Tuesday, September 15, 2009

အကဲဖြတ် သတ်မှတ်ချက် တစ်ခု (သို့) Grading

ဒီနေ့မမျှော်လင့်ဘဲ ပြီးခဲ့တဲ့ ဧပြီလကနေ အခု စက်တင်ဘာလ အစပိုင်းအထိ ရွေးချယ်တက်ရောက်ခဲ့တဲ့ First Term ဘာသာရပ်တွေ ထဲက ဘာသာအချို့ရဲ့ Grade တွေကို သိရပါတယ်။

မသိခင်က သိချင်သလောက် သိရတော့လည်း သိပ်ပြီးအထူးအဆန်းကြီး မခံစားရတော့ပါဘူး။ သိသိချင်းတော့ အမှန်အတိုင်း ပြောရရင် အနည်းငယ် စိတ်လှုပ်ရှားမိတာပေါ့ဗျာ။ သိရတဲ့ (၇) ဘာသာ ထဲမှာ (၆) ဘာသာစလုံး (A) ရပါတယ်။ ကျန်တဲ့ တစ်ဘာသာက အသွင်ထူးခြားပါတယ်။ အဲဒီဘာသာမှာ ကိုယ်ပဲ ဆရာ၊ ကိုယ်ပဲ တပည့် လုပ်ရပါတယ်။ ဒါ့ကြောင့် Grade သတ်မှတ်ပေးတာမျိုး မရှိဘဲ၊ ကျောင်းသားအားလုံးကို Pass သာပေးပါတယ်။ ဒီဘာသာအကြောင်း တော့ နောက်ရေးတာပေါ့ဗျာ။

ကြုံတုန်း ကျွန်တော်တို့ကျောင်းရဲ့ Grade သတ်မှတ်ချက်လေး ပြောပြချင်ပါတယ်။ နှိုင်းယှဉ်ကြည့်လို့ ရအောင်ပါ။ A=excellent, B=good, C=Pass, D=fail, Pass=Grade not applicable လို့ ဆိုပါတယ်။ (A+) တွေ ဘာတွေတော့ ယေဘုယျအားဖြင့် မရှိဘူးပေါ့ဗျာ။

ဒါပေမယ့်လည်း တက္ကသိုလ်ရဲ့ ဌာနခွဲအလိုက် နဲ့ သင်တန်းအစီအစဉ်အရတော့ အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ (ဌာနခွဲလို့ဆိုတာက ဥပမာ - ဥပဒေပညာဌာန၊ စီးပွားရေးပညာဌာန နဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပညာဌာန စတာကို ဆိုလိုပြီး၊ သင်တန်း အစီအစဉ်ဆိုတာက ပုံမှန် မဟာဘွဲ့ သင်တန်း၊ အချိန်တို (တစ်နှစ်) short-term student exchange programme စသည်တို့ကို အကြမ်းဖျင်း ဆိုလိုပါတယ်။)

ဂျပန်နိုင်ငံက ဘွဲ့လွန်သင်တန်းတွေမှာ ဘာသာရပ်တစ်ခုကို credit ၂ ခု ပေးပြီး၊ credit ၂ ခုအတွက် တစ်ချိန် မိနစ် (၉၀) ကြာ အတန်း (၁၅) တန်း တက်ရပါတယ်။ Intensive Course တွေဆိုရင်လည်း သုံး၊လေး ရက်ဆက်တိုက်မှာ မိနစ်(၉၀) x (၁၅) ချိန် ပြည့်အောင် သင်ပါတယ်။ အတော်ပင်ပန်းတယ်လို့ ပြောရမှာပါပဲ။ ပါမောက္ခတစ်ယောက်ကတော့ အမေရိကန်မှာ တစ်ချိန်ကို မိနစ် (၆၀) သာ သင်လေ့ရှိကြောင်း နဲ့ ဂျပန်မှာ တစ်ချိန်ကို မိနစ် (၉၀) သင်တာ လွန်ကြောင်း၊ ကျောင်းသားများ မိနစ် (၉၀) လုံး အာရုံစိုက်နိုင်စွမ်း မရှိကြောင်း ပြောပြပါတယ်။

Grading နဲ့ပတ်သက်လို့ ကျွန်တော်ယူတဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဌာနက အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နဲ့ ဆက်စပ်ပြီး အသေးစိတ်ရှင်းပြရရင်၊ Grade ကို A=80 or more, B=79-70,C=69-60, F=below 60 လို့ သတ်မှတ်ပါတယ်။

နောက် Grading Policy က Attendance တစ်ချိန်အတွက် ၂ မှတ်၊ အကြောင်းအရာ (topic) (၁၁) ခုအတွက် စာတမ်းငယ် (နှစ်မျက်နှာခန့်) ၁၁ ခု အပတ်စဉ် တင်ရပြီး၊ တစ်ခုအတွက် ၅ မှတ်၊ စာတမ်း ကောင်းရင် ထူးချွန်မှတ် ၂ မှတ် ပိုရပြီး၊ ညံ့ရင် သို့မဟုတ် Plagiarism တွေ့ရင် ၂ မှတ် အနှုတ်ခံရပါတယ်။ (အဲဒီဘာသာတက်တုန်းက အထူးပိတ်ရက်များကြောင့် ၁၅ ချိန်အစား ၁၃ ချိန် တက်ရပြီး၊ Intro အချိန်မပါ၊ ၁၂ ချိန်အတွက် အတန်းမှန်မှန်တက်ရင် တစ်ချိန် ၂ မှတ်နဲ့ (၂၄) မှတ်၊ အဆင့်မီ စာတမ်း (၁၁) ခုအတွက် တစ်ခု ၅ မှတ် နဲ့ (၅၅) မှတ်၊ စုစုပေါင်း (၇၉) မှတ်နဲ့ (B) ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အတန်းမှန်မှန်တက်၊ Paper (၁၁) ခုတင်၊ အနည်းဆုံး Paper (၁) ခုမှာ ထူးချွန်မှတ် ရပါမှ (A) ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Paper ကို အပတ်စဉ် နောက်တစ်တန်း မစခင်မှာ တင်ရပါတယ်။ နောက်ကျရင် အမှတ်လျော့ပါတယ်။

