Sunday, April 4, 2010

ဘွဲ့ရဂျပန်လူငယ်များရဲ့ လုပ်ငန်းခွင်ဘ၀ အစ

ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ်တစ်ယောက် အမြဲတမ်း လုပ်ငန်းခွင် (Permanent Job) စ၀င်ရင် တစ်လ လခ ဘယ်လောက်ရသလဲ၊ ဂျပန်နိုင်ငံရဲ့ ပုံမှန် ၀န်ထမ်းတစ်ယောက်ရဲ့ တစ်လ ၀င်ငွေဟာ ဘယ်လောက်လဲ ဆိုတာ ဂျပန်ကို ရောက်ခါစကတည်းက သိချင်ပေမယ့် ယဉ်ကျေးမှုအရ မမေးခဲ့ပါဘူး။ နောက်ပိုင်း ဒီမှာ နေတာလဲ တစ်နှစ်ကျော်ကြာ၊ အားနာစရာ မလိုတော့တဲ့ ခင်မင်တဲ့ ဂျပန် သူငယ်ချင်းတွေလည်း ရလာတာရယ်၊ သူတို့တွေကလည်း လိုလိုချင်ချင် ပြောပြချင်တာရယ်တို့ကြောင့် အကြမ်းဖျင်း မေးမြန်း သိခဲ့ရတာလေးတွေကို မျှဝေချင်ပါတယ်။

လခ အကြောင်း မပြောခင် ဂျပန်မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေ အလုပ်ဘယ်လိုရှာသလဲဆိုတာ ရှင်းပြဖို့လိုပါတယ်။ ဘွဲ့ကြို တန်း (undergraduate) နဲ့ ဘွဲ့လွန် (graduate) တန်း ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့မရခင် တစ်နှစ်အလိုမှာ အမြဲတမ်း အလုပ်အကိုင် (Permanent Job) တစ်ခုခု ရအောင် ရှာကြရပါတယ်။ ဘွဲ့တစ်ခုခု ရပြီးမှ အေးအေးဆေးဆေး စိတ်ကြိုက် အလုပ်ရှာမယ်ဆိုတဲ့ ပုံစံ၊ စနစ်မျိုး ဂျပန်ရဲ့ လက်ရှိ လူမှုစီးပွားရေးနယ်ပယ်မှာ မရှိတော့ပါဘူး။




(၂၀၁၀၊ မတ်လက နာဂိုယာမှာကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားများ)

ဒါကြောင့် ပုံမှန် လေးနှစ်တက်ရတဲ့ (Bachelor's Degree) ဘွဲ့တန်းမှာ တတိယနှစ် ကျောင်းသူကျောင်းသားတွေ၊ (Master's Degree) ဘွဲ့လွန်တန်း မှာ မဟာတန်း ပထမနှစ် ကျောင်းသူကျောင်းသားတွေဟာ ကျောင်းစာထက် အလုပ်အကိုင် ရှာဖွေဖို့အတွက် ပြုလုပ်ပေးတဲ့ အလုပ်ရှာ ဆွေးနွေးပွဲ (ဂျပန်ကျောင်းသားများ အခေါ် Shukatsu / Job-Hunting Seminar) များ၊ အလုပ်ခွင် အင်တာဗျူးများ နဲ့သာ အလွန်အမင်း အလုပ်ရှုပ်ကြတာကို တွေ့ရပါတယ်။

ဒီလို အလုပ်ရှာဆွေးနွေးပွဲများတက်ဖို့၊ အင်တာဗျူးများဖြေဖို့ ကျောင်းသားကျောင်းသူတွေဟာ ဂျပန်တစ်နိုင်ငံလုံးကို အိမ်ဦးနဲ့ကြမ်းပြင်လို ဥဒဟို သွားလာကြရပါတယ်။ ဥပမာ - မနက်မှာ တိုကျို၊ ညနေမှာ အိုဆာကာ၊ နောက်တစ်ရက်မှာ နာဂိုယာ နဲ့ ဖူကူအိုကာ ကို ရောက်ချင် ရောက်နေတတ်ကြပါတယ်။

