Tuesday, February 24, 2009

UN ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်သစ် Susan Rice


Susan Rice (US Ambassador to UN)

အမေရိကန်သမ္မတ အိုဘားမားရဲ့ UN ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မကြာသေးမီက ခန့်အပ်ခြင်း ခံရတဲ့ Susan Rice က UN မှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြန်လည်ဆန်းသစ်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါ တယ်။ ဒါပေမယ့် UN ရဲ့ လက်ရှိအခြေအနေကို လေ့လာကြည့်ရင် သမိုင်းကြောင်းမှာ အမေရိကန်ရဲ့ သဘော ဆန္ဒကို အမြဲလိုလိုဆန့်ကျင်နေခဲ့တဲ့ ပြိုင်ဘက်နိုင်ငံများဟာ ယခုအချိန်မှာ UN ရဲ့ အရေးပါဆုံးသောနေရာ အချို့ကို ရယူထားတာကို တွေ့ရပါတယ်။

အထွေထွေညီလာခံမှာ Nicaragua နိုင်ငံသား (leftist Nicaraguan) Miguel d'Escoto Brockmann က ဦးဆောင်လျက်ရှိပါတယ်။ ၄င်းဟာ အမေရိကန်ရဲ့ ကမ္ဘာမှာ ဗိုလ်ကျစိုးမိုး လွှမ်းမိုးချုပ်ကိုင်လိုမှုကို အမြဲလိုလို ဆန့်ကျင်နေသူ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တတိယကမ္ဘာနိုင်ငံများရဲ့ အရေးပါသော နိုင်ငံရေး အဖွဲ့အစည်းကြီးလို့ ပြောလို့ရတဲ့ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement - NAM) မှာ ကျူးဘားက ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။ ထို့အတူ လစ်ဗျားနိုင်ငံဟာလည်း လုံခြံရေးကောင်စီမှာ လက်ရှိတာဝန်ယူလျက်ရှိပြီး၊ လာမယ့်နှစ်မှာ အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိတဲ့ အထွေထွေညီလာခံကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အလားတူ အမေရိကန် အားပေးထောက်ခံသော UN ရဲ့ အရေးယူပိတ်ဆို့မှု များနဲ့ ပတ်သက်နေတဲ့ အီရန် နဲ့ ဆူဒန် နိုင်ငံများကိုယ်တိုင်ပင် နိုင်ငံတကာမှ ယုံကြည်လေးစားမှု (international respectability) ပြန်လည်ရရှိ ရန် ကြိုးစားနေပါတယ်။ လက်ရှိမှာ အီရန်နိုင်ငံဟာ UN ထိပ်တန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UNDP/UNFPA အမှုဆောင်အဖွဲ့ (Executive Board) ရဲ့ ဥက္ကဌ တာဝန် ကိုလည်းကောင်း၊ ဆူဒန်နိုင်ငံဟာ တတိယကမ္ဘာနိုင်ငံများရဲ့ လူမှုရေးမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းပေးသော အဖွဲ့အစည်းဖြစ်တဲ့ Group 77 and China မှာ ဥက္ကဌ အဖြစ်လည်းကောင်း အရေးပါတဲ့ရာထူးများ ရရှိထမ်းဆောင်နေကြပါတယ်။

ဒါကြောင့် UN မှာ အမေရိကန်အနေနဲ့ ဆူဒန်နိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှု မြှင့်တင်ရေး၊ အစ္စရေး နဲ့ UN တို့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရေး စတဲ့ ကိစ္စရပ်များမှာ ၄င်းတို့ ဖြစ်စေချင်သလို လုပ်ဆောင်ဖို့ မလွယ် ကူဘူး ဖြစ်နေပါတယ်။ ဥပမာအားဖြင့် သမ္မတ Bush အစိုးရရဲ့ နောက်ဆုံးနေ့ရက်များမှာ အမေရိကန် သံတမန် များဟာ အီရန်ကိုယ်စားလှယ် UNDP (Executive Board) ရဲ့ ဥက္ကဌ အဖြစ် အရွေးချယ် မခံရစေရေး အမျိုးမျိုး ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရပါတယ်။

Susan Rice က အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံများနဲ့ ဆက်ဆံမှု ပြု လုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Nicaragua ကိုယ်စားလှယ်ကတော့ အမေရိကန် နိုင်ငံရဲ့ အရေးပါမှုဟာ ၄င်းတို့ရဲ့မူဝါဒကြောင့် သိသိသာသာ ကျဆင်းလာပြီဖြစ်ကြောင်း၊ ဒါပေမယ့် သူအနေနဲ့ အမေရိကန် အစိုးရအဖွဲ့သစ်နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့တော့ စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။

Susan Rice

Susan Rice ဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံးသော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါ တယ်။ သမ္မတ ကလင်တန်လက်ထက် (၁၉၉၇ ခုနှစ် မှ ၂၀၀၁ ခုနှစ်အထိ) အာဖရိကရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

သူမကို ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ အာဖရိကအနွယ် အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ ကနဦး အနေ နဲ့Stanford University မှ သမိုင်းနဲ့ ဘွဲ့ ရရှိခဲ့ပြီး၊ Oxford မှ ဒေါက်တာဘွဲ့ကို နိုင်ငံတကာဆက်ဆံရေး အထူးပြု နဲ့ ရရှိထားသူ ဖြစ်ပါတယ်။

သူမဟာ ဒါဖာ သတ်ဖြတ်မှုတွေ အဆုံးသတ်စေရေးအတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တွန်းအားပေးသူဖြစ်ပြီး၊ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ရ၀မ်ဒါ သို့ (၁၉၉၄ ခုနှစ် လူအစုလိုက်အပြုံလိုက် သတ်ဖြစ်မှုအပြီး) သွားရောက်ခဲ့ပါတယ်။ ဆူဒန်အစိုးရ လူအများ အပြားကို သတ်ဖြတ်နေခြင်းမှ ရပ်တန့်စေရန်အတွက် စစ်ရေးအရ အရေးယူရေးနည်းလမ်းကို ထောက်ခံ ကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။

(Can Rice blunt sway of hardliners in UN ? - Analysis UN - The Washington Post ကို ကိုးကားပါတယ်။)

1 comment:

  1. သူများတွေ တော်လိုက်တာနော်။ အားကျစရာကြီးဗျာ။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။