ကျွန်တော့်အတွေ့အကြုံပြောရရင် တစ်ရက်တော့ ကျွန်တော် စာတွေများတာကြောင့် Paper အချိန်မီ မတင်နိုင်ဘူး ဖြစ်သွားပါတယ်။ နေ့လည် (၁) နာရီ တင်ရမယ့် စာကို အဲဒီနေ့ည (၉) နာရီလောက်မှ တင်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော် (၂) မှတ်လျော့ခံရတယ်လို့ သိရပါတယ်။ ကျွန်တော့်မှာ အတန်းပုံမှန်တက်၊ Paper အကုန်တင်ရဲ့သားနဲ့ (Paper တစ်ခု နောက်ကျတာကြောင့်) အလိုလိုကို (၇၇) မှတ် ဖြစ်သွားပါတယ်။ ဒါကြောင့် (A) လိုချင်လို့ ကျန်တဲ့ Paper များမှာ ထူးချွန်အမှတ်ရအောင် အတော်ကို ကြိုးစားရပါတယ်။ အခု Grade သိရတော့ အဲဒီဘာသာမှာ (A) ရလို့ အတော်ကို ပျော်ပါတယ်။

ပြီးခဲ့တဲ့ First Term (Spring Term) ပတ်သက်ပြီး ပြန်သုံးသပ်ရရင် တွေးစရာတွေ အများကြီးပါပဲ။ တစ်အချက်က တက်ခဲ့တဲ့အတန်း တွေမှာ ခက်ခဲပင်ပန်းတဲ့ အတန်းတွေ ပါသလို သာမန်လောက်ပဲ ကြိုးစားအားထုတ်ရတဲ့ အတန်းတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့အတန်းဆို ခက်လွန်းလို့ အတော်ကို စိတ်ဓါတ်မကျအောင် ကြိုးစားခဲ့ရပါတယ်။ နောက်တစ်ခုက ဇွဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခက်လွန်းလို့ ဒီဘာသာကို ဖြုတ်လိုက်တော့မယ်လို့ အခါခါစဉ်းစားပြီး အားတင်းဆက်တက်ခဲ့လို့ နောက်ပိုင်း ထင်သလောက် မခက်တော့တာ၊ ကိုယ် အများကြီး improve ဖြစ်လာတာ စသဖြင့်ပေါ့ဗျာ။

နှစ်အချက်က Grading နဲ့ပတ်သက်လို့တော့ ဂျပန်နိုင်ငံရဲ့ အချို့သော ပါမောက္ခများရဲ့ အကဲဖြတ်ချက်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်ဘ၀င်မကျပါဘူး။ အချို့သောဘာသာရပ်များမှာ၊ အချို့သော ပါမောက္ခများက စည်းကမ်းတိကျ တင်းကျပ်ပေမယ့် အချို့က flexible ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာသာရပ်တစ်ခု၊ နှစ်ခုမှာ အားလုံးနီးပါး (A) ရကြတယ်လို့ ထင်ပါတယ်။ ကိုယ်အပါအ၀င် အားလုံး (A) လိုချင်တာ မှန်ပေမယ့်၊ တစ်ဦးချင်းစီရဲ့ အားထုတ်မှုချင်း မတူတာ၊ အတန်းထဲမှာတင် ကိုယ့်အချင်းချင်း သိကြ၊ အတိုင်းအတာ တစ်ခုအထိ အကဲဖြတ်နိုင်တာမို့ အားလုံးသာ (A) ရကြရင် တကယ်ကြိုးစားသူအတွက် နစ်နာပါတယ်။ သိပ်မကြိုးစားသူကလည်း ငါပေါ့ပေါ့လုပ်လည်း အဆင့်ကောင်းမှာပဲလို့ မှတ်ယူသွားရင်၊ တစ်ဦးချင်းစီသာမကာ ရေရှည် ဂျပန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းပါ ကျဆင်းသွားနိုင်တယ်လို့ ယူဆပါတယ်။

ဘာပဲဖြစ်ဖြစ်၊ Grade A, B ဆိုတာ အကဲဖြတ် သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပြီး၊ ဘာသာရပ်တစ်ခု အပေါ်မှာ ကိုယ်ဘယ်လောက် တတ်ကျွမ်းသွားသလဲ၊ တစ်ကယ်ပဲ မှတ်ကျောက်တင်ခံနိုင်ပြီလား ဆိုတာက A, B ထက် ပိုပြီး တန်ဖိုးရှိမယ်လို့ ထင်ပါတယ်ဗျာ။


