Thursday, April 29, 2010

လွမ်းစေတီ ရှိရာ Koya San သို့ (၁)

မြန်မာနိုင်ငံမှာကတည်းက ခင်မင်ခဲ့ပြီး၊ ဂျပန်မှာ အမှတ်မထင် ပြန်လည်ဆုံတွေ့ရတဲ့ Ritsumeikan University, Shiga မှာ မဟာဘွဲ့တက်နေသူ မနွယ်ရဲ့ Facebook မှာ တင်တဲ့ ဓါတ်ပုံတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က Koya San (Mt. Koya) ကို စကြားဖူးခဲ့ပါတယ်။


(မြန်မာလွမ်းစေတီ အပါအ၀င် အထိမ်းအမှတ် စေတီ၊ အုတ်ဂူ၊ ကျောက်တိုင်များ ရှိရာ Koya San အ၀င်လမ်း)

Koya San မှာ ရိုက်ထားတဲ့ မနွယ်ရဲ့ ဓါတ်ပုံတွေကြောင့် Koya San မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါက်တာဘမော်တို့ရဲ့ ဓါတ်ပုံတွေ အပါအ၀င် ရှေးဟောင်း မြန်မာ့ဓါတ်ပုံ၊ ပန်းချီကားတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ နောက် ငြိမ်းချမ်းကြပါစေ စာတမ်းပါတဲ့ အထိမ်းအမှတ် ကျောက်စာတိုင် ရှိနေတာကို မှတ်မှတ်ရရ သတိထားမိခဲ့ပါတယ်။


(Koya San မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ)


(ဒေါက်တာဘမော် ဓါတ်ပုံ)

ဒါ့ကြောင့် Koya San နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ မနွယ်ကို အကြမ်းဖျင်း မေးကြည့်တော့ Koya San ဟာ အိုဆာကာနားမှာ ရှိကြောင်း၊ Koya San မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဓါတ်ပုံ၊ ပစ္စည်းတွေ ပြသထားကြောင်း သိရပါတယ်။ အဲ့ဒါနဲ့ မနွယ်ကို နောက်အကြောင်းတိုက်ဆိုင်လို့ သွားဖြစ်ခဲ့ရင် ခေါ်ဖို့ပါ ပြောဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ကြုံတုန်း ကျွန်တော့် ခရီးသွားဖို့ စဉ်းစားတဲ့အခါ ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ခရီးသွားသွား၊ ရွေးချယ်ရတော့မယ်ဆိုရင် သမိုင်းကြောင်း အထောက်အထားရှိတဲ့၊ အထိမ်းအမှတ်နေရာတွေကို ပိုဦးစားပေး ရွေးလေ့ ရှိပါတယ်။ ကိုယ့်မြန်မာနိုင်ငံနဲ့သမိုင်းကြောင်း ပတ်သက်ဆက်စပ်မှုရှိတဲ့နေရာတွေ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

ဂျပန်ကို ရောက်လာခဲ့တော့လည်း ဂျပန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ဆက်စပ်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ သိချင်နေပြီး၊ အဲဒီနေရာတွေကိုလည်း သွားလေ့လာ နေချင်မိပါတယ်။

ဂျပန်ပြည်မှ မြန်မာ့ အမှတ်တရအချို့

သမိုင်းကြောင်းအရ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့လို့ ဂျပန်မှာ မြန်မာ့အမှတ်တရတွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ကျွန်တော် သိသလောက် ပြောပြရရင်...

