်သင့်တယ်၊ ဘယ်ဟာဖြင့် မဖြစ်သင့်ဘူး ဆိုပြီး လမ်းညွှန် (guide) လုပ်ရုံသာ လုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ကျွန်တော်တို့ မောင်နှမတွေ ဘာမဆို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် လုပ်ရပါတယ်။ မိဘတွေက လိုအပ်တာကိုသာ တတ်နိုင်သလောက် ပံ့ပိုးပေးတာပါ။

အဲ...ကျွန်တော်တို့တွေ တကယ့်ကို တစ်ခုခုတော့ လွဲနေပြီ၊ လမ်းမှားနေပြီ ဆိုရင်တော့ ကျွန်တော် ပြောခဲ့တဲ့ အဖေ့ရဲ့ မိသားစုဆွေးနွေးပွဲ နဲ့တွေ့တော့တာပါပဲ။ မိသားစုထဲက တစ်ယောက်ယောက် အနေအထိုင် အပြုအမူ တစ်ခုခု လွဲနေပြီ၊ ဆိုဆုံးမဖို့ လိုလာပြီဆိုရင် အိမ်မှာ မိသားစုဆွေးနွေးပွဲ ခေါ်ပါတယ်။ အထူးသဖြင့် ညစာစားတဲ့ ထမင်းဝိုင်းမှာ အဖေက
ကဲ...အားလုံး ထမင်းစားပြီးရင်၊ မိသားစု စကားပြော ကြမယ်၊ လာခဲ့ကြ
ဆိုပြီး ကြေညာလေ့ရှိပါတယ်။ အဲဒီလို အဖေ့ပြောသံကြားရင် တစ်ခုခုလွဲနေတဲ့ မိသားစုထဲက တစ်ယောက်ယောက် ကတော့ စိတ်မသက်မသာပေါ့။ တစ်ခါတလေကျတော့လည်း အဖေဘာ့ကြောင့် ခေါ်သလဲ မသိဘဲ၊ စကားဝိုင်းကျမှ ကိုယ့်ကိစ္စလည်း ဖြစ်ရင်ဖြစ်တတ်ပါတယ်။

ကျွန်တော်တို့ရဲ့ မိသားစုဆွေးနွေးပွဲတိုင်းဟာ တစ်စုံတစ်ယောက်ကို ဆိုဆုံးမဖို့ချည်းပဲတော့ မဟုတ်ပါဘူး။ ကဗျာဆန်ဆန်ပြောရရင် မိသားစုရဲ့ ကောင်းသတင်းများကို အတူတူ ၀မ်းသာကြ၊ တစ်ခါတလေကျတော့လည်း စိတ်မချမ်းသာစရာကိစ္စတွေကို မျှဝေခံစားကြ၊ အတူတကွ အဖြေရှာကြတဲ့ နေရာလေး တစ်ခုပါ။