ကဲ နောက်ပိုစ့်များမှာမှပဲ ဂျပန်နိုင်ငံက ခက်တဲ့ဘာသာ၊ လွယ်တဲ့ဘာသာ သင်ပုံသင်နည်း ဆက်စဉ်းစားကြတာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ အခုသိရတဲ့ ဘာသာအချို့ အဆင့်ကောင်းခဲ့တာကြောင့် နောက်ထပ်ယူမယ့် ဘာသာတွေအတွက် ပိုကြိုးစားစေဖို့ motivation ရတာတော့ အမှန်ပါပဲ။

(ဖြည့်စွက်ချက်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု အတော်များများ ရခဲ့ပါတယ်။ ဖတ်ရှုသူအချို့က ကျွန်တော့်ကို ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးတယ်လို့ ထင်မှတ်မှားကြတယ် ထင်ပါရဲ့။ အမည်မဖော်ဘဲ လာလာ မေတ္တာပို့ကြလို့ C-Box ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပို့စ်ကို ဖျက်ပစ်ရင် ကောင်းမလားလို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့ပါတယ်။ ဒါပေမယ့် သေသေချာချာ ဖတ်မိကြမယ်ဆိုရင်တော့၊ ကျွန်တော့်ရဲ့ ဆိုလိုရင်း နဲ့ ကိုယ်ပိုင် ထင်မြင်ချက်ကို နားလည်သဘောပေါက်မယ် ထင်လို့ ဒီပို့စ်ကို မဖျက်တော့ပါ။ ဒါပေမယ့် နောက်နောင် ပို့စ်များ ရေးသားရာမှာ ဆင်ခြင်ဖို့ သင်ခန်းစာတစ်ခုတော့ ထပ်ရခဲ့ပါတယ်။)

Saturday, September 12, 2009

ရှင်ကျန်း (Xinjiang) ဒေသ ပဋိပက္ခ

ကျွန်တော်တို့တွေ တရုတ်နိုင်ငံ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ အကြောင်းကို စဉ်းစားရင် တိဘက်နဲ့ ဘုန်းတော်ကြီး Dalai Lama ကိုတော့ သွားမြင်ကြမယ် ထင်ပါတယ်။

ဒါပေမယ့် လူသိနည်းနေပြီး အခုတစ်လော မကြာခဏ ပြဿနာတက်နေတဲ့၊ သတိထားစောင့်ကြည့်သင့်တဲ့ အခြားပြဿနာတစ်ခု တရုတ်နိုင်ငံမှာ ရှိနေပါသေးတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၊ ရှင်ကျန်း (Xinjiang) ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဟန်တရုတ် (Han Chinese) လူမျိုးစု နဲ့ မူဆလင် ၀ီဂါ (Uighurs) လူမျိုးစု အကြားက ပြဿနာပါပဲ။

ရှင်ကျန်းဒေသ

ရှင်ကျန်းဒေသနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင် ၄င်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ပြောပေမယ့်လည်း၊ တကယ့်လက်တွေ့ မှာ ဘေကျင်းက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပါတယ်။ ဒီဒေသဟာ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဓိကအကြောင်းရင်းတွေကတော့ အိမ်နီးချင်းနိုင်ငံများရဲ့ မဟာဗျူဟာကျတဲ့ နေရာမှာရှိတာရယ်၊ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော ရေနံနဲ့သဘာဝဓါတ်ငွေ့သိုက် တည်ရှိရာနေရာ ဖြစ်တာရယ်ကြောင့်လို့ ဆိုပါတယ်။ နောက်တစ်ချက်က တရုတ်အစိုးရဟာ ရှင်ကျန်းဒေသကို ၄င်းတို့ရဲ့ နျူကလီးယားလက်နက် စမ်းသပ်ရာ အဓိကနေရာအဖြစ်လည်း ရွေးချယ်ထားပါတယ်။

ဝီဂါ (Uighurs)

ဝီဂါလူမျိုးစုတွေဟာ လူမျိုးစုအရကော၊ ယဉ်ကျေးမှုအရပါ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ တူရကီနွယ်ဖွား (Turkic people) တွေပါ။ ၄င်းတို့တွေဟာ ယခုနှစ်များအတွင်း တရုတ်နိုင်ငံကနေ ခွဲထွက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း စွပ်စွဲခြင်း ခံနေရသူများလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကတော့ ၀ီဂါခွဲထွက်ရေးသမားတွေဟာ al-Qaeda အဖွဲ့နဲ့အဆက်အသွယ်ရှိတဲ့ အကြမ်းဖက်သူတွေ (terrorists) လို့ အစဉ်တစိုက် ၀ါဒဖြန့်နေပါတယ်။ ဒါပေမယ့် ဒီပြောဆိုချက်တွေ အပေါ်မှာ သက်သေအခိုင်အမာတော့ မပြနိုင်ဘူး ဖြစ်နေပါတယ်။

ဒါပေမယ့် ရှင်ကျန်းဒေသဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု နဲ့ ထောက်ခံမှုကို တိဘက်ဒေသလောက် မရပါဘူး။ ဘာကြောင့်လည်းဆိုတာ စဉ်းစားကြည့်ရင် စိတ်ဝင်စားစရာ အချက်လေးတွေ သွားတွေ့ရပါတယ်။

သုံးသပ်သူများရဲ့ အဆိုအရ၊ ၀ီဂါလူမျိုးစုတွေမှာ တိဘက်လို ထင်ရှားတဲ့ခေါင်းဆောင် (charismatic leader) မရှိတာရယ်၊ နောက်တစ်ခုကတော့ တရုတ်အစိုးရရဲ့ အကြမ်းဖက်သူတွေလို့ တစိုက်မတ်မတ် ၀ါဒဖြန့်ချီမှုကြောင့်ရယ်လို့ကြောင့် ဆိုပါတယ်။