(၁) တက္ကသိုလ်များ သမိုင်းသုတေသနဌာနက ၁၉၉၈ ခုနှစ်က ထုတ်ဝေတဲ့ (သုတေသနအရာရှိ) ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ၁၉၄၁ ခုနှစ်ဝန်းကျင်တုန်းက ဂျပန်နိုင်ငံ၊ ဟာကိုနီ မှာ နေခဲ့ဖူးတာကို စာအုပ်ပါ ဓါတ်ပုံမှတ်တမ်းအရ မှတ်သားမိပါတယ်။


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)


(ဆရာကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ် စာအုပ်ထဲမှ ဓါတ်ပုံ)

ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဂျပန်နဲ့သက်ဆိုင်တဲ့ သမိုင်းဝင်ဓါတ်ပုံများ ဖြစ်လို့ ရဲဘော်သုံးကျိပ်စာအုပ်ကို မဖတ်ဖူးသေးသူများ၊ ဂျပန်-မြန်မာ အကြောင်း သုတေသနပြု လေ့လာနေသူများ ဗသုသုတရ၊ အထောက်အကူဖြစ်စေဖို့ အဆိုပါစာအုပ်ပါ ဓါတ်ပုံအချို့ကို ဒီနေရာမှာ ဖော်ပြလိုက်ပါတယ်။ (ရဲဘော်သုံးကျိပ် စာအုပ်ကို e-book အနေနဲ့ မြန်မာ e-book ဆိုဒ်များမှာ ရှာလို့ရတာက တကြောင်း၊ ဒီနေရာမှာလည်း သုတေသနသဘောနဲ့ ဖော်ပြတာဖြစ်လို့ မူလစာရေးသူထံ ထပ်ဆင့် ခွင့်မတောင်းနိုင်ပေမယ့်လည်း copyright law ရဲ့ fair use အနေနဲ့ ခွင့်ပြုမယ်လို့ ယူဆပါတယ်။)

ဗိုလ်ချုပ်တို့ နေခဲ့တဲ့ ဟာကိုနီအကြောင်း ဆက်ရရင် ဟာကိုနီ (Hakone) က တိုကျိုမြို့ရဲ့ ကီလိုမီတာ (၁၀၀) အကွာ၊ ဖူဂျီတောင်နားမှာ ရှိပြီး၊ သဘာဝ ရေပူစမ်း (hot springs) တွေကြောင့် ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး (hot springs) တွေထဲက တစ်နေရာပါပဲ။

Hakone နဲ့ ပတ်သက်ပြီး Hakone ပြန် မြန်မာသူငယ်ချင်းတစ်ယောက်က ဘ၀မှာ ဂျပန်နိုင်ငံ၊ ဖူဂျီတောင်အောက်မှာ ကိုယ်တုံးလုံး ရေပူစိမ်ဖို့ တစ်ခါမှ တွေးတောင် မတွေးမိဖူးလို့ သူ့အတွေ့အကြုံကို ပြောပြခဲ့တာကိုလည်း ဒီပိုစ့်ရေးနေရင်း ပြန်သတိရမိပါတယ်။ Hakone ကိုသွားရင်တော့ ဖူဂျီတောင်အလှကို ခံစားရင် ကိုယ်တုံးလုံး ရေပူစမ်း စိမ်နိုင်ပါတယ်။

(၂) နောက် YouTube မှာ တင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတိုလေး တစ်ခုကြောင့် ဂျပန်နိုင်ငံ၊ Shizuoka Prefecture ရဲ့ Hamamatsu မြို့ နဲ့ Hamana ko အနီးတ၀ိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အထိမ်းအမှတ်နေရာ ရှိကြောင်း သိရပါတယ်။ ko ဆိုတာ ဂျပန်စကား ဖြစ်ပြီး၊ Lake ရေကန်ကို ဆိုလိုတာပါ။ အင်းလေးကန် ဆိုရင် ဂျပန်လို Inle ko လို့ ဆိုရမှာပါ။ (အခု အဲ့ဒီဗီဒီယို YouTube ပေါ်မှာ မရှိတော့လို့ လင့်ခ် မပေးနိုင်တော့ပါဘူး။)

(၃) မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး Oxford တက္ကသိုလ်က ယခု ၂၀၁၀ ခုနှစ် ထုတ်၊ Professor Steinberg ရဲ့ Burma/Myanmar - What Everyone Needs To Know စာအုပ်ထဲမှာတော့

ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တုန်းက စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက မြန်မာနဲ့ အရင်းနှီးဆုံးနိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်ကြောင်း၊ ဒီရင်းနှီးမှုဟာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်ခင် ရဲဘော်သုံးကျိပ် (Thirty Comrades) အဖြစ် ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ ဂျပန်မှာ သင်တန်းတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုက စခဲ့ကြောင်း၊ ဦးနေ၀င်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဇနီးမောင်နှံနဲ့ အတော်ရင်းနှီးပြီး၊ ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်မီအထိ ဂျပန်သံအမတ်ကြီးဟာ နိုင်ငံခြား သံအမတ်ကြီးများထဲမှာ ဦးနေ၀င်းနဲ့ အလွယ်တကူ တွေ့ဆုံခွင့်ရတဲ့ တစ်ဦးတည်းသော သံအမတ်ကြီး ဖြစ်ကြောင်း...ဦးနေ၀င်းဟာ ဂျပန်တွေအပေါ် လေးစားမှုရှိကြောင်း နဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းက ဂျပန်လယ်သမားတွေကို မြန်မာနိုင်ငံ ဖိတ်ခေါ်ပြီး၊ မြန်မာနိုင်ငံမှာ အထွက်ကောင်းစေရေး မြန်မာတွေကို သင်ပြပေးဖို့အထိ စဉ်းစားခဲ့သော်လည်း ဒီအကြံအစည် အထမမြောက်ခဲ့ကြောင်း...

စသဖြင့် ရေးသားထားတာကိုလည်း ကျွန်တော် နားလည်သလောက် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ (Burma/Myanmar - What Everyone Needs To Know by David I. Steinberg စာမျက်နှာ-၁၂၄)

Koya San ခရီးအစ

ဒီလိုနဲ့ အတိုချုပ်ပြောရရင် မနွယ်ရဲ့ ကျေးဇူးကြောင့် Koya San ကို သွားချင်နေတဲ့ ဆန္ဒ ဒီနှစ် ၂၀၁၀၊ ဧပြီလမှာ ပြည့်မြောက်ခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် ဧပြီလမှာ အတန်းသစ်တွေ စပြီဖို့ အလုပ်ကတော့ ခပ်ရှုပ်ရှုပ်ပါပဲ။ Koya San ကိုသွားဖို့ Ritsumeikan University (BKC - Biwako Kusatsu Campus) ကို ဧပြီလ ၁၆ ရက် (သောကြာနေ့) ညနေပိုင်းက ချီတက်ခဲ့ပါတယ်။



Ritsumeikan University (BKC) က အကြမ်းဖျင်းအားဖြင့် နာဂိုယာ နဲ့ ကျိုတိုကြားမှာ ရှိပါတယ်။ ကျိုတိုမြို့နဲ့ နာရီဝက်လောက်ဝေးပြီး၊ ထုံးစံအတိုင်း ကျည်ဆန်ရထား (Shinkensen) နဲ့သွားရင် ဈေးကြီးမှာမို့ ဈေးအသက်သာဆုံးနည်းကို ရှာဖွေရပါတယ်။ (နာဂိုယာ-ကျိုတို ခရီးကို ကျည်ဆန်ရထားနဲ့သွားရင် (၃၅) မိနစ်သာ ကြာပြီး၊ one way ကို ယန်း ၅၀၀၀ ကုန်ပါမယ်။)

ဒီနေရာမှာ ဂျပန်ပြည်တွင်း ခရီးသွားများကို ညွှန်းချင်တာကတော့၊ ဂျပန်မှာ လေယာဉ်၊ ရထား စတာတို့နဲ့ ဘယ်ကို သွားချင်ချင် ဈေးနှုန်း၊ အချိန် နဲ့ခရီးစဉ် အသေးစိတ်ကို http://www.hyperdia.com မှာ အင်္ဂလိပ်လို အလွယ်တကူ ရှာလို့ရပါတယ်။ အလွန်ကို အသုံးဝင်တာမို့ မသိသေးရင် စသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။



