Saturday, March 13, 2010

ဂျပန်ပြည်တွင်းခရီးစဉ်များ (သို့) Sendai နဲ့ Yamagata သို့ အလည်တစ်ခေါက် (၁)

နိဒါန်း

များပြားလှတဲ့ အတန်းတွေ၊ report တွေကြားထဲ ဘလော့ဂ်ကို ရေးသာမရေးဖြစ်တယ်၊ ရေးချင်စိတ်က အပြည့်ပါပဲ။ နောက်ပြီး ဘလော့ဂ်ကြောင့် ကောင်းတဲ့အလေ့အကျင့်တွေလည်း ရလာပါတယ်။ ဘလော့ဂ်မှာ ရေးဖြစ်ခဲ့ရင် ပြည့်ပြည့်စုံစုံ ရေးချင်တာကြောင့် ဘာမဆို မှတ်မှတ်သားသား ပိုလုပ်ဖြစ်လာတာကြောင့်ပါ။

၂၀၁၀ ရဲ့ ဂျပန်နိုင်ငံတွင်း ဒုတိယခရီးစဉ်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ (၁) ရက်နေ့ ကနေ (၇) ရက်နေ့အထိ၊ တစ်ပတ်ကြာ ဂျပန်နိုင်ငံ မြောက်ပိုင်း၊ Tohoku က Sendai နဲ့ Yamagata ကို သွားဖြစ်ခဲ့ပါတယ်။ (၂၀၁၀ ရဲ့ ပထမဆုံးခရီးအနေနဲ့ ဇန်န၀ါရီလ ၅ ရက် ကနေ ၆ ရက် အထိ ကျောင်းကစီစဉ်တဲ့ တိုကျိုလေ့လာရေးခရီးကို လိုက်သွားဖြစ်ပါတယ်။)





ခရီးစဉ် ဆုံးဖြတ်ချက်

လွန်ခဲ့တဲ့ ၂၀၀၈ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း Hiroshima သွားတုန်းက ဂျပန်နိုင်ငံမှာ ရှိတဲ့ ရှုခင်းအလှပဆုံး (၃) နေရာထဲက တစ်နေရာလို့ ဆိုတဲ့ Miyajima ကိုရောက်ဖြစ်ခဲ့ပါတယ်။


Hiroshima ကတစ်ဆင့် ဆက်သွားရတဲ့ Miyajima က နာမည်ကျော် Torii Gate

(ဂျပန်နိုင်ငံမှာ ရှိတဲ့ ရှုခင်းအလှပဆုံး (၃) နေရာထဲက နောက် (၂) နေရာကတော့ ကျိုတို မြောက်ပိုင်းက Amanohashidate နဲ့ ဆန်းဒိုင်ကနေ ဆက်သွားရတဲ့ Matsushima တို့ ဖြစ်ကြောင်း သိရပါတယ်။) Miyajima ကိုသွားပြီးကတည်းက အဆင်ပြေရင်တော့ ဂျပန်က နောက်ထပ် အလှဆုံး (၂) နေရာကို သွားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

ဆန်းဒိုင်နဲ့ပတ်သက်ရင် ကျွန်တော်နဲ့ တစ်နှစ်ကြာ အတန်း (Seminar) အတူတက် ဂျပန်သူငယ်ချင်းက ဆန်းဒိုင်ဇာတိ ဖြစ်တာ၊ နောက် နာဂိုယာနဲ့ယှဉ်ရင် နွေရာသီမှာ ရာသီဥတု ပိုအေးတာ၊ အချို့ဂျပန်တွေ နွေရာသီမှာ ဆန်းဒိုင်ကိုသွားပြီး အနားယူကြတာ၊ နောက်ကျွန်တော့်ရဲ့ ဗြိတိန်သူငယ်ချင်းက သူနာဂိုယာမှာ မဟာဘွဲ့ လာမတက်ခင်၊ လွန်ခဲ့တဲ့ နှစ်အတန်ကြာက ဆန်းဒိုင်မှာ အင်္ဂလိပ်စာဆရာ အဖြစ်လုပ်ဖူးတာ... စတာတွေလောက်သာ ကြားဖူး၊ သတိထားမိပါတယ်။

ဒီတစ်ခေါက် ကျောင်းပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ စဉ်းစားနေတုန်း အတန်းဖော် ဂျပန်သူငယ်ချင်းနဲ့ စကားပြောကြရင်း အမှတ်မထင် Matsushima ကို ဆန်ဒိုင်းကနေ အလွယ်တကူ သွားလို့ရကြောင်း သိလာပါတယ်။ Ferry နဲ့ နာဂိုယာကနေ ဆန်းဒိုင်ကို တိုက်ရိုက်၊ ဈေးအသင့်အတင့်နဲ့ သွားလို့ရတဲ့ အကြောင်းပါ သိရလို့ ပိုစိတ်ဝင်စားသွားတာက တကြောင်း၊ နောက် ဆန်းဒိုင်မြို့သား ဂျပန်သူငယ်ချင်းက မတ်လ ပထမပတ်အတွင်းလာရင် သူလည်းဌာနေမှာ ရှိနေမှာဖြစ်လို့ အစစကူညီ လိုက်ပို့ပေးမယ်ဆိုတာကြောင့် တကြောင်း၊ စတဲ့ အကြောင်းကြောင်းတွေကြောင့် ဆန်းဒိုင်ကို သွားဖို့ ဆုံးဖြတ်မိပါတယ်။

travel companion (သို့) ခရီးသွားဖော်များ

ဒီတစ်ခေါက်တော့ တစ်ယောက်တည်း ခရီးမသွားချင်တာကြောင့်၊ ခရီးသွားဖော်များ ရွေးဖို့လိုလာပါတယ်။ သူငယ်ချင်းအတော်များများ က ကျောင်းကနှစ်စဉ် စီစဉ်ပို့ပေးတဲ့ (၃) ရက်ကြာ Ski Trip ကို လိုက်ကြမှာ ဖြစ်လို့ မအားကြပါဘူး။ (ကျွန်တော်က မနှစ်က ကောင်းကောင်းစီးပြီး၊ နာပြီးပြီမို့ ဒီနှစ်တော့ နားပါတယ်။ :P)

ခရီးသွားဖော်တွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်သဘောကတော့ အုပ်စုလိုက် ခရီးစဉ်တစ်ခုကို လူ၎၊ ၅ ယောက်ထက် မပိုချင်ပါဘူး။ နောက် flexible ဖြစ်တဲ့ သူငယ်ချင်းများကို ရှာရပါတယ်။ ဥပမာ - ကျွန်တော်နဲ့ ခင်တဲ့ Uzbekistan နဲ့ အင်ဒိုနီးရှားက အချို့သူငယ်ချင်းများဟာ အရက်ဘီယာ မသောက်တာ၊ ဘာသာယုံကြည်ကိုးကွယ်မှုကြောင့် စားသောက်ရာမှာ ရွေးချယ်ရတာ... စတာတွေကြောင့် ခင်ပေမယ့် ခရီးအတူသွားတဲ့အခါ အဆင်မပြေပါဘူး။ နောက်လူသိပ်များရင်လည်း သူလုပ်ချင်တာနဲ့ ကိုယ်လုပ်ချင်တာ တစ်ခါတစ်ရံ ညှိရ အင်မတန်ခက်ပါတယ်။ ဒါကြောင့် ခရီးအတူသွားတဲ့ အဖော်များဟာ flexible ဖြစ်ဖို့၊ open-minded ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပျော်ရွှင်တဲ့ခရီးဖြစ်နိုင်မယ်လို့ ထင်ပါတယ်။

ဒါနဲ့ တွဲလို့ကောင်းမယ်လို့ ထင်ရတဲ့ အခြားသူငယ်ချင်းများကို အဖော်ညှိရပါတယ်။ အတော်ရင်းနှီးတဲ့ ဂျပန်သူငယ်ချင်းများကလည်း လိုက်ချင်ပေမယ့် ဘွဲ့ရမည့်သူ (newly graduates) တွေ အတွက် ကြိုတင်ပြုလုပ်ပေးတဲ့၊ ဂျပန်မှာ အင်မတန်ခေတ်စားတဲ့ Job Hunting (အလုပ်ရှာ Seminar) များနဲ့ မအားကြတာကြောင့် နောက်ဆုံး လိုက်မယ်၊ မလိုက်ဘူးနဲ့ ဖေဖေါ်ဝါရီ ၂၂၊ ၂၃ အထိ ကျွန်တော်နဲ့ ဆွီဒင်က သူငယ်ချင်းတစ်ယောက်သာ သွားဖို့သေချာပါတော့တယ်။ တရုတ်သူငယ်ချင်းမလေးကတော့ အတော်ကို လိုက်ချင်ပေမယ့်၊ သူက တရုတ်ပြည် ခေတ္တပြန်မှာဖြစ်လို့ သူပြန်ရောက်မယ့် မတ်လ ၃၊ ၄ ရက်ကို ကျွန်တော်တို့တွေက မစောင့်နိုင်တာကြောင့် ထားခဲ့ရပါတယ်။ ဒီလိုနဲ့ သွားဖို့လက်မှတ် မ၀ယ်ခင်မှာဘဲ အမေရိကန်က သူငယ်ချင်းနဲ့ စကားစပ်မိရာက သူပါလိုက်ဖို့ ဖြစ်လာပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် ကျွန်တော့် ခရီးဖော်တွေကတော့ Lund University, Sweden က ဆွီဒင်သူငယ်ချင်း Viktor, Green Mountain College, USA က Dan ၊ ဆန်းဒိုင်က စောင့်နေမယ့် ဂျပန်သူငယ်ချင်း Keisuke နဲ့ ကျွန်တော်တို့ (၄) ယောက် ဖြစ်သွားပါတယ်။ Viktor နဲ့ Dan က နာဂိုယာကို တစ်နှစ် exchange student အဖြစ်လာတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။ ကျွန်တော် နဲ့ Keisuke က အသက် (၃၀) စီ၊ Viktor က (၂၅)၊ Dan က (၂၀) မို့ အသက်တွေလည်း ကွာကြပါတယ်။ နောက်ခံအခြေအနေ၊ ယဉ်ကျေးမှု နဲ့ ရှင်သန်ကြီးပြင်းခဲ့ပုံချင်း (Background, Culture နဲ့ Brought Up ဖြစ်ခဲ့ပုံချင်း) မတူညီတဲ့ လူ (၄) ယောက် ပေါင်းသွားတဲ့ ခရီးမို့ အတွေ့အကြုံ ကောင်းကောင်းရမယ်လို့တော့ ယူဆမိပါရဲ့။

means of transport (သို့) ဘာနဲ့သွားမလဲ

Ferry နဲ့တိုက်ရိုက်သွားလို့ ရကြောင်း Keisuke က ပြောပေမယ့် ကျွန်တော်ကတော့ ဈေးနှုန်းအပါအ၀င်၊ အခြားပိုကောင်းမယ့် နည်းလမ်းများနဲ့ သွားလို့ ရလိုရငြား အခြားနည်းလမ်း (possibilities) တွေကို ကျောင်းက Co-op မှာ စုံစမ်းရပါသေးတယ်။ ဂျပန်နိုင်ငံက တက္ကသိုလ်တွေက Co-op ဆိုင် (မြန်မာလိုဆို သမဆိုင် လို့ဆိုရမယ်ထင်ပါတယ်) တွေ ကတော့ တကယ့်ကို ကောင်းပါတယ်။ ခရီးသွားလက်မှတ်ကအစ စာရေးကိရိယာ၊ ကွန်ပြူတာ၊ မျက်မှန်ဆိုင် အဆုံး အကုန်ရှိတာကြောင့် မေးမြန်းစုံစမ်းရတာ အလွန်ကို အဆင်ပြေပါတယ်။ စုံစမ်းကြည့်တော့ နည်းလမ်း (၃) နည်း နဲ့ ဈေး (၃) မျိုးကို သိလာပါတယ်။

Shinkensen (Bullet Train)
ကျည်ဆံရထားနဲ့သွားရင် one way ကို ယန်း တစ်သောင်းကိုးထောင် (အမေရိကန်ဒေါ်လာ ၁၉၀) ခန့် ပေးရပါမယ်။

Bus
Bus နဲ့သွားရင် one way ကို ယန်း တစ်သောင်း (အမေရိကန်ဒေါ်လာ ၁၀၀) ခန့် ပေးရပါမယ်။

Ferry
Ferry နဲ့ ဆိုရင်တော့ one way ကို အိပ်စင်နဲ့သွားရင် ယန်း ရှစ်ထောင့်ငါးရာ (အမေရိကန်ဒေါ်လာ ၈၅) ခန့် ပေးရပါမယ်။

အားလုံးထဲမှာ Ferry သွားရင် ဈေး အသက်သာဆုံးပါပဲ။ သို့ပေမယ့် အချိန်ကတော့ နာရီ (၂၀) ခန့်ကြာမှာပါ။ ကျွန်တော်တို့တွေက ကျောင်းသားတွေ ဖြစ်တာကြောင့် အားလပ်ရက်မှာ အချိန်ပေးနိုင်ကြပါတယ်။ ပိုက်ဆံကတော့ နည်းလေကောင်းလေပေါ့။ ဒါကြောင့် နောက်ဆုံး ဈေးလည်းသက်သာ၊ Bus ထက်လည်း ပိုပြီး ဇိမ်ကျကျ သက်တောင့်သက်သာ သွားနိုင်မယ့် Ferry ခရီးကိုပဲ ရွေးလိုက်ပါတယ်။

(ဂျပန်မှာ ကျောင်းသူကျောင်းသားတွေ ကျောင်းပိတ်တဲ့ ရာသီ (holiday seasons) တိုင်းမှာ ဈေးသက်သက်သာသာနဲ့ ခရီးသွားနိုင်တဲ့ Seishun Juhachi Kippu (Youthful 18 Ticket) ဆိုတဲ့ ရထားလက်မှတ် ရှိပါသေးတယ်။ ဒီအကြောင်းကို နောက်ပို့စ်များမှာ အသေးစိတ် ရေးပါဦးမယ်။)

တကယ်တမ်း လက်မှတ်ဝယ်တော့ Ferry ကုမ္ပဏီက Promotion အစီအစဉ်ရှိတာကြောင့် (အိပ်စင်နဲ့) ယန်း ၈၅၀၀ အစား ယန်း ၇၂၀၀ ပဲ ပေးရပါတယ်။ ကံကောင်းချက်များ အားရစရာပါပဲ။




(သင်္ဘောပေါ်က အိပ်စင်ပုံ)

(ဆက်ရေးပါမည်။)