Shinkensen လို့ ခေါ်တဲ့ ကျည်ဆန်ရထားရဲ့ ကောင်းမှုကြောင့် ဂျပန်တစ်နိုင်ငံလုံးကို အချိန်သက်သက်သာသာနဲ့ သွားနိုင်တာလည်း ပါတာပေါ့ဗျာ။ ဒါပေမယ့် ကျည်ဆန်ရထားကလည်း ဈေးအလွန်ကြီးတာကြောင့် သူတို့လည်း ချင့်ချိန် စီးကြရတာပါပဲ။ (ဥပမာ - ကီလိုမီတာ ၅၅၀ ခန့်ကွာဝေးတဲ့ အိုဆာကာ-တိုကျို ခရီးကို ကျည်ဆန်ရထားနဲ့ တိုက်ရိုက်သွားရင် အချိန် (၃) နာရီခန့်သာ ကြာပါမယ်။ ဒါပေမယ့် ယန်းတစ်သောင်းငါးထောင် (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) တော့ ကုန်ပါမယ်။)

ဒီလို ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင် အလုပ်ရှာရတာဟာ ဂျပန်လူငယ်တွေကြားမှာ ယဉ်ကျေးမှု ထုံးစံတစ်ခုလို ဖြစ်နေပြီး၊ အလုပ်ကောင်းကောင်း မရမှာ စိုးရိမ်ပူပန်ရတဲ့ pressure လည်း အတော်များတာကို တွေ့မြင်နေရပါတယ်။

သူတို့ကြားမှာ ဘွဲ့ရပြီးပြီးချင်း ငါက ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့ အလုပ်ဝင်မှာ ဆိုတဲ့အရာဟာလည်း အပြိုင်အဆိုင် တစ်ခုလိုလဲ ဖြစ်နေတာကို ရိပ်စားမိပါတယ်။ ဘွဲ့ရပြီးပြီးချင်း စတင်ဝင်ရောက်မယ့် အလုပ်ခွင် နဲ့ မိမိရဲ့ visiting card ကို သူငယ်ချင်း အချင်းချင်းကြားမှာ မပြောနိုင်၊ မပြနိုင်ရင် အင်မတန်မှ ဂုဏ်ငယ်၊ သိမ်ငယ်ဖွယ်ရာ၊ ရှက်စရာလို့ သူတို့ အချင်းချင်းကြားမှာ ယူဆထားကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် ခန့်တုန်းက၊ ကမ္ဘာ့စီးပွားရေး၊ ဂျပန်စီးပွားရေးကောင်းတုန်းက ဆိုရင် အလုပ်ရှာရတာ အခုလို သိပ်မခက်ခဲ (competitive) မဖြစ်ကြောင်း၊ ဘွဲ့ရတစ်ယောက် အတွက် အလုပ်ကောင်း ၃၊ ၄ ခု စောင့်နေကြောင်း၊ ကြိုက်ရာရွေး လုပ်လို့ရကြောင်း နဲ့ အလုပ်ရှာဆွေးနွေးပွဲ၊ အင်တာဗျူးများကို သွားလာရတဲ့ ကုန်ကျစရိတ်များကို သက်ဆိုင်ရာကုမ္ပဏီမှ ကျခံပေးလို့ အလုပ်ရှာရင် အမြတ်တောင်ထွက်ကြောင်း ပါမောက္ခတစ်ဦး ပြောပြတာကိုလည်း အမှတ်ရမိပါတယ်။ (ဥပမာ - နာဂိုယာက ကျောင်းသားတစ်ဦး တိုကျိုမှာ အလုပ်ခွင် အင်တာဗျူး (၃) ခု သွားဖြေတယ်ဆိုပါတော့၊ တိုကျိုမှာ ရှိတဲ့ ကုမ္ပဏီ (၃) ခု စလုံးက ခရီးစရိတ်ပေးလို့ အရင်းထက် အမြတ်တောင် ထွက်တယ်လို့ ဆိုပါတယ်။)

ဒါပေမယ့် အခု လက်ရှိကာလမှာတော့ ဂျပန်ကျောင်းသားတစ်ယောက်ဟာ အလုပ်ရရှိဖို့ အလုပ်ရှာ ဆွေးနွေးပွဲများ၊ အင်တာဗျူးများအတွက် နေထိုင်သွားလာ စားသောက်စရိတ် အကြမ်းဖျင်း အမေရိကန်ဒေါ်လာ (၁၀၀၀) ကနေ (၃၀၀၀) ၀န်းကျင်အထိ ရင်းနှီးရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီများကလည်း ခရီးစရိတ် မပေးတော့ဘူးလို့ သိရပါတယ်။

သူတို့တွေ လခ ဘယ်လောက်ရသလဲ မပြောပြခင် သူတို့ဘယ်လိုအလုပ်မျိုးကို စိတ်ဝင်စားတယ် ဆိုတာ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ လူငယ်အများစုက ကုမ္ပဏီဝန်ထမ်း (သူတို့အခေါ် kaishain) သာ ဖြစ်ရင်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် ၀န်ကြီးဌာနများက အစိုးရ၀န်ထမ်း အလုပ်ကို အထင်ကြီး၊ ဂုဏ်ယူကြပေမယ့် အစိုးရအရာရှိ ၀င်ခွင့်စာမေးပွဲရဲ့ ခက်ခဲမှုကြောင့် တကြောင်း၊ ကုမ္ပဏီများမှာ အလုပ်လုပ်ရင် ငွေးကြေးအပါအ၀င် ဘ၀မှာ ပိုမိုအောင်မြင်နိုင်တယ်လို့ ယေဘုယျ ယူဆကြတာက တကြောင်း၊ ကုမ္ပဏီဝန်ထမ်းအလုပ်က ဘွဲ့ရလူငယ်များအကြားမှာ ပိုခေတ်စားတာကို သတိထားမိပါတယ်။

နောက်သူတို့တွေလည်း ယေဘုယျအားဖြင့် မြန်မာနိုင်ငံ နဲ့ အခြားနိုင်ငံအချို့တွေမှာလိုပဲ ရတဲ့ဘွဲ့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အလုပ်မှာ လုပ်ကြတဲ့သူ ရှားပါတယ်။ ဘွဲ့ဟာ လိုအပ်ချက်၊ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပြီး၊ ဘွဲ့နဲ့ လားလားမျှ မသက်ဆိုင်တဲ့ အလုပ်တွေကို ၀င်ရောက်လုပ်ကိုင်ကြသူတွေ အများအပြားပါပဲ။


နောက်ဆုံးအနေနဲ့ ဒီပို့စ်ရဲ့အစမှာ ဆိုခဲ့တဲ့အတိုင်း ဘွဲ့ရဂျပန်လူငယ်တွေ လခ ဘယ်လောက်ရသလဲဆိုတာ ပြောပြချင်ပါတယ်။ ဘွဲ့မရခင် တစ်နှစ်မှာ ကြိုတင်အလုပ်ရှာထားတဲ့၊ အသက်(၂၀) (၂၁) အရွယ် သာမန်ဘွဲ့ရ ဂျပန်လူငယ်တစ်ယောက်ဟာ ဘွဲ့ရပြီးပြီးချင်း အမြဲတမ်း အလုပ် (Permanent Job) အတွက် အရည်အချင်း နဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လစဉ် တစ်လကို ယန်း သောင်း ၂၀ (အမေရိကန်ဒေါ်လာ ၂၀၀၀) နဲ့ယန်း ၃၅ သောင်း (အမေရိကန်ဒေါ်လာ ၃၅၀၀) ကြား ရပါတယ်။

ဘွဲ့ရလူငယ်တစ်ယောက် အနေနဲ့ နာမည်ကြီး ကုမ္ပဏီမှာ ယန်း ၃၅ သောင်းနဲ့ ခန့်အပ် ခံရပြီဆိုရင်တော့ မိမိရဲ့အတန်းတူ သူငယ်ချင်းတွေကြားမှာ အတော်ကို မျက်နှာပွင့်ပြီး၊ အလျှံအပယ် ပါတီပေးလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ယခု ၂၀၁၀၊ မတ်လမှာ ဘွဲ့ရတဲ့ ဂျပန်သူငယ်ချင်းတစ်ယောက်ကတော့ တိုကျိုမှာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ တစ်လ ယန်း ၃၅ သောင်းနဲ့ အလုပ်ရထားတာမို့ သူ့ပါတီမှာ အရက်ပုလင်းမျိုးစုံ ပုလင်း (၂၀) ကျော်နဲ့ သူငယ်ချင်းတွေကို ဒါနပြုသွားပါသေးတယ်။

ကြုံကြိုက်တုန်း တဆက်တည်းပြောပြရရင် အစိုးရတက္ကသိုလ် (Public University) များက ပါမောက္ခတစ်ယောက်ရဲ့ လစာကတော့ တစ်လကို ယန်း သောင်း (၃၀) (အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်) ရကြောင်း ပါမောက္ခတစ်ဦး ပြောဘူးတာ မှတ်မိပါတယ်။

နောက်ပြီး၊ ဂျပန်တွေ စီးပွားရေး မကောင်းဘူး၊ လုပ်ခ၊ အပိုဆုကြေး (Bonus) တွေ ဖြတ်တယ် ဆိုပေမယ့်လည်း Bonus က တစ်ကြိမ်ကို ယန်း သောင်း ၂၀-၃၀ နဲ့ တစ်နှစ်မှာ နှစ်ခါ ပေးနေမြဲ၊ ရနေဆဲဆိုတာကို Bonus ရလို့ ဘီယာအတူတူ သောက်ဖြစ်တဲ့ ကျွန်တော့် ဂျပန်သူငယ်များ ကျေးဇူးကြောင့် သိရပါတယ်။

ဒါကြောင့် အကြမ်းဖျင်း ဂျပန်မှာ အသက် (၂၀) (၂၁) အရွယ်၊ ဘွဲ့ရဂျပန်လူငယ် တစ်ယောက်အနေနဲ့ တစ်လကို ယန်း ၂၅ သောင်း ၀န်းကျင်နဲ့ အနာဂတ်အတွက် အတိုင်းအတာ တစ်ခု အထိ စိတ်အေးရပါတယ်။

ဒီပို့စ်ကို ရေးနေရင်း မဟာဘွဲ့ရ ဂျပန်သူငယ်ချင်းတစ်ယောက် သူ့ရဲ့ ဘွဲ့ရနှုတ်ဆက်ပွဲမှာ ပြောသွားတာကိုလည်း ပြန်ပြောပြချင်ပါသေးတယ်။

သူငယ်ချင်းက အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ မဟာဘွဲ့ရသွားသူပါ။ သူ့ကို ဘွဲ့ရပြီးတော့ မင်းဘာလုပ်မှာလဲလို့ ၀ိုင်းမေးကြတော့… ငါ တက္ကစီမောင်းမယ်လို့ ဖြေသွားပါတယ်။ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ဘွဲ့ရကြသူ ဂျပန်သူငယ်ချင်း အများစုက ကုလသမဂ္ဂ (UN) မှာ လုပ်မယ်။ International NGOs တစ်ခုခုမှာ လုပ်မယ် စသဖြင့် အပြိုင်အဆိုင် ပြောနေကြချိန်မှာ တက္ကစီမောင်းမယ့် သူငယ်ချင်းကြောင့် အတော်ပွဲကျသွားပါတယ်။

ဒေသဆိုင်ရာ၊ ကမ္ဘာ့ဆိုင်ရာတွေ (၂) နှစ်လောက် ကြီးကြီးမားမား လေ့လာပြီးခါမှ ဘွဲ့လည်းရရော၊ တက္ကစီ မောင်းမယ်ဆိုတဲ့ သူငယ်ချင်းကြောင့် လုပ်ငန်းခွင်နဲ့ ပတ်သက်ရင် ရည်ရွယ်ချက် ကြီးကြီးထားကြတဲ့၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ NGOs များမှာ အဆင့်မြင့်ရာထူးတွေ လုပ်ကိုင်ချင်ကြတဲ့ အတန်းဖော် သူငယ်ချင်းတသိုက် ငိုရအခက်၊ ရီရအခက် ဖြစ်ကုန်ပါတယ်။

သူက အခု မဟာဘွဲ့ရပြီးတဲ့နောက်၊ (၂) နှစ်လောက် ငွေစုပြီး ဆေးကုတဲ့ဆရာဝန် ဖြစ်ဖို့ ကျောင်းဆက်တက်ချင်သေးကြောင်း နဲ့ လက်ရှိသူ့အနေနဲ့ ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ်ရင် ယန်း ၂၀၊ ၂၅ သောင်း လောက်သာ ရနိုင်တာမို့၊ တိုကျိုမှာ သူတက္ကစီ သွားမောင်းရင် တစ်လ ယန်း ၃၅ သောင်း လောက်ရနိုင်တယ်လို့ သူ့ ရည်ရွယ်ချက်ကို ကျွန်တော့်ကို နောက်သီးခြား ရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်၊ အခြေအနေလေးတွေဟာ လက်ရှိ ဂျပန့် လူမှု စီးပွားရေး၊ ပညာရေး နယ်ပယ်တွေမှာ တကယ်ဖြစ်နေတာမို့ ကျွန်တော်တို့တတွေ တစုံတရာ တွေးစရာလေးများ ရနိုင်ဖို့ မျှဝေလိုက်ပါတယ်။ (Shukatsu / Job-Hunting Seminar ဆိုင်ရာ ဗီဒီယိုများကို YouTube မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။)

5 comments:

  1. ကိုလုံးတုန်းရေ....
    သူတို့အကြောင်းကလည်း စိတ်ဝင်စားစရာပဲဗျာနော်...။
    ကျွန်တော်တော့ (အခုအချိန်မှာ) သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို ဖတ်ရင်းမောသွားမိတာ အမှန်ပဲဗျာ...။
    တစ်ကယ်တော့ တချို့ပြိုင်ဆိုင်မှုတွေဟာ... အသက်အရွယ်ရလာတာနဲ့အမျှ... ဘာမှ အဓိပ္ပါယ်မရှိတော့တာ ကိုယ်တိုင်မြင်ခဲ့၊ သိခဲ့မိလို့ပဲလေဗျာ....။
    အဲ့ဒီမှာ နေကောင်းအဆင်ပြေတယ်ဟုတ်... ကိုလုံးတုန်း....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. အားပေးပါတယ်
    စာတွေ ဆက်ရေးပါ
    ကိုယ်တိုင်လည်း ဘွဲ့လွန်တက်နေသူပါ
    undergrad တုန်းကလည်း ဒီကနေပဲ ပြီးသွားတာပါ
    ဒါပေမယ့် အတွေ့အကြုံတွေ ပြန်ချမပြနိုင်တာကို နှမျောမဆုံးပါဘူး
    ခုလိုရေးတဲ့သူ ရှိတာ ၀မ်းသာပါတယ်
    (comments from deleted post, on April 5, 2010 10:03 PM)

    ReplyDelete
  3. ဟုတ်ပါတယ် အကိုရေ...ဂျပန်မှာ အလုပ်ရဖို့  ရှာရတာတော်တော်ခက်ပါတယ်..အသက်ကြီးလေ အလုပ်ရဖို့ ခက်လေလို့  ဂငယ်တစ်ယောက်ကပြောပါတယ်..ကျောင်းမှာလည်း အကိုပြောသလို မပြီးခင်တည်းက အလုပ်ရှာနေရတဲ့ ကျောင်းသူကျောင်းသားတွေတစ်ပုံကြီးပဲဗျာ..ဂငယ်တွေရဲ့ အချင်းချင်းပြိုင်ဆိုင်မှုကလည်းပြင်းထန်တယ်နော်...ဟူးးးး

    ReplyDelete
  4. ကိုလုံးတုံးရေ
    မင်္ဂလာပါ။

    ဖြတ်သန်းခဲ့ရတယ် အဲဒီလမ်းတွေ။
    အခုကတော့ သိတဲ့အတိုင်းပဲ၊ စီးပွါးရေးမကောင်းတော့ ခန့်မယ်လို့ စာပို့ပြီး မခန့်တော့တဲ့ ကုမ္ပဏီတွေလည်းရှိသလို၊ ကုမ္ပဏီလစာတွေလည်း နည်းသွားတယ်။ ကျွန်မတို့ကုမ္ပဏီ ဆိုရင် လာမည့် ၂၀၁၁ အတွက် အသစ်တစ်ယောက်မှမခေါ်ဘူး။ အထူးသဖြင့် ငွေကြေးနဲ့ ဘဏ်လုပ်ငန်း စတော့ တွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဆို စီးပွါးရေးပြန်ကောင်းလာပြီလို့ အပြတ်မပြောနိုင်သေးတဲ့ အချိန်ဖြစ်နေတယ်။

    ပို့စ်ကကောင်းတယ်။
    ခင်မင်လျှက်
    ကုမ္ပဏီ

    ReplyDelete
  5. ဖတ်မှတ်သွားပါတယ်။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။