တူရကီ၊ အင်ဒိုနီးရှား အပါအ၀င် မူဆလင်နိုင်ငံအချို့ နဲ့ မူဆလင်အဖွဲ့အစည်း အချို့ကလွဲရင် ကမ္ဘာမှာ ဒီကိစ္စကို သိပ်ပြီး ကျယ်ကျယ်လောင်လောင် မပြောကြပါဘူး။ အမေရိကန်၊ ဥရောပသမဂ္ဂ တို့လည်း ငြိမ်နေကြပါတယ်။ ဥရောပသမဂ္ဂကဆိုရင် ရှင်ကျန်းဒေသ အရေးဟာ တရုတ်နိုင်ငံအရေးဖြစ်လို့ ၄င်းတို့ ၀င်ရောက် မစွက်ဖက်လိုကြောင်း ပြောပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာရေးရာမှာ စီးပွားရေးအပါအ၀င် အင်အားကြီးလာတဲ့ အခြေအနေကို ပြတယ်လို့ သုံးသပ်နိုင်ပါတယ်။

နောက်တစ်ချက်က စီးပွားရေးကျဆင်းလာတဲ့ အင်အားကြီးနိုင်ငံတွေ နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တရုတ်ကို သူတို့ရဲ့ အရေးပါတဲ့ မိတ်ဖက်နိုင်ငံလို့ ရှုမြင်ပြီး၊ အရာရာတိုင်းမှာ စိတ်အနှောက်အယှက် မပေးချင်ဘူးလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ၀ီဂါမူဆလင်တွေဟာ တရုတ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုများစွာ အောက်မှာ ရှင်သန်လှုပ်ရှားနေရတာပါ။ သူ့တို့ နိုင်ငံခြားခရီးသွားလာခွင့်၊ ဘာသာစကား သင်ကြားခွင့်တွေမှာလည်း ကန့်သတ်ခံနေရပါတယ်။

ဟန်တရုတ် လူမျိုးစုတွေ (တိဘက်ဒေသမှာလိုပဲ) ထိုးဖောက်နေရာယူလာတာမို့ သူတို့ရဲ့ ယဉ်ကျေးမှုကိုလည်း ချိန်းခြောက်မှု ခံနေရတယ်လို့လည်း ဆိုပါတယ်။ ဟန်တရုတ်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အလုပ်အကိုင် နေရာကောင်းတွေမှာ လွှမ်းမိုးချုပ်ကိုင်ထားတာတွေကြောင့် မညီမျှမှုတွေကို ခါးသီးစွာ ခံနေရတာကိုလည်း လေ့လာသိနိုင်ပါတယ်။

အဲဒီတော့ ရှေ့ဆက် ဘာဖြစ်လာနိုင်သလဲ...။

တရုတ်အာဏာပိုင်များ အနေနဲ့ကတော့ ရှင်ကျန်းဒေသရဲ့ မဟာဗျူဟာကျပြီး၊ အရေးပါတဲ့ အနေအထားများကြောင့် မူဆလင်ဝီဂါတွေရဲ့ ခွဲထွက်ရေးလုပ်ဆောင်မှုတွေ၊ အကြမ်းဖက်လုပ်ဆောင်မှု တွေကို သည်းခံမှာ မဟုတ်ဘဲ၊ ဒေသတွင်း တည်ငြိမ်မှုရအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်သွားမှာပါပဲ။

နိုင်ငံတကာရဲ့ ထိရောက်တဲ့ စစ်ရေးအပါအ၀င် ၀င်ရောက်စွက်ဖက်မှုများ (intervention) ကိုတော့ တွေ့နိုင်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ ထင်ပါတယ်။ ဆက်လက်ပြီး ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ ၀ီဂါတွေအပေါ် ဟန်တရုတ်တွေနဲ့တန်းတူ သာတူညီမျှ စီးပွားရေးအခွင့်အလမ်းတွေ၊ လွပ်လပ်မှုတွေ ပေးသွားမှာလား ဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

မှတ်ချက်။ (ရှင်ကျန်း၊ ၀ီဂါ စတဲ့ မြန်မာစာလုံးပေါင်းကို သတင်းနားထောင်ပြီး သတင်းကြေငြာသူတွေရဲ့ အသံထွက်အတိုင်း ရေးထားတာဖြစ်လို့ ကွဲလွဲမှုများ ဖြစ်နိုင်ပါတယ်။ အသံထွက်အမှန်အတွက် နိုင်ငံတကာသတင်းများနဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။)

(ဒီပို့စ်ရေးရာမှာ Aljazeera.net “China dismisses Xinjiang officials” September 5th, 2009၊ Aljazeera.net “Q&A; China’s restive Uighurs by Joe Havely” July 9th, 2009 နဲ့ Time “Spotlight: China’s Ethnic Riots” July 20th, 2009 တို့ကိုလည်း ကိုးကားပါတယ်။)

ပညာရေး တွေးဆစရာ

ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးကို မကြာခဏဆိုသလို ပြန်လည်စဉ်းစားမိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်မီ ပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့၊ ဖြစ်ချင်နေတာကိုး။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါလို့ ဦးလေးတစ်ယောက်က ပရော်ဖက်ဆာကြီးလို့ ခေါ်ရင်လည်း သဘောကျမိတာပါပဲ။