ဥပမာ ကျည်ဆန်ရထား မဟုတ်ဘဲ Limited Express တို့၊ ရိုးရိုး Local ရထားတို့ စီးမယ်ဆိုရင်တော့ အချိန်ပေါ်မှာ မူတည်ပြီး ခရီးစဉ်တူကိုပဲ တစ်ချို့ ရထားက တိုက်ရိုက်၊ တစ်ချို့ ရထားက ၂ ကြိမ်၊ ၃ ကြိမ် စသဖြင့် ပြောင်းရတာမျိုးတွေ ရှိတတ်တာကြောင့် သေသေချာချာ ရွေးဖို့၊ browse လုပ်ဖို့တော့ လိုပါတယ်။ ဂျပန်မှာ (ယေဘုယျအားဖြင့်) ဘယ်အချိန်ချိန် ထသွားသွား၊ ကိုယ်သွားချင်တဲ့ ခရီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ရောက်နိုင်ပေမယ့်၊ ကြိုတင်ရှာထားနိုင်ရင်တော့ အနည်းဆုံး အချိန်ကုန် သက်သာမှာပါ။

(BKC) Biwako Kusatsu Campus ရှိတဲ့ Minami Kusatsu ကိုသွားဖို့ ကျွန်တော် ကျိုတိုအထိ မစီးတော့ဘဲ၊ လမ်းတ၀က်လို့ ပြောလို့ရတဲ့ Maibara အထိသာ စီးပြီး၊ Maibara ကနေ Minami Kusatsu ကို Local ရထား ပြောင်းစီးပါတယ်။ (Maibara ကို တိုက်ရိုက်ရထားနဲ့ သွားတာက တစ်နာရီ ရှစ်မိနစ်၊ နောက်ပြောင်းစီးမယ့် ရထားစောင့်ဘာစောင့်နဲ့ (နာဂိုယာကနေ) Minami Kusatsu အထိ ခန့်မှန်းချေ နှစ်နာရီဝန်းကျင် ကြာပါတယ်။ ပြောင်းတဲ့အကြိမ်များရင်တော့ သုံးနာရီဝန်းကျင်လောက် အချိန်ကုန်ကောင်း ကုန်နိုင်ပါတယ်။ (ကျည်ဆန်ရထားနဲ့မသွားဘဲ ရိုးရိုးရထားနဲ့သာ သွားတာမို့ အချိန်ပိုပေးရပေမယ့်၊ ယန်း ၂၀၀၀ ၀န်းကျင်သာ ကုန်ပါတယ်။)


(Maibara မှ Minami Kusatsu အထိ သွားတဲ့ ရထားမြေပုံ)

Minami Kusatsu ရောက်တော့ ဒေသခံ သူငယ်ချင်းတစ်ဦးက မိုးထဲလေထဲမှာ လာကြိုပြီး၊ ဦးဆုံး ညစာကျွေးပါတယ်။ သူကျွေးတဲ့ ဟင်းတွေထဲက ငါးဖယ်သုပ် ကိုတော့ အခုထိ တွေးတိုင်း စားချင်နေတုန်းပါပဲ။ စားပြီးတာနဲ့ တစ်ညတာတည်းမယ့် သူငယ်ချင်းရဲ့အိမ်ကို ထပ်ပြီး ခရီးဆက်ခဲ့ပါတယ်။ သူငယ်ချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီည သူ့အိမ်မှာ စားပွဲသောက်ပွဲလေး လုပ်တဲ့အစီအစဉ် ရှိနေတာကြောင့် ကျွန်တော်လည်း ၀င်နွဲဖြစ်ခဲ့ပါတယ်။ စပိန်၊ အင်ဒိုနီးရှား၊ ဥစ္စဘက်ကစ္စတန်၊ အီသီယိုပီးယား နိုင်ငံများက သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ အချင်းချင်း ရောက်တက်ရာရာ အတွေ့အကြုံများကို နှီးနှောဖလှယ်ရင်း၊ အင်ဒိုနီးရှား သူငယ်ချင်းမလေးရဲ့ ရှားမှရှား ပြောဆိုဆွေးနွေးချက်များကြားမှာ ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာနှစ်သစ်ကို ကူးဖြစ်ခဲ့ပါတယ်။ ပွဲပြီးချိန် နောက်ကျတာကြောင့်၊ နောက်တစ်နေ့ မနက် (၁၁) နာရီ ဘူတာစုရပ် မီဖို့ မနည်း ထခဲ့ရပါတယ်။

(ဆက်ပါဦးမည်...)