ဒီနေရာမှာ မိသားစုဆွေးနွေးပွဲကို ဘယ်လိုလုပ်သလဲ (how to conduct) ဆိုတာကို ပြောပြဖို့ လိုပါလိမ့်မယ်။ ဥပမာ - ကျွန်တော့် အစ်မကြီးရဲ့ အကြောင်းကိစ္စ တစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ် ဆိုပါတော့။ မိဘတွေသာမက အငယ်တွေ ဖြစ်တဲ့ ကျန်တဲ့မောင်နှမ တွေကပါ ၀င်ရောက်ဆွေးနွေးနိုင်ခွင့်၊ ဝေဖန်သုံးသပ်နိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ အဓိက ပြောရင်တာက မိသားစုဆွေးနွေးပွဲတိုင်းမှာ ကျွန်တော်တို့တွေဟာ ကြီးသည်ငယ်သည်မရှိ တစ်ယောက်ကိုတစ်ယောက် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပါတယ်။ အဖေ့ကိုလည်း ဝေဖန်လို့ ရတယ်။ အမေ့ကိုလည်း ဝေဖန်လို့ရပါတယ်။ ဒီနေရာမှာ ဘယ်သူကမှ ငါ့စကားနွားရ ဆိုတာမျိုး၊ ခါးခါးသီးသီး ငြင်းတာမျိုး မလုပ်ကြ၊ မလုပ်ရပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိသားစု ဆွေးနွေးပွဲဟာ ကျွန်တော့်ရဲ့ ခင်မင်တဲ့ သူငယ်ချင်း အပေါင်းအသင်းများ ကြားမှာလည်း ထင်ရှားကျော်ကြား ပါတယ်။ တစ်ဦးတည်းသောသား ဖြစ်တဲ့ ကျွန်တော်၊ ငယ်စဉ်ကတည်းက အကြောင်းရှိရင် သူငယ်ချင်းတွေ အိမ်မှာ ညအိပ်ညနေ သွားခွင့် ရှိသလို၊ ကျွန်တော့်အိမ်မှာလည်း လွတ်လွတ်လပ်လပ်ရှိတာကြောင့် ညအိပ်ညနေလာကြတဲ့ သူငယ်ချင်းတွေ မပြတ်ပါဘူး။ ဒီလို မိသားစု ဆွေးနွေးပွဲ ရှိတဲ့အခါမျိုးမှာ ကျွန်တော့်မှာ သူငယ်ချင်းတွေ ရောက်နေပေမယ့်လည်း၊ သူတို့တွေကို ခဏထားပြီး၊ မိသားစုဆွေးနွေးပွဲကို သွားရစမြဲပါ။ နောက်တစ်ချက်ကတော့ အချို့သော သူငယ်ချင်းတွေဟာ သူတို့ရဲ့ မိဘတွေနဲ့ အပြန်အလှန် ဝေဖန်ဆွေးနွေးပြောဆိုဖို့ အခွင့်အရေး မရကြပါဘူး။ ဒီလိုအကြောင်းတွေကြောင့် သူငယ်ချင်းတွေ မှတ်မိနေတာ ထင်ပါရဲ့။

ကျွန်တော် ငယ်ငယ် (၈) တန်း၊ (၉) တန်း၊ အထူးသဖြင့် (၁၀) တန်း အောင်ပြီး ကာလများမှာတော့ မိသားစုဆွေးနွေးပွဲများဟာ ကျွန်တော်နဲ့ပဲ အဓိက ပတ်သက်ပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အထက်ကျောင်းတစ်ခုမှာ ပညာသင်ကြားကြတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း အများစုဟာ ချမ်းသာကြပါတယ်။ မာစီဒီးကားနဲ့ ကျောင်းတက်သူ (+++ သယ်ရင်းရေ၊ ငါတော့ ဖွလိုက်ပြီ :P )၊ ကိုယ်ပိုင်ကားကို ဂျပန် အထိ သွားဝယ်သူ စသဖြင့် ငွေကြေးအားဖြင့် အတော်ပြည့်စုံကြပါတယ်။ ဆယ်တန်းအောင် အပြီးမှာတော့ ကိုယ်ပိုင်ကား ကိုယ်စီမောင်းနေကြတဲ့ သူငယ်ချင်းများနဲ့ ဟိုယောင်ဟောင်၊ ဒီယောင်ယောင်လုပ်၊ သူငယ်ချင်းတွေ ဟိုသွားလည်းလိုက်၊ ဒီသွားလည်းပါပေါ့။ အဲဒီတုန်းက (၁၉၉၅-၉၆ နှစ်များက) ရန်ကုန်မှာ စဖွင့်ပြီး ခေတ်စားတဲ့ night club များကိုလည်း အပတ်စဉ်လိုလို ရောက်ဖြစ်၊ ကခုန်ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီတုန်းက မိသားစုဆွေးနွေးပွဲ အတော်များများမှာ ကျွန်တော့်အကြောင်းက နေရာယူထားပြီး၊ အဖေ့ရဲ့
မင်း...သူများ စိန်နားကပ်အရောင်နဲ့ပါးမပြောင်နဲ့၊ ကိုယ့်အခြေအနေကိုယ်သိ
ဆိုပြီး မကြာခဏ ဆိုဆုံးမတာကိုလည်း ခံခဲ့ရပါတယ်။ သူငယ်ချင်းတွေ လောက် ငွေကြေးအားဖြင့် မပြည့်စုံတဲ့ ကျွန်တော်အနေနဲ့ သူငယ်ချင်းတွေ သွားသမျှ လိုက်နေပေမယ့်၊ သူတို့ သုံးသလို လိုက်သုံးဖို့ ဆိုတာမှာတော့ အခက်အခဲ ရှိပါတယ်။