ဒါပေမယ့် ပညာရေးမှာ အချို့သော သူငယ်ချင်းများလို ကံသိပ်မကောင်းခဲ့ပါဘူး။ ခေတ်၊ စနစ်တွေကို အပြစ်တင်ပြီး မကြိုးစားရင် ကိုယ်ပဲနောက်ကျကျန်ခဲ့မှာမို့၊ ဒါတွေကို ချဲ့ထွင် မပြောချင်ပေမယ့်၊ အဆင့်အတန်းမီ ပညာရေးစနစ် နယ်ပယ်မှာ ကျင်လည်ချင်တာကတော့ အမှန်ပါပဲ။

ဒါပေမယ့်လည်း အမှန်တကယ် ပြောရရင် ဘ၀မှာ ကြိုးစားချင်စိတ် ပေါ်လာပြီး၊ အတိုင်းအတာ တစ်ခုအထိ ကြိုးစားခဲ့တာ (၁၀) တန်းအောင်ပြီး လောက်မှပါ။ (၁၀) တန်းအောင်ပြီးမှ ဘ၀ နဲ့ ပညာရေးကို ပိုတန်ဖိုးထားတတ်လာတယ် ဆိုပါတော့။

ကျွန်တော် ၁၉၉၆ မှာ (၁၀) တန်းအောင်တော့လည်း သာမန်အဆင့်လောက်နဲ့ပါပဲ။ ရှားရှားပါးပါး မြန်မာစာဂုဏ်ထူး ထွက်ပါတယ်။ သိပ္ပံဘာသာတွဲကို (၇၂) မှတ်နဲ့ ဂုဏ်ထူး ကပ်ပြုတ်ပါတယ်။ ကျန်တဲ့ဘာသာတွေကတော့ သာမန်အမှတ်လောက်ပါပဲ။

(၁၀) တန်းအောင်ပြီး ၁၉၉၇ ခုနှစ်ဝန်းကျင် သူငယ်ချင်းအများစု နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့ အသီးသီး မြန်မာပြည်က ထွက်သွားကြတော့၊ ကိုယ့်ဘ၀အတွက် စပြီးတော့ အလေးအနက် တွေးမိလာပါတယ်။ ဘ၀ရှေ့ရေးအတွက် ဘာလုပ်မလဲ၊ ဘာဖြစ်ချင်သလဲပေါ့။

ကျွန်တော့်သူငယ်ချင်း အများစုက ငွေကြေးချမ်းသာ ပြည့်စုံကြတယ်။ သူတို့ လုပ်ချင်တာ လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော့်မှာ သူတို့လောက် အခြေအနေ၊ အခွင့်အရေး မပေးပါဘူး။ မိဘများကို အတင်းအကျပ် ပြောရင်တော့ စင်ကာပူ၊ ပေါ်လီ လောက်တော့ ဖြစ်သွားနိုင်ပေမယ့် ကိုယ့်ကြောင့် မိဘ၊ မောင်နှစ်မများကိုလည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် အတင်းအကျပ် တောင်းဆိုမှုမျိုးတွေလည်း မလုပ်ခဲ့ပါဘူး။

ဒါကြောင့် အဲ့ဒီအချိန်က ကိုယ်ဝါသနာပါရာ လုပ်ငန်းခွင်ထဲကို ၀င်ရောက်ဖို့သာ သင့်တော်သော ဆုံးဖြစ်ချက်ဖြစ်လာပြီး၊ ထိုက်သင့်သော ကြိုးစားအားထုတ်မှုများနဲ့ အသက်(၁၉) နှစ် အရွယ်မှာ အချိန်ပြည့် လုပ်ငန်းခွင်ထဲ စတင်ရောက်ရှိခဲ့တယ် ဆိုပါတော့။ ဒီတော့ အကျိုးဆက်က ပညာရေးနဲ့ပတ်သက်ရင် ရွေးချယ်ပိုင်ခွင့်က အတိုင်းအတာ တစ်ခုအထိ limited ဖြစ်သွားပါတယ်။

ကိုယ်တက်ချင်တဲ့ ဘာသာက နိုင်ငံတကာဆက်ဆံရေးလိုမျိုး၊ ဒီဘာသာက အဝေးသင်မှာ မရှိ။ ဒီလိုနဲ့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆရပြီး၊ အဖေတိုက်တွန်းတဲ့ ဥပဒေကို ယူဖြစ်သွားပါတယ်။ ဒါကျွန်တော့်ဘ၀ နဲ့ ဥပဒေ စတင်ပတ်သက်မှုပေါ့။

(၅) နှစ်တာ သင်ယူရတဲ့ ဥပဒေ (အဝေးသင်) ကျောင်းသားဘ၀မှာလည်း အလုပ်တစ်ဖက်ကြောင့် ဘွဲ့သာရတယ် စာကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ နှစ်စဉ်နှစ်တိုင်း အနီးကပ်တက်၊ စာမေးပွဲအောင်ဖို့ အနီးကပ်ကျူရှင်တက်၊ စာမှန်မှန်ကျက်ပြီး ဘွဲ့တော့ ရသွားပါတယ်။ တစ်ကယ်တတ်သလားမေးရင် ယခုအချိန်အထိ မတတ်ဘူးလို့သာ ၀န်ခံရမှာပါ။

အဲ အဝေးသင် ငါးနှစ်တက်တုန်း၊ သူများထက် အနည်းငယ် ပိုအားထုတ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တာကတော့ သူများတွေလို အလွယ်လမ်းမလိုက်ဘဲ စာကို တကယ့်ကို ကျက်မှတ်ခဲ့ပါတယ်။ (နောက်ဆုံးနှစ်နဲ့ ပတ်သက်လို့တော့ ပြောစရာတွေရှိလို့ နောက်မှ သီးခြားပြောပြာတာပေါ့။)

ဥပဒေ (အဝေးသင်) မှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့၊ ဂုဏ်ထူးရဖို့ အခြားသော ဘာသာရပ်များနဲ့စာရင် အတော့်ကို ခဲယဉ်းပါတယ်။ ကျွန်တော်မှတ်မိသလောက် နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးထွက်ကျောင်းသား (၁၀) ယောက်ထက် မပိုဘူးလို့ ထင်ပါတယ်။ ဂုဏ်ထူးလိုချင်ရင် အလွတ်ကျက်စာများသာမက မိမိရဲ့ထင်မြင်သုံးသပ်ချက်များ ကို အတိုင်းအတာတစ်ခုထိ ဆီလျော်အောင် ရေးသားပါမှ ရပါတယ်။

ဒီလိုနဲ့ ကျွန်တော်အမြဲတမ်း ပြောလေ့ရှိသလို ကျွန်တော့်ရဲ့ဘ၀မှာ အခြားသော သူငယ်ချင်းများနဲ့ယှဉ်ရင် တက္ကသိုလ်ကျောင်းသား ဘ၀ ပီပီပြင်ပြင် မခံစားခဲ့ရပါဘူး။ အမြဲတမ်း လိုချင်ခဲ့တဲ့ University Life မရှိခဲ့ဘူးလို့ ဆိုရမှာပေါ့။

လုပ်ငန်းခွင်ထဲမှာ အချိန်ပြည့် (၁၀) နှစ်ခန့် လှုပ်ရှားရုန်းကန်အပြီး၊ အသက် (၂၉) နှစ်အရွယ်ရောက်တော့ မှ ကျွန်တော်ပညာရေးဘက် ခြေဦးပြန်လှည့်ခဲ့မိပါတယ်။ ဂျပန်နိုင်ငံမှာ မဟာဘွဲ့ ဆက်တက်ဖြစ်တယ်၊ ဆက်တက်နေတယ် ဆိုပါတော့။

တကယ်သွားချင်တာက ကမ္ဘာကျော် အမေရိကန် တက္ကသိုလ်များပေါ့။ နောက်ဆုံး အခြေအနေ အမျိုးမျိုးကြောင့် ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ကျွန်တော်လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို ရပြီပေါ့။ အရွယ်လွန်မှ ရတယ်လို့ ဆိုရင်လည်း မမှားဘူးလို့ ပြောရမှာပါပဲ။

အဲဒီတော့ ရွေးချယ်ခဲ့တဲ့ ဂျပန်နိုင်ငံက ဘွဲ့လွန်ပညာရေးနဲ့ပတ်သက်ပြီး ကောင်းတာ၊ ဆိုးတာတွေ ကိုယ့်အတွေ့အကြုံအရ ချိန်ဆတွေးနေမိတာတွေ အများကြီးပါပဲ။ နောက်ပို့စ်များမှာ ဆက်လက်ဆွေးနွေးကြတာပေါ့ဗျာ။

Thursday, September 10, 2009

Lockerbie Case (၁)

မကြာသေးမီက အပြည်ပြည်ဆိုင်ရာဥပဒေ အခြေခံသိသင့်တာတွေကို စတင်လေ့လာတော့ Lockerbie Case ကို သတိထားမိလာပါတယ်။ ကမ္ဘာ့ဥပဒေရေးရာမှာ နာမည်ကြီးတဲ့ အဖြစ်အပျက်ဖြစ်လို့ နောက်အသေးစိတ် လေ့လာမယ်လို့ စိတ်ကူးနေတုန်း ယခုနှစ် သြဂုတ် နဲ့ စက်တင်ဘာလများမှာ ဒီကိစ္စရပ်ဟာ ကမ္ဘာကျော် ပြန်ဖြစ်လာပါတယ်။ ကဲ Lockerbie Case ရဲ့ ဖြစ်စဉ်သမိုင်းကို လေ့လာကြည့်ရအောင်...

ဒီဖြစ်ရပ်ကို ဗြိတိသျှသမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးသော အကြမ်းဖက်မှု (the worst terrorist atrocity) လို့လည်း ဆိုကြပါတယ်။ (Economist, “A long shadow” Aug 20th 2009.)

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းမယ့် PanAm လေယာဉ် အမှတ် (၁၀၃)၊ စကော့တလန်နိုင်ငံ Lockerbie မြိုပေါ်မှာ ဗုံးခွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီလေယာဉ် ဗုံးခွဲမှုကြောင့် လူပေါင်း (၂၇၀) ခန့်သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ တရားခံကတော့ လစ်ဗျားနိုင်ငံက ထောက်လှမ်းရေးအရာရှိ Mr. Abdelbaset al-Megrahi လို့ ဆိုပါတယ်။

Mr. Megrahi ကို စကော့တလန်ဥပဒေအရ နယ်သာလန်နိုင်ငံ မှာ ၂၀၀၀-၂၀၀၁ အတွင်း စစ်ဆေးခဲ့ပြီး၊ ထောင်ဒဏ် တစ်သက် (အများဆုံး ၂၇ နှစ်) ချမှတ်ခဲ့ပါတယ်။ သူဟာ ထောင်ဒဏ် (၈) နှစ်ခန့်ကျခံပြီးနောက် စကော့တလန်တရားရုံးက ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ လူသားချင်း စာနာမှုအရ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ကျွန်တော်စိတ်ဝင်စားသွားတဲ့ အချက်တစ်ချက်က သူ့ကို လစ်ဗျားနိုင်ငံက ကြိုဆိုပုံပါပဲ။ နိုင်ငံတကာသတင်းများ အရ ပြောရရင် Hero's welcome နဲ့ကြိုဆိုတယ်ပေါ့ဗျာ။ သူ့ကို ဘာကြောင့်လွှတ်သလဲ၊ ဘာကြောင့် ဒီလိုကြိုဆိုသလဲ မေးခွန်းတွေ၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါတယ်။

ပထမဆုံး စဉ်းစားစရာ အချက်က လစ်ဗျားနိုင်ငံနဲ့ ပတ်သက်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ခေါင်းဆောင်ဟာ Colonel Gaddafi ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ် သွေးထွက်သံယိုမှု မရှိတဲ့ အာဏာသိမ်းပွဲကနေ အာဏာ ရယူပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။ (နှစ် ၄၀ ကျော်ခဲ့ပါပြီ။) အာရပ်ကမ္ဘာရဲ့ သက်တမ်းအကြာဆုံးသော ခေါင်းဆောင်လို့လည်းဆိုကြပါတယ်။

Col. Gaddafi နဲ့ဆက်စပ်စဉ်းစားရရင် လစ်ဗျားနိုင်ငံမှာ သူမသိဘဲ၊ သူ့အမိန့်မရဘဲ ဘာမှ မဖြစ်ဘူး၊ လုပ်လို့မရဘူးလို့ဆိုကြပါတယ်။ ဒီတော့ ဒီဗုံးခွဲမှုမှာ လစ်ဗျားနိုင်ငံ ထောက်လှမ်းရေးအရာရှိ လုပ်ခဲ့တယ်လို့ဆိုရင် ဒီလူဟာ တကယ့်တရားခံလား ဒါမှမဟုတ် Col. Gaddafi ခိုင်းလို့ လုပ်ရတာတဲ့ ဓါးစာခံ (scapegoat) လား ဆိုတာ စဉ်းစားစရာပါပဲ။

နောက်တစ်ချက်က ဗြိတိသျှအစိုးရနဲ့သက်ဆိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြစ်မှုကြီး ကျူးလွန်သူကို လွယ်လွယ် နဲ့လွတ်ပေးဖို့ ဆုံးဖြတ်သလဲ ဆိုတာကိုပါ။ ဆရာဝန်တွေအဆိုရ Mr. Megrahi ဟာ ကင်ဆာရောဂါကြောင့် (၃) လအတွင်း သေဆုံးမယ်လို့ သိရပါတယ်။

နောက်ပိုင်းသတင်းများအရတော့ လစ်ဗျားနိုင်ငံရဲ့ သံဃံဇာတ (အဓိက ကတော့ ရေနံ) တွေအပေါ် ဗြိတိသျှအစိုးရက အကျိုးအမြတ် ရယူလိုတဲ့ ကိစ္စနဲ့ဆက်နွယ်တယ်လို့ ဆိုကြပါတယ်။ ကျွန်တော် လည်းပဲ ဒီအချက်ကို ဖြစ်နိုင်ချေရှိတယ်လို့ထင်ပါတယ်။ သေတော့မယ့် လူတစ်ယောက် နဲ့ နိုင်ငံအကျိုးစီးပွား (national interests) ချိန်ဆတဲ့သဘောပေါ့။

လစ်ဗျားနိုင်ငံဟာ ရေနံ၊ စွမ်းအင်စတဲ့ သံဃံဇာတတွေ ပေါများပြီး၊ Time Magazine အဆိုအရ ကမ္ဘာပေါ်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ အများဆုံးပိုင်ဆိုင်တဲ့ (၁၀) နိုင်ငံမြောက် နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။ (Time, “Was Oil Part of a Deal for the Lockerbie Bomber?” Aug 22nd 2009.)

ဘာပဲဖြစ်ဖြစ် ဒီသေတော့မယ့် တရားခံကို လွတ်ပေးလိုက်ခြင်းအားဖြင့်၊ လစ်ဗျားနဲ့ ဗြိတိန်တို့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းလာပြီး၊ ဗြိတိန်နိုင်ငံတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုပွင့်လာစေမှာတော့ အမှန်ပဲလို့ သုံးသပ်ရပါတယ်။

နောက်တစ်ချက်က တရားခံကို လွှတ်ပေးကြောင်း သတင်းများရေးရာမှာ ဗြိတိန်အစိုးရက လွှတ်ပေးတယ်လို့ မဖော်ပြဘဲ၊ စကော့တလန်တရားရုံး၊ စကော့တလန်အာဏာပိုင်များက လွှတ်ပေးတယ်လို့ ဖော်ပြတဲ့အချက်ပါပဲ။ ကျွန်တော်အနေ့နဲ့ ဗဟုသုတအားနည်းတော့ စကော့တလန်က လွှတ်လွှတ်၊ ဘယ်ကလွှတ်လွှတ်၊ ဗြိတိန်အစိုးရ က လွှတ်တယ်လို့ နားလည်ထားလို့ပါ။

အကြောင်းတိုက်ဆိုင်လို့ အတန်းအတူတက် ဗြိတိသျှသူငယ်ချင်းကို မေးကြည့်တော့မှ အင်္ဂလန်ဆိုပေမယ့် စကော့တလန်မှာ သူ့ရဲ့ကိုယ်ပိုင်တရားစီရေး ရှိကြောင်း၊ စကော့တလန် အာဏာပိုင်များအနေနဲ့ သူတို့ရဲ့နယ်ပယ်မှာ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိကြောင်း စသဖြင့် သိလာရပါ တယ်။ (ဥပမာ - ရသုံးမှန်းခြေငွေစာရင်း (Budget) နဲ့ပတ်သက်လို့ ဗြိတိန်အစိုးရက စကော့တလန် အတွက် ခွဲဝေပေးတယ် ဆိုနိုင်သော်လည်း၊ စကော့တလန်နယ်အတွင်း ၄င်းတို့ (Budget) ကို ၄င်းတို့စိတ်ကြိုက်ခွဲဝေ အသုံးပြုနိုင်ကြောင်း သိရပါတယ်။)

ဒါပေမယ့်လည်း ဒီလိုကြီးကျယ်တဲ့အမှုမျိုးမှာ အနည်းဆုံး ဗြိတိန်အစိုးရရဲ့ သဘောထား မပါဘဲ၊ အသိမပေးဘဲ မလုပ်ဘူးဆိုတာကတော့ တွေးဆကြည့်နိုင်ပါတယ်။ ကနဦးမှာတော့ ဗြိတိန် အစိုးရက ယခုဆုံးဖြစ်ချက်ကို ၄င်းတို့ ဆုံးဖြတ်တာ မဟုတ်ကြောင်း၊ စကော့တလန်အာဏာပိုင်များက ၄င်းတို့ သဘောဆန္ဒအရသာ ဆောင်ရွက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒီကိစ္စက ယခုတိုင် အငြင်းပွားဆဲပါ။

ထပ်ပြီး စဉ်းစားတွေးကြည့်ရမှာကတော့ အခုလိုလွှတ်ပေးလိုက်ခြင်းဟာ ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ ၄င်းရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ် ဆိုတဲ့အချက်ပါပဲ။

ဥပမာ - အမေရိကန်နိုင်ငံ အနေနဲ့ ဒီဖြစ်စဉ် ဟာ စက်တင်ဘာ (၁၁) ရက် (နယူးယောက်မြို့၊ Twin Tower ဗုံးခွဲခံရတဲ့ ဖြစ်စဉ်) မဖြစ်ပေါ်စဉ်အထိ အမေရိကန်ပြည်သူလူထုအပေါ်မှာ အဆိုးဝါးဆုံး အကြမ်းဖက်ခံရမှုလို့ သတ်မှတ်ပါတယ်။ အမေရိကန်နိုင်ငံသား (၁၈၉) ဦး သေဆုံးခဲ့ရလို့ပါပဲ။ (ယခုအချိန်မှာတော့ လစ်ဗျားဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်နေပါပြီ။ ဒါပေမယ့် ယခုလို ဗြိတိန်က တရားခံကို လွှတ်ပေးခြင်းကိုတော့ အမေရိကန်အစိုးရက အပြင်းအထန် ရှုတ်ချနေတုန်းပါပဲ။)

နောက် Lockerbie Case မှာ ထူးခြားပြီး သတိပြုသင့်တဲ့ အချက်တွေ များစွာရှိပါတယ်။

ဒီအမှုကို အမှုဖြစ်ပွားရာ နိုင်ငံမှာ မစစ်ဆေးဘဲ၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးမှာ ခေါင်းဆောင်မှုနေရာကြောင့် ထင်ရှားတဲ့ နယ်သာလန်နိုင်ငံမှာ စကော့တလန်ဥပဒေနဲ့ စစ်ဆေးခဲ့တာ၊ ဒီအမှု စစ်ဆေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတို့က ရံပုံငွေတွေ ထောက်ပံ့ခဲ့တာ၊ ဒီအမှု စစ်ဆေးဖြစ်စေဖို့ ထိုစဉ်က အမေရိကန်သမ္မတ Bill Clinton နဲ့ သူရဲ့နိုင်ငံခြားရေးဝန်ကြီး Madeleine Albright၊ တောင်အာဖရိက သမ္မတ Nelson Mandela တို့Colonel Gaddafi နဲ့ သံတမန်ရေးအရ ကြိုးစားခဲ့ရတာ စတဲ့အချက်တွေကြောင့် အပြည်ပြည် ဆိုင်ရာတရားစီရင်ရေးနဲ့ သံတမန်ရေးရာမှာ ထင်ရှားတဲ့ ဖြစ်စဉ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့ ဒီဖြစ်စဉ်ရဲ့ တိုးတက်မှုဟာ စိတ်ဝင်စားစရာကောင်းပြီး၊ ဆက်လက်စောင့်ကြည့် နေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အခုလိုလွှတ်ပေးလိုက်တာဟာ စကော့တလန်အစိုးရ ပြောသလို တကယ့်ကို လူသားချင်းစာနာလို့ပဲလား၊ ဒါမှမဟုတ် ဗြိတိန်အစိုးရရဲ့ စီးပွားရေး အကျိုးအမြတ် အတွက်လား ဆိုတာ အချိန်ကပြောလိမ့်မယ် (the time will tell the truth) လို့ယူဆပါတယ်။

သူငယ်ချင်းတို့လည်း စောင့်ကြည့်ကြပေါ့။