10 comments:

  1. ဆက်လည်းဆက်... ဓါတ်ပုံလည်းပို့ပေါ့ကွယ်.... :D

    ReplyDelete
  2. ကိုလုံးတုံးရေ
    ဒီလိုအရေးသားကောင်းမွန်ပြီးသုတစုံလင်တဲ့
    ဆိုဒ်ကလေးတခုရှိတာမသိခဲ့ဘူး။
    လင့်ခ်ခွင့်ပေးပါ။ Lawကတော့ အလွန်ကိုစိတ်ဝင်စားတဲ့
    ဘာသာရပ်ပါ။

    ReplyDelete
  3. လင့်ခ် ပါခင်ဗျား။ ၀မ်းသာစွာ ကြိုဆိုပါတယ်။ ကျွန်တော်လည်း KHSL (ဘယ်လိုခေါ်ရပါမလဲ...) ရဲ့ဘလော့ဂ်ကို သဘောကျလို့ လင့်ခ်ထားပါတယ်ဗျ။

    ReplyDelete
  4. koya san က wakayama ken မဟုတ်ဘူးလား။
    လွမ်းစေတီလို့နာမည်တပ်တာလား ကမ္ဘာအေးစေတီမဟုတ်ဘူးလား။
    ကျနော်လည်း သမိုင်းဝင်နေရာတွေပိုကြိုက်တယ်။ရေးပါ..ဖတ်၇တာကြိုက်တယ်


    မြတ်နိုး

    ReplyDelete
  5. ကိုမြတ်နိုး ခင်ဗျား။ အပိုင်း (၂) ဆက်လာရင် အစ်ကိုမေးတာတွေ ဖြေပြီးသား ဖြစ်မှာပါ။ အားပေးတာ ကျေးဇူးတင်ရှိပါကြောင်း။

    ReplyDelete
  6. ကျနော်ရောက်ဖူးပီးသားပါ။ အမှတ်မမှားဘူးဆိုရင်တော့ ကျနော်ထင်တာ ကမ္ဘာအေးစေတီပါ။ မြန်မာလို ဟိုဖက်ဒီဖက်မှာ ကျန်းမာပါစေ..နဲ့ အေးချမ်းပါစေဆိုလားငြိမ်းအေးပါစေဆိုလား ပဲ။

    ကျနော်မိန်းမပါ။ ဟားဟား
    အင်းမိန်းမဆိုလို့မေးဦးမယ်။ ရန်ကုန်သူအစစ်ပါ။ရေမရောဘူး

    ကို၇စံကိုကျနော်လည်းေ၇းပေမဲ့အဆုံးမသတ်ထားဘူးဗျ။ ကိုလုံးလုံးရေးတာ တအားစုံတယ်။ ကောင်းတယ်။

    မြတ်နိုး

    ReplyDelete
  7. ဟီးဟီး...(ကို နဲ့ မ) မှားပြန်ပြီ။ အပိုင်း (၂) အမြန်ရေးပါမယ်။ ခဏစောင့်ပေးပါခင်ဗျား။

    ReplyDelete
  8. အပိုင်းဆက်တွေကိုမျှော်နေတယ်နော်။မြန်မြန်နော်။

    ReplyDelete
  9. ဖတ်ပြီး ဗဟုသုတတော်တော်ရလိုက်တယ်..။ အဲဒီမြို့ကို ရောက်ဖူးပေမယ့် ဒီနေရာတွေကို မသွားဖြစ်ခဲ့ဘူး..။ အခုလို ဓါတ်ပုံတွေနဲ့ တင်ပေးထားတော့ ကိုယ်ရောက်ရသလိုပဲ..။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. ဒီစေတီမရောက်ဖူးသေးပါ။ ကျေးဇူးဗျ။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။