ဒီမိသားစု ဆွေးနွေးပွဲတွေကြောင့် ကျွန်တော့်ဘ၀မှာ အမှန်အမှားကို ခွဲခြားမြင်လာတယ်။ ကိုယ့်အခြေအနေကို ကိုယ် ပကတိအတိုင်း သဘောပေါက်လာတယ်။ ကျွန်တော့် ဘ၀လမ်းကြောင်းတွေကို တည့်မတ်စေခဲ့တယ် ဆိုပါတော့။ ကျွန်တော် လုပ်ငန်းခွင်ဘ၀ထဲ ရောက်ခဲ့ ပြန်တော့လည်း အောက်သက်ကျေအောင်၊ လုပ်ငန်းခွင်နဲ့ အံ့ဝင်ခွင်ကျအောင် ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက အုပ်ချုပ်မှု အပိုင်းမှာ နေလာခဲ့ပြီး၊ ၀န်ထမ်း ထောင်ချီ အုပ်ချုပ်ခဲ့တဲ့ အဖေနဲ့ ဒီမိသားစုဆွေးနွေးပွဲတွေကပဲ ထိန်းကျောင်း ပဲ့ပြင်ပေးခဲ့တာလို့ သုံးသပ်မိပါတယ်။

တကယ်တော့ အိမ်မှာ ငယ်ငယ်ကတည်းက အဖေက မိသားစုတွေအားလုံးကို အခွင့်အရေး၊ လွတ်လပ်ခွင့် အပြည့်ပေးထားပြီး၊ ကိစ္စတော်တော်များများမှာ မိသားစုဆွေးနွေးပွဲတွေလုပ်ပြီး၊ အများသဘောတူဆန္ဒ (consensus) နဲ့ ပဲ့ပြင် ဦးဆောင်သွားပါလားဆိုတာ ကြီးမှ မြင်လာ၊ သဘောပေါက်လာပါတယ်။ ဒါကြောင့် မိသားစုနဲ့ ဝေးကွာနေပြီး အကြံကောင်းတွေ လိုတဲ့အခါ ဒါမှမဟုတ် အခက်အခဲ ပြဿနာတွေနဲ့ ကြုံရတိုင်းမှာတော့ အိမ်က မိသားစုဆွေးနွေးပွဲတွေကို သတိရမိတယ်ဗျာ...

မှတ်ချက်။ ဒီစာစုကို အဖေနဲ့အမေရဲ့ ဒီနေ့ (၂၀၁၀၊ ဇူလိုင်လ ၁၅ ရက်) မှာ ကျရောက်တဲ့ နှစ် (၄၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို အမှတ်တရ ဖြစ်စေဖို့ ရေးပါတယ်။ (တချို့သော အဖေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့များမှာ ကျွန်တော်တို့ မောင်နှမတွေ အားလုံး တိုက်တိုက်ဆိုင်ဆိုင် ရေမြေခြားမှာ ရောက်နေတတ်ကြပါတယ်။ သတင်းစာများမှာ ခေတ္တ (+++ နိုင်ငံ) တွေ ဖော်ပြပြီး ဆုတောင်းတွေ ထည့်ကြတာ ခေတ်စားလို့ ထည့်ဖို့ နောက်ပြောင်ပြောတိုင်း ခါးခါးသီးသီး ငြင်းတဲ့၊ သတင်းစာမှာ ဆုတောင်းထည့်မှာ ကြောက်တဲ့ အဖေ့အတွက် သတင်းစာ ကြော်ငြာမထည့်ဘဲ Facebook မှာ ရေးပါကြောင်း။)

lonetone
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

13 comments:

  1. ကိုလုံးတုံးရေ
    အမြဲလိုလို ပြေပြစ်ညက်ညောတဲ့အရေးသားကိုသဘောကျမိပါတယ်။
    မိသားစုစတိုင် အထူးသဖြင့်အဖေ့ရဲ့ပြုစုထိန်းကျောင်းမှုကိုတအားနှစ်သက်ပါတယ်။
    ကိုယ့်အဖေကကတော့ လောကအကြောင်းဘာမှသိနားမလည်တဲ့ခလေးလေးလိုအမေနဲ့ အသားကျလာပုံပေါ်တယ်ထင်ပါရဲ့ တချက်လွှတ်တွေ သုံးတာများတယ်။ ငယ်ငယ်ကပေါ့လေ။ ခုတော့လည်း သားသမီးအပေါ် ယုံကြည်မှုတွေရှိလာပါပြီ။
    ကိုယ်က ကိုလုံးတုံးဖခင်လို မိခင်မျိုးဖြစ်ချင်တာ..
    ကြိုးစားရမှာပေါ့လေ။
    :)

    ReplyDelete
  2. KNSL သို့၊

    ကျွန်တော့်အရေးအသား ပြေပြစ်တယ်လို့ပြောတာ ကျေးဇူးတင်ပါတယ်ဗျာ။ စမ်းပြီးရေးနေတာဖြစ်လို့ လိုအပ်တာများလည်း အကြံပေးပါဦးဗျ။

    ReplyDelete
  3. Lonetone
    Lonetoneအဖေနဲ့အမေရဲ့ နှစ် (၄၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ ပိုစ်လေးကို လာဖတ်သွားပါတယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်ပတ်လည်နေ့လေး ဖြစ်ပါစေလို့လည်း Lonetoneတို့ မောင်နှမတွေနဲ့ အတူတူ ခင်မင်စွာ ဆုတောင်းသွားပါတယ်။

    မိသားစုဆွေးနွေးပွဲဆိုတာ တကယ်တော့ မိသားစုတိုင်းအတွက် လိုအပ်တယ်လို့ ကိုယ်တိုင်ယူဆမိပါတယ်။ လသာည တို့ အိမ်မှာလည်း အဖေက ဦးဆောင်တဲ့ စကားဝိုင်းကို အမြဲနားထောင်ရလေ့ ရှိတယ်။ စာမကြည့်ချင်တဲ့နေ့တွေမှာ အဖေ့ကို “သမီး စာမကြည့်ချင်ဘူးဗျာ”လို့ ပြောရင် အဖေက ဘ၀ရဲ့အတွေ့အကြုံနဲ့ စိတ်ခွန်းအားပေး စာအုပ်တွေထဲက ရတဲ့ဒသန(သကြီးရေးလို့မရလို့)တွေ အတွေးတွေကို ပြောပြလေ့ရှိတယ်။ အဲဒီနေ့ဆို တညလုံးပဲ ဖြစ်ဖြစ် စာကျက်ဖြစ်သွားအောင် စိတ်တွေတအား တက်ကြွနေတတ်တယ်။

    Lonetoneရဲ့ ပိုစ်ကနေ ဆက်စပ်ပြီး မိသားစုဆွေးနွေးပွဲကို လွမ်းသွားတာလေးပါ။

    Lonetone စာရေးကောင်းပါတယ်။ နောက်ထပ်လည်း အတွေ့အကြုံတွေ၊ ဗဟုသုတတွေ မျှဝေပါဦး..။
    အားပေးနေပါတယ်

    ReplyDelete
  4. မိသားစုဆွေးနွေးပွဲတဲ့..အတုယူစရာပါပဲ။
    မိသားစုတိုင်းမှာ ဒီလိုမျိုးဆွေးနွေးပွဲလေး ရှိရင် သိပ်ကောင်းမှာပဲနော်..

    ReplyDelete
  5. လသာည သို့၊

    ဆုတောင်း နဲ့ အားပေးမှုများအတွက် ကျေးဇူးအထူးတင်ပါကြောင်း...

    ReplyDelete
  6. လုံးတုံးရဲ့ မိသားစုဆွေးနွေးပွဲလေးကို ဖတ်ပြီး ပထမခံစားရတာက ပီတိ၊ ဒုတိယခံစားရတာက အိမ်ကိုလွမ်းလာတယ်။ နောက်တစ်ခုကတော့ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  7. ဒီပို့စ်လေး တက်လာတာကို မသိလိုက်ပါလား...။ လင့်ခ်ထားရဲ့နဲ့ မပေါ်ဘူးကော....။ အရမ်းကောင်းတယ်..။ မိသားစုဆွေးနွေးပွဲတဲ့...။ ဒါဟာ နားလည်မှုတွေကို တည်ဆောက်အောင် လေ့ကျင့်ပေးမှုပဲ...။း))))

    ကျွန်တော့်ရဲ့ မိဘမဲ့ဂေဟာလေးအကြောင်း သိပ်နားမရှင်းဘူးဆိုလို့ ကွန်မန့်ဘော့စ်ထဲမှာ ကျွန်တော်ပြန်ရှင်းထားပါတယ်....။ အချိန်ရမယ်ဆိုရင် ပြန်လာဖတ်လှည့်ပါလို့..။း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  8. ကိုလုံးတုံးရေ
    စာတဘက်နဲ့ နေကောင်းပါရဲ့လား။
    ဒီပို့စ်လေးက မကြာခင်က မြန်မာပြည် ခဏပြန်ခွင့်ရခဲ့တဲ့ ကျွန်မအတွက် ပိုပြီး သတိယ၊ နှစ်သက်ဘွယ်ဖြစ်ရပါတယ်။ ကျွန်မငယ်ငယ်က အဖေအမေ နဲ့ မနေဖြစ်ပဲ အဖွားနဲ့ကြီးရသူပါ။ ကြီးလာမှာ ဖေဖေမေမေတို့နဲ့ ပြန်နေဖြစ်ပါတယ်။ မိသားစု ဆွေးနွေးပွဲသိပ်မရှိခဲ့ပါဘူး။
    ကိုလုံးတုံးရဲ့ အဖေအမေတို့ မင်္ဂလာနှစ်ပတ်လည်ကို လည်း မိသားစု ကျမ်းမာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  9. 「家族の総会」はいいpostですねー。私の両親はなくなりましたのでお兄ちゃん(kolonetone)は運がいいですねー。
    また応援します。

    ReplyDelete
  10. ကိုသော်ရေ၊ မြန်မာလို ဘာသာပြန်လေး လုပ်ပါဦးဗျ။

    ReplyDelete
  11. ကန်တော့ပါ အကို ။ ဂျပန်လိုရေးတာ မနှစ်သက်ဘူး ထင်တယ်နော်။ နောက်ဆင်ခြင်ပါ့မယ်။

    ReplyDelete
  12. မိသားစုဆွေးနွေးပွဲ ဆိုတဲ့ ပို့စ်လေးကို တကယ်နှစ်သက်မိပါတယ်။
    ငသော်ကတော့ မိဘနှစ်ပါးလုံး မရှိတော့ပါဘူး။ ဒါကြောင့် ကိုလုံးတုံးက ကံကောင်းတာပဲ။ မိဘမေတ္တာကို နှစ်ပေါင်းများစွာရပါစေ။

    ReplyDelete
  13. ကိုသော် (ငသော်) သို့၊ ညီရေ မနှစ်သက်တာ မဟုတ်ပါဘူး။ ဂျပန်လို ရေရေလည်လည် မဖတ်တတ်လို့ပါ။ (Yahoo Babel နဲ့ ဘာသာပြန်ကြည့်လို့ အကြမ်းဖျင်းတော့ သဘောပေါက်ပါတယ်